ကမ္ဘာ့အသက်အကြီးဆုံး ဘွားသက်ရှည် မာရီယာ ၁၁၇ နှစ် ပြည့်

အသက် ၁၁၇ နှစ် မွေးနေ့ပွဲကို စပိန်နိုင်ငံ၊ ဂျရိုနာမြို့က ဘိုးဘွားရိပ်သာမှာ ဆင်နွှဲနေတဲ့ ဘွားဘွားကြီး မာရီယာ (မတ် ၄၊ ၂၀၂၄)

ကမ္ဘာမှာ တရားဝင်မှတ်တမ်းအရ အသက်အကြီးဆုံး ဘွားဘွားကြီး မာရီယာ အသက် ၁၁၇ နှစ် မွေးနေ့ပွဲကို စပိန်နိုင်ငံ၊ ဂျရိုနာမြို့က ဘိုးဘွားရိပ်သာမှာ ဆင်နွှဲခဲ့ပါတယ်။

မာရီယာ ဘရန်ယပ်စ် မိုရီရာဟာ ၁၉၀၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကိုမြို့မှာ၊ စပိန်က ပြောင်းရွှေ့လာတဲ့ မိဘ ၂ ပါးက မွေးဖွားခဲ့တာပါ။ သူဟာ Gerontology သုတေသနအဖွဲ့ရဲ့ မှတ်တမ်းအရ အသက်အရှည်ဆုံးသူ ဖြစ်ပြီး၊ ကမ္ဘာ့စံချိန် ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ်အရလည်း ၂၀၂၃ ခုနှစ်ကတည်းက သူဟာ ကမ္ဘာ့အသက်အရှည်ဆုံးသူ ဖြစ်သွားတာပါ။ ဥရောပမှာ နေထိုင်နေသူတွေထဲ ၁၉၀၇ ခုနှစ်ဖွားက သူတယောက်ပဲ ရှိပါတော့တယ်။ ၁၉၀၀ ပြည့်လွန်ရဲ့ ပထမဆုံး ၁၀ စုနှစ်အတွင်းမွေးဖွားပြီး သက်ရှိထင်ရှားရှိဆဲဆိုလို့လည်း စပိန်မှာ သူတဦးပဲ ရှိပါတယ်။

သူ့ရဲ့ အသက် ၁၁၇ နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်တောင်းပေးကြသူတွေအားလုံးနဲ့ သူအသက်ရှည်ရှည်နေထိုင်နေတာကို စိတ်ဝင်စားပေးကြသူတွေကို အထူးကျေးဇူးတင်နေပါတယ်လို့ ဘိုးဘွားရိပ်သာ ညွှန်ကြားရေးမှူးက ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းကို ပြောသွားပါတယ်။

ဘွားဘွားမာရီယာဟာ ကယ်လီဖိုးနီးယားမှာ မွေးဖွားခဲ့ပေမဲ့ အသက် ၇ နှစ်မှာပဲ မိသားစုနဲ့အတူ စပိန်ကို ပြန်ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။