Linkin Park ဦးဆောင်အဆိုတော် Chester Bennington ကွယ်လွန်

၂၀၁၅ ခုနှစ် မေလ ၁၆ ရက်နေ့ ဂီတဖျော်ဖြေပွဲတခုတွင် တွေ့ရသည့် Chester Bennington.

မြန်မာလူငယ်ပရိတ်သတ်တော်တော်များများ အားပေးကြတဲ့ Linkin Park ဂီတအဖွဲ့က ဦးဆောင်အဆိုတော် Chester Bennington ဟာ အသက် ၄၁ နှစ်အရွယ် ကြာသပတေးနေ့က ကွယ်လွန်သွားပါတယ်။

California ပြည်နယ်ထဲက သူ့ရဲ့နေအိမ်မှာ သေဆုံးသွားတဲ့ Chester Bennington ဟာသူ့ကိုသူ သေကြောင်းကြံခဲ့ပုံရတဲ့အတွက် စုံစမ်းနေတယ်လို့ Los Angeles မူခင်းစစ်ရုံးက ပြောပါတယ်။

Hard Rock, Hip-Hop နဲ့ Rap ဂီတတွေရောပြီး ဖန်တီးလေ့ရှိတဲ့ Linkin Park အဖွဲ့ရဲ့ သီချင်း Album တွေကို ကမ္ဘာတဝန်းပရိသတ်သန်းနဲ့ချီက အားပေးကြတာပါ။

မြန်မာပြည်မှာလူသိများတဲ့ In the End ဆိုတဲ့သီချင်းပါတဲ့ သူတို့ရဲ့ ပထမဆုံး "Hybrid Theory” Album ကို ၂၀၀၀ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့စဉ်ကပဲ ကမ္ဘာတဝန်း Album ပေါင်းသန်း ၃၀ ကျော် ရောင်းချခဲ့ရပါတယ်။ "One More Light" ဆိုတဲ့ သီချင်း Album အသစ်ကိုလည်း အခုနှစ် မေလတုန်းကမှ ထုတ်ဝေဖြန့်ချိခဲ့တာပါ။

အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံစုံကို လှည့်လည်ဖျော်ဖြေမှုတွေ စတင်ဖို့ ရှိနေချိန်မှာပဲ အဖွဲ့ရဲ့ ဦးဆောင်အဆိုတော် Chester Bennington သေဆုံးသွားတာဖြစ်ပါတယ်။

သူအသက်ရှင်နေစဉ်ကမူးယစ်ဆေးနဲ့ အရက်စွဲတဲ့ ပြဿနာတွေရှိခဲ့ပါတယ်။ သူသေဆုံးကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် သူ့ရဲ့ ပရိတ်သတ်တွေနဲ့ ဂီတမိတ်ဆွေတွေက ဝမ်းနည်းကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ရေးသားနေကြပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့ အိမ်ထောင် ၂ ဆက်ကရတဲ့ ကလေး ၆ ယောက် ကျန်ရစ်ပါတယ်။

Your browser doesn’t support HTML5

Linkin Park ဦးဆောင်အဆိုတော် Chester Bennington ကွယ်လွန်