ဘီလူးကျွန်း ကျောက်မီးသွေးစက်ရုံစီမံကိန်း ဒေသခံတွေကန့်ကွက်

မွန်ပြည်နယ်မြေပုံ (Crd: Wikipedia)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) မှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။ ပြည်နယ်အစိုးရကတော့ တရုတ်ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေး ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ ပေးပို့ထားတဲ့သတင်းကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

သံလွင်မြစ်အဆုံး ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ရေး ခွင့်ပြုချက်ရရှိထားပြီး အဲဒီစက်ရုံကို တရုတ်ကုမ္ပဏီနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့် ပြောထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာ တွေ့ဆုံခဲ့တုန်းကလည်း ဒီစီမံကိန်းနဲ့ပတ်သက်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်နေချိန်မှာ ဒေသခံတွေအနေနဲ့ ဒီကျောက်မီးသွေးစက်ရုံစီမံကိန်းကို လက်မခံနိုင်ကြောင်းဆန္ဒထုတ်ဖော် ပြောဆိုဖို့ ခက်ခဲနေတယ်လို့ ဘီလူးကျွန်းဒေသခံတဦးက ပြောပါတယ်။

"အခုလောလောဆယ် နိုင်ငံရေးအခြေအနေအရ ကျနော်တို့ဘီလူးကျွန်းက စစ်ဘေးရှောင်လာသူတွေဆို ဒီဘီလူးကျွန်းကိုပဲ အားကိုးနေရတာ။ ဒီကလည်း ဧည့်ဝတ်ကျေကျေနဲ့ ဧည့်ခံထားကြတာ။ ဒါပေမဲ့ အခုကျတော့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်မယ်ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ မကြိုက်ဘူးပေါ့။ ဒါပေမဲ့ခေတ်က မတူဘူးလေ။ အခုက စကစခေတ်ဆိုတော့ လှုပ်ရှားဖို့၊ ပြောဆိုဖို့ကတော့ နည်းနည်းခက်နေတယ်။"

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်မှာရှိတဲ့ ဘီလူးကျွန်းကို အပျိုစင်ဘီလူးကျွန်းလို့လည်း တင်စားသတ်မှတ်ထားကြတာပါ။ ဒီလိုနေရာမှာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမယ့် စီမံကိန်းလုပ်ငန်းတွေကို ဒေသခံတွေက ခွင့်မပြုစေချင်တာလို့ ပြောပါတယ်။

"ဘီလူးကျွန်းကို အပျိုစင်လို့ သူတို့သတ်မှတ်ထားတာလေ။ ဒီစက်မှုလုပ်ငန်းတွေ ဘာတွေက နေရာကြီးကြီးမားမား စက်ရုံတွေမရှိသေးဘူး။ သူတို့ကတော့ ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်တာပဲ။ ဒါပေမဲ့ ဒေသခံပြည်သူအတွက် ဘေးထွက်ဆိုးကျိုး ရှိမှာကိုလည်း လူတိုင်းသိတယ်။"

ဒရယ်ပေါက်မြစ်ကမ်းဘေးမှာ စက်ရုံတည်ဆောက်ဖို့ စီစဉ်နေတာတွေ့ရပြီး ကလွီရွာနဲ့ ဒရယ်ရွာကြားက ဓနိတောဧက ၅၀ ဝန်းကျင်ကို ဝယ်ယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"အခုယူထားတဲ့နေရာက ကလွီနဲ့ဒရယ်ကြားမှာ မဟုတ်လား။ အဲဒါကလည်း ဓနိတောကျွန်းစုလို ဖြစ်နေတယ်လေ။ သူတို့ရဲ့ ပထဝီအနေအထားနဲ့ ကော်မတီရဲ့အကျိုးစီးပွားနဲ့ဆိုရင်တော့ တော်တော်လေးကို လှုပ်ယူရမယ့် အနေအထားဖြစ်နေတယ်။ ကုန်ကျစရိတ်များတယ်။ အဲဒါဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ကျနော်တို့တော့ ခန့်မှန်းလို့မရဘူးပေါ့။ နိုင်ငံရေးအခြေအနေအရကြည့်ရင် ဒီဘီလူးကျွန်းမှာပဲ အေးချမ်းတယ်လေ။ အေးချမ်းတော့ သူတို့ခေတ်အဆက်ဆက်အစိုးရတွေကလည်း မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအားလုံး ရောင်းစားလိုက်ကုန်ပြီဆိုတော့ သူ့ခေတ်မှာ ဒေသဖွံ့ဖြိုးရေးအတွက် သူရည်ရွယ်ပြီးတော့ သူလုပ်စရာ ဒါပဲရှိလို့ ဖြစ်မှာပေါ့။"

မွန်ပြည်နယ်မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့အတွက် တရုတ်အပါအဝင် တခြားနိုင်ငံတွေကပါ လာရောက်လေ့လာတာတွေ ရှိခဲ့ပေမယ့် ဒေသခံလူထုက ကန့်ကွက်ခဲ့ကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ပြီး လူတွေရဲ့ ကျန်းမာရေးဆိုးကျိုးဖြစ်စေနိုင်တဲ့ ဒီကျောက်မီးသွေးစီမံကိန်းကို ဒေသခံတချို့ကတော့ လက်မခံကြပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးမှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကိုလည်း ဒေသခံတွေကန့်ကွက် ဆန္ဒပြခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

ဘီလူးကျွန်း ကျောက်မီးသွေးစက်ရုံစီမံကိန်း ဒေသခံတွေကန့်ကွက်