မြန်မာ့အရေး ဖြေရှင်းရာမှာ သက်ဆိုင်သူ အားလုံးကိုချဉ်းကပ်ဖို့ မလေးရှားတိုက်တွန်း

အာဆီယံအစည်းအဝေးတခုမှာတွေ့ရတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan


မြန်မာ့နိုင်ငံအရေး ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အဖွဲ့ဝင်နိုင်ငံတခုတည်းရဲ့ သဘောထား မဟုတ်ဘဲ အာဆီယံအဖွဲ့ကြီးက လက်ခံထားတဲ့ ဘုံသဘောညီချက် ဖြစ်တဲ့အတွက် လိုက်နာ ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံဆွေးနွေးပွဲမှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

မြန်မာ့အရေးမှာ သက်ဆိုင်ရာ အားလုံးပါဝင်နိုင်အောင် ချဉ်းကပ်လုပ်ဆောင်ဖို့လိုသလို၊ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပါအဝင်၊ အာဆီယံရဲ့ ပဋိညာဉ်စာတမ်းပါ စည်းကမ်း ချက်တွေကို လိုက်နာဖို့လိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ဖို့ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ပြောဆို သွားတာပါ။

အလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ တောင်းဆိုချက်အရ လာမယ့်ဒီဇင်ဘာလထဲမှာ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့်အကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn ကလည်း ပြောဆိုသွားပါတယ်။ ASEAN Troika Plus ခေါ် အာဆီယံ အလှည့်ကျ လက်ရှိ ဥက္ကဋ္ဌအပါအဝင် အရင်နဲ့ လာမယ့် အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံ နဲ့ တခြားနိုင်ငံတွေ အလွတ်သဘော ဆွေးနွေးပွဲကျင်းပဖို့ အဆိုပြုထားတာပါ။ ဒီအစည်းအဝေးမှာ NUG အမျိုးသားညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့ ရှိမရှိကိုတော့ အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn က သတင်းထောက်တွေကို တိတိကျကျ ဖြေကြားမသွားပါဘူး။

လာအိုနိုင်ငံ Vientiane မှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးကိုတော့ စစ်ကောင်စီက ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကိုယ်စားလှယ် စေလွှတ်ခဲ့တာပါ။ အာဆီယံအစည်းအဝေးမှာ စစ်ကောင်စီက ကိုယ်စားလှယ် တက်ရောက်မယ့် အစီအစဉ်ကိုတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကန့်ကွက်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး ဖြေရှင်းရာမှာ သက်ဆိုင်သူ အားလုံးကိုချဉ်းကပ်ဖို့ မလေးရှားတိုက်တွန်း