တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် မဲအများဆုံးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ သမ္မတသစ်အဖြစ် Moon Jae-in ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။
အဂတိလိုက်စားမှုတွေနဲ့ ဆက်နွယ်တဲ့ စွပ်စွဲချက်တွေနဲ့ သမ္မတဟောင်း Park Geun-hye ရာထူးက ဖယ်ရှားခံခဲ့ရပြီးနောက် ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုရီးယားဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လစ်ဘရယ်ဝါဒီ သမ္မတသစ် အနိုင်ရခဲ့တာပါ။ ဒီကနေ့ လွှတ်တော်က ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာတော့ အစိုးရတွင်းက အကျင့်ပျက် ခြစားမှုတွေကို အဆုံးသတ်အောင်လုပ်ဖို့ ကတိပြုခဲ့ပါတယ်။
သမ္မတရဲ့ သြဇာအာဏာကို ထိန်းညှိနိုင်ဖို့၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ မသမာတဲ့ လုပ်ရပ်တွေကို နှိမ်နင်းဖို့၊ ပညာရေးနဲ့ အလုပ်အကိုင် ရရှိရေးအတွက် အစိုးရက တိုးမြှင့်သုံးစွဲသွားဖို့ ရှိသလို၊ ချမ်းသာတဲ့သူတွေကို အခွန်တွေ တိုးကောက်ဖို့ စတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ လုပ်ဆောင်သွားဖို့လည်း ကတိပြုခဲ့တာပါ။ ရန်ဘက် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေ တိုးတက်အောင်လုပ်ဖို့ အဆင်သင့်ရှိနေသလို၊ တောင်ကိုရီးယားမှာ အခြေအတင်ဖြစ်စရာ ကြုံနေရတဲ့ အမေရိကန်ရဲ့ မစ်ဇိုင်းဒုံးရန်ကာကွယ်ရေးစနစ်နဲ့ ပတ်သက်လို့ အမေရိကန်၊ တရုတ်နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
"အမျိုးသားလုံခြုံရေး ပြဿနာကို အမြန်ဆုံးဖြေရှင်းမှာဖြစ်သလို၊ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရရှိအောင် အတတ်နိုင်ဆုံး ကြိုးပမ်းမှာ ဖြစ်ကြောင်းနဲ့ လိုအပ်ရင် ဝါရှင်တန်အထိ သွားမှာဖြစ်သလို၊ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွေ သာမက ဖြစ်နိုင်မယ်ဆိုရင် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအထိပါ သွားမှာဖြစ်ကြောင်း" သမ္မတသစ်က ကတိပြုပြောကြားခဲ့တာပါ။
သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် ကွန်ဆာဗေးတစ်ဝါဒီ Hong Joon-pyo နဲ့ အလယ်အလတ်ဝါဒီ Ahn Cheol-soo တို့ကို ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ သမ္မတသစ် Moon Jae-in ရဲ့ ဒီမိုကရက်တစ်ပါတီဟာ ကိုယ်စားလှယ် ၂၉၉ နေရာရှိတဲ့ လွှတ်တော်ထဲမှာ ၁၁၉ နေရာ ရရှိထားပါတယ်။ လွှတ်တော်ထဲမှာ တခဲနက် လွှမ်းမိုးမထားနိုင်ပေမဲ့လည်း သမ္မတသစ် အနေနဲ့ တခြားလစ်ဘရယ်ဝါဒီ ပါတီငယ်တွေရဲ့ ထောက်ခံမှုနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။
Your browser doesn’t support HTML5
တောင်ကိုရီးယားသမ္မတသစ် ကျမ်းသစ္စာဆို