ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အကောင့်ဖျက်ပေးဖို့ တွစ်တာကို တောင်းဆို

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမှာ တာဝန်ရှိသူအဖြစ် ကုလသမဂ္ဂက စွပ်စွဲထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ Twitter အကောင့် ဆက်ပြီး ရှိနေတဲ့အတွက် ဖျက်သိမ်းပေးဖို့ Twitter ကုမ္ပဏီနဲ့တွေ့ဆုံရာမှာ အဓိက တောင်းဆိုခဲ့ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌက ဗွီအိုအေကို ပြောပါတယ်။

မြန်မာအပါအဝင် ကမ္ဘာတလွှားက လုပ်ကြံသတင်းနဲ့တိုက်ခိုက်ခံရသူတွေနဲ့ ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Facbook၊ Twitter နဲ့ Google ကတာဝန်ရှိသူတွေ ပြီးခဲ့တဲ့သတင်းပတ်က အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်မှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံက ဆက်လက်တင်ဆက်မှာပါ။

ကာလီဖိုးနီးယားပြည်နယ်က ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook, Twitter နဲ့ Google တို့ရဲ့ အခြေစိုက် Silicon Valley မှာ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ လုပ်ကြံသတင်းနဲ့ အတိုက်အခိုက်ခံရသူတွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေဟာ မေလ ၈-၉ ရက်နေ့ထိ နှစ်ရက်ကြာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။

Disinformation victims from Myanmar to Sandy Hook

Disinformation victims from Myanmar to Sandy Hook

အဲဒီတွေ့ဆုံပွဲမှာ အဓိကပါဝင်ခဲ့တဲ့ လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က- မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေ အထူးသဖြင့် Facebook ကနေ တဆင့် လူမျိုး၊ ဘာသာခွဲခြား မုန်းတီးတဲ့ စကားတွေ ဖြန့်ချိခဲ့ပြီး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရောက်တဲ့အထိ မြန်မာစစ်တပ်ရဲ့ အင်အားသုံးနယ်မြေရှင်းလင်းမှုကို လူအများထောက်ခံဖို့ Facebook ကို အသုံးပြုခဲ့ပုံတွေကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။ ဒါအပြင် ဆွေးနွေးပွဲမှာ ဆိုရှယ်မီဒီယာကုမ္ပဏီတွေရဲ့ တုန့်ပြန်ချက်တွေနဲ့ ပတ်သက်လို့ သူက အခုလို ဗွီအိုအေကို ပြောပါတယ်။

ဦးထွန်းခင်။ ။ သူတို့တုန့်ပြန်ချက်က အင်မတန်မှ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေဆိုရင် သူတို့က ငိုကြ မျက်ရည်တွေဝဲပြီးတော့ပေါ့နော် ငိုကြတယ်။ အထူးသဖြင့် မြန်မာပြည်က မွတ်ဆလင်တွေ မိတ္ထီလာမှာ ဘယ်လို သတ်ဖြတ်ခံခဲ့ရတာ အထူးသဖြင့် ၂၀၁၇ နောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒါမပြီးသေးတဲ့ အလုပ်တခုဆိုပြီးတော့ Facebook ပေါ်ကနေ ဒါကိုရေးပြီးတော့ ဖြန့်ခဲ့တယ် အဲဒီအတွက် ရိုဟင်ဂျာတွေ အများကြီး သတ်ဖြတ်ခံခဲ့ရတယ်။ ရိုဟင်ဂျာ သတ်ဖြတ်တဲ့ မုန်းတီးမှုမှာ လူအများကြီးက လက်ခုပ်တီးခဲ့တယ် ဒါတွေက misinformation ကြောင့်ဖြစ်သွားတယ်ဆိုတာကို ကျနော်တို့ သေချာပြောပြထားတယ်။

မေး။ ။ ဒီလိုတွေ့ဆုံလိုက်တဲ့ထူးခြားမှုကို ပြောပြပါဦး။

ဦးထွန်းခင်။ ။ သူတို့နဲ့ တွေ့လိုက်ခြင်းအားဖြင့် ဘာဖြစ်လာနိုင်သလဲဆိုတော့ Facebook ကနေ သူတို့ စနစ်တကျ Facebook , Twitter တို့ကို monitor လုပ်ဖို့အနေအထားတခုဖြစ်လာမယ်လို့ ကျနော်မျှော်လင့်တယ်။ နောက်တခုကတော့ သူတို့ ပြောတဲ့ပုံစံအတိုင်းက သူတို့ မြန်မာပြည်နဲ့ ပတ်သက်လို့ သူတို့ seriously review လုပ်မယ် သူတို့ သေချာ ဒီကိစ္စတွေကို ပိုပြီး အရင်ကထက် ဂရုစိုက်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် နောက်နှစ် election လာမယ့် ကိစ္စမှာ ဒီမှာ ကျနော်ပြောထားတဲ့အတိုင်းပေါ့ အမျိုးသားအစွန်းရောက်တွေရဲ့ အခုကတည်းကနေ သူတို့က သတင်းအမှားတွေလုပ်ပြီးတော့ မြန်မာပြည်မှာ လူနည်းစုတွေ အထူးသဖြင့် ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေ ရွေးကောက်ပွဲမတိုင်ခင်မှာ အသုံးချခံရဖို့ စိုးရိမ်ရသလို အဲဒီအတွက် သူတို့က ဒါတွေကို ဂရုစိုက်မယ်လို့ ကျနော်ထင်ပါတယ်။”

အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်မှုတွေမှာ အဓိကတာဝန်ရှိသူလို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက စွပ်စွဲထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook အကောင့် မရှိတော့ပေမဲ့ Twitter အကောင့်ဆက်ပြီးရှိနေတဲ့အတွက် ဒါကို ဖျက်သိမ်းပေးဖို့ Twitter ကုမ္ပဏီက တာဝန်ရှိသူတွေကို တင်ပြခဲ့ကြောင်း ဦးထွန်းခင်က ပြောပါတယ်။

“Twitter မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို အခုအထိ သူတို့က သုံးခွင့်ပေးထားတယ်။ သူ တွစ် မလုပ်ပေမယ့်လည်း သူ့အကောင့်က ရှိနေတုန်းပဲ အဲဒါကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို ဖျက်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ Twitter ဘက်ကတော့ သူတို့ သေသေချာချာ action ယူမယ်လို့ သူတို့ ပြောထားပါတယ်ခင်ဗျ။ နောက်တခု Facebook က ကုလသမဂ္ဂ အချက်အလက် ရှာဖွေစုဆောင်းရေးအဖွဲ့က တောင်းဆိုထားတဲ့အတိုင်း အမုန်းတရားတွေ ဖြန့်နေတာတွေကို စုံစမ်းစစ်ဆေးပြီးတော့ လူ ၁၀၀ ထက်ပိုပြီးခန့်ထားဖို့ဆိုတဲ့နေရာမှာ Facebook က သူတို့ recommendation တွေ တောင်းဆိုချက်တွေကို အခုအထိ ဘာတခုမှ လုပ်ပေးတယ်ဆိုတာ မတွေ့ရဘူး။ ပြီးတော့ လူ ၁၀၀ က မလုံလောက်ဘူး လူ ၁၀၀ ထက် အများကြီး လိုအပ်တာကို ထောက်ပြထားတယ် ဆက်ပြီးတော့ ရိုဟင်ဂျာအပါအဝင်၊ ကချင် ၊ ရှမ်း ၊ ကရင် တိုင်းရင်းသား ဒီလိုအများစုကို Facebook မှာ ခန့်ထားဖို့ လိုတယ် ဘာဖြစ်လို့လဲဆိုတော့ အမုန်းတရားတွေ ပွားတဲ့နေရာမှာက sensitive ဟာတွေကတော့ အဲလို လူနည်းစု အားလုံးပါသင့်တယ်။ ပြီးတော့ ဒီနေရာမှာ သူတို့အနေနဲ့ Myanmar Institute For Peace and Security (MIPS) နဲ့ Center for diversity and National Harmony (CDNH) လို အဖွဲ့တွေနဲ့ consult လုပ်ခဲ့တယ်လို့ သိရတယ်။ တကယ့်လက်တွေ့မှာ အဲဒီအဖွဲ့တွေဟာ စစ်တပ်နဲ့ အင်မတန်နီးစပ်ပြီးတော့ MIPS ကိုဆိုရင် စစ်တပ်ရဲ့ Think Tank လို့တောင် ပြောလို့ရတယ်ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ civil society တွေနဲ့ ဆွေးနွေးပြီးတော့ ဒါလေးတွေကို ဘယ်လိုအကောင်အထည်ဖော်ဖို့ ကျနော်ပြောထားပါတယ်။”

Facebook, Twiiter နဲ့ Google ဆိုရှယ် မီဒီယာကုမ္ပဏီတွေက ထိပ်ပိုင်းအရာရှိတွေနဲ့ ကမ္ဘာတလွှာကးက လုပ်ကြံသတင်းနဲ့ အတိုက်အခိုက်ခံရသူတွေ တွေ့ဆုံပွဲမှာ မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင် အပြင် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ ဖင်လန်သတင်းထောက်တဦး၊ အမေရိကန်ပြည်ထောင်စုက Sandy Hook ကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ကျောင်းသားတဦးရဲ့ ဖခင်တို့ ပါဝင်ပါတယ်။

Your browser doesn’t support HTML5

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အကောင့်ဖျက်ပေးဖို့ တွစ်တာကို တောင်းဆို