ပျောက်ဆုံးလေယာဉ် Black Box ရေအောက်မှာ စတင်ရှာဖွေ

Australia က မလေးရှားလေယာဉ်ပျောက်ရှာဖွေနေကြ။

မတ်လ(၈)ရက်နေ့ကတည်း က ပျောက်ဆုံးနေတဲ့ မလေးရှားဂျက်လေယာဉ်မှာ ပါသွားတဲ့ ပျံသန်းမှု အချက်အလက်မှတ်သားတဲ့ စက် Black Box ကို အိန္ဒိယ သမုဒ္ဒရာထဲ ရောက်နေတဲ့ ရှာဖွေရေးအဖွဲ့တွေက ရေအောက်မှာ စတင် ရှာဖွေနေပြီဖြစ်ပါတယ်။ Black Box ကနေ အချက်ပေးစနစ် ထုတ်ပေးဖို့အတွက် သုံးတဲ့ ဘက်ထရီအားက တစ်လလောက် ခံတာမို့ ဒီဘက်ထရီ အားမကုန်ခင် ပြန်ပြီး တွေ့အောင် ကြိုးစားနေကြတာပါ။

Black Box က အချက်ပေးတဲ့နေရာကို လိုက်လံပြီး ထောက်လှမ်းတဲ့ အမေရိကန်ရေတပ်က မိုင်တစ်ရာ့ငါးဆယ် အတွင်း ရှာဖွေနိုင်တဲ့ Pinger Locatorနဲ့ ရှာဖွေပေးနေတယ်လို့ Australia လေတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး Angus Huston က သောကြာနေ့မှာ ပြောပါတယ်။

Black Box ရဲ့ ဘက်ထရီဟာ တနင်္လာနေ့မှာ အားကုန်သွားနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းနေကြတာပါ။ Boeing 777 ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းစဉ် လမ်းမှာ ပျောက်ဆုံး သွားတာမို့ နိုင်ငံတကာက ဝိုင်းဝန်းရှာဖွေနေကြတာဖြစ်ပါတယ်။

သောကြာနေ့မှာလည်း လေယာဉ် ၁၄စင်းနဲ့ သင်္ဘောကိုးစီး က ကောင်းကင်ဂြိုလ်တု မှာ အပျက်အစီး အပိုင်းအစတွေ တွေ့နေရတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ ဆက်လက်ရှာဖွေနေတာပါ။ ရှာဖွေရေးကို ဦးဆောင်နေတဲ့ Australia အဖွဲ့က Huston ကတော့ ဒီရှာဖွေရေးအဖွဲ့တွေဟာ ရှာဖွေဖို့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။