Milton ကြောင့် ၁၄ ဦးထက်မနည်းသေဆုံး

ဖလော်ရီဒါပြည်နယ်ထဲ မုန်တိုင်းဝင်ရောက်အပြီးမြင်ကွင်း (အောက်တိုဘာ ၁၀၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ထဲ ဗုဒ္ဓဟူးနေ့ညက ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Milton ကြောင့် သေဆုံးသူဦးရေ ၁၄ ယောက်ထက်မနည်း ရှိနေပါတယ်။ ဟာရီကိန်းမုန်တိုင်းနဲ့အတူ လေဆင်နှာမောင်းတွေပါ တိုက်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု ပမာဏတွေကို သက်ဆိုင်ရာက ဆန်းစစ်နေကြပါတယ်။

ဟာရီကိန်းပြင်းအား အဆင့် ၃ နဲ့ ဖလော်ရီဒါပြည်နယ်ကို ဝင်တိုက်ခတ်တဲ့ မုန်တိုင်းကြောင့် အဆောက်အဦတွေပျက်စီး၊ သစ်ပင်၊ ဓါတ်တိုင်တွေကျိုးကျခဲ့ပြီး ၃ သန်းထက်မနည်း လျှပ်စစ်ဓါတ်အားပြတ်တောက်နေပါတယ်။
မုန်တိုင်းနဲ့အတူ လေဆင်နှာမောင်း ၃ ဒါဇင်ထက်မနည်း ဝင်ရောက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ပိုပြီးများခဲ့ပါတယ်။

မုန်တိုင်းကြောင့် ထိခိုက် ပျက်ဆီးခဲ့တဲ့ မြို့တွေထဲမှာ မြန်မာနွယ်ဖွား မိသားစုတွေ ဒါဇင်နဲ့ချီနေထိုင်တဲ့ Sarasota မြို့လည်း ပါဝင်ပါတယ်။ မုန်တိုင်းဟာ ဖလော်ရီဒါ ကုန်းတွင်းပိုင်းက Tampa ၊ St. Petersburg၊ Sarasota နဲ့ Fort Myers မြို့တွေကို ဖြတ်သန်း သွားခဲ့ပြီး အဲဒီဒေသတွေမှာ လှိုင်းကြီးတာနဲ့ ရေကြီးရေလျှံမှုတွေ ကြုံခဲ့ရပါတယ်။