တရုတ် ဦးဆောင်ကျင်းပတဲ့ ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာအိုဝန်ကြီးချုပ်က တာဝန် လွှဲပြောင်းပေးအပ်တာကြောင့် လာမယ့်နှစ် ၂၀၂၅မှာ မြန်မာက အိမ်ရှင်အနေနဲ့ ကျင်းပမှာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေး ကို မဲခေါင် ၅ နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ပြီး မြန်မာ ကမ္ဘောဒီယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ လာအို မဲခေါင်နိုင်ငံ ၅ နိုင်ငံ ကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေးအပါအဝင် မဲခေါင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုတိုးဆောင်ရွက်ဖို့ ဆွေးနွေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
မဲခေါင်မြစ်ဝှမ်းဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအအစီအစဉ်အဖြစ်နဲ့ "မဲခေါင်ငါးနိုင်ငံ ခရီးစဉ်တခု" အစီအစဉ်ကို အကောင်အထည်ဖော်ပြီး မဲခေါင်ငါးနိုင်ငံကြား လူမှုအသိုင်းအဝိုင်း-ယဉ်ကျေးမှုဖလှယ်ရေးနဲ့ထိတွေ့ဆက်ဆံမှုပိုတိုးလုပ်ဆောင်နိုင်ဖို့ ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်ခံရယူလိုက်တဲ့ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံအနေနဲ့ မဲခေါင်နိုင်ငံငါးနိုင်ငံနဲ့ အတူတကွပူးပေါင်းဆောင်ရွက်မယ်ဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က တရုတ်နဲ့မြန်မာ ပြည်သူတွေကြားမှာ အဖုအထစ် ဖြစ်နိုင်တယ်ဆိုပြီး NUG ရဲ့ နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ စစ်ကောင်စီကို မျက်နှာမူတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတာကို စိုးရိမ်ကြောင်းလည်း ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ တရားဝင်ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့က မဲခေါင်ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်နေတာဖြစ်ပါတယ်။