လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မဏိပူပြည်နယ်မှာ ဆက်သွယ်ရေးဖြတ်တောက်ကန့်သတ် 

မဏိပူပြည်နယ် လူမျိုးရေးပဋိပက္ခအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ပစ်ခတ်နေစဉ် (စက်တင်ဘာ ၁၀၊ ၂၀၂၄)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ရဲ့ တချို့နေရာတွေမှာ လူမျိုးရေး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေလည်း ပြင်းထန်နေတဲ့အတွက်ကြောင့် အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ၅ ရက်ကြာဖြတ်တောက်လိုက်သလို၊ အကန့်အသတ်မရှိ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပြည်နယ်ထဲက အစိုးရနဲ့ ပုဂ္ဂလိက ကောလိပ်တွေကို ဒီနေ့နဲ့ မနက်ဖြန် ကြာသပတေးနေ့တွေမှာ ပိတ်ပစ်ဖို့ကိုလည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လူများစုဖြစ်တဲ့ Meitei (မတေး) နဲ့ လူနည်းစုဖြစ်တဲ့ ကူကီးတွေကြား စက်တင်ဘာလ ၁ ရက်နေ့က စခဲ့တဲ့ ပဋိပက္ခမှာ ဒရုန်းတွေကတဆင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကိုပစ်ချ တိုက်ခိုက်မှုတွေ ပါဝင်လာတဲ့အတွက် အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။

ဒီဒရုန်းတွေကို ကူကီးစစ်သွေးကြွတွေက အသုံးပြုကြောင်း ရဲ့တပ်ဖွဲ့က သံသယရှိနေပေမဲ့ ကူကီးတွေ ဘက်ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။ ဒီလို ဒရုန်းနဲ့ တိုက်ခိုက်တာကို ဆန့်ကျင်တဲ့ ကျောင်းသားတွေက တနင်္လာနေ့မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး၊ အားလုံး စုစည်းညီညွတ်ရေးနဲ့ ပြည်နယ်ခေါင်းဆောင် အပြောင်းအလဲကို တောင်းဆိုခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့တွေကတော့ ဆန္ဒပြသူတွေဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ် ပင်မတခါးပေါက်ရှေ့မှာ ကျောက်ခဲတွေ ပလတ်စတစ်ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးတွေကိုအသုံးပြုခဲ့တာကြောင့် ဆန္ဒပြသူ ၄၅ ဦးခန့် ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့လည်း ရဲအရာရှိတဦးက ပြောပါတယ်။

အင်္ဂါနေ့မှာ ဆန္ဒပြပွဲများ ပျံ့နှံ့လာတာနဲ့အမျှ ဒေသဆိုင်ရာ အစိုးရက အင်ဖာချိုင့်ဝှမ်းနဲ့ အနီးတစ်ဝိုက်ရှိ ခရိုင်တွေမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်လိုက်တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း မဏိပူမှာ အိန္ဒိယရဲ့ အကြာဆုံးအင်တာနက်ဖြတ်တောက်မှုအဖြစ် အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ခဲ့ပါသေးတယ်။