Mosul တိုက်ပွဲ အရပ်သား ၁သန်းကျော်ရဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိ

Mosul တိုက်ပွဲအခြေအနေ

အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို IS စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည် သိမ်းယူဖို့ ကြိုးစားနေတဲ့ အီရတ်တပ်ဖွဲ့တွေဟာ ဒီကနေ့ ရာသီဥတု ဆိုးနေ တာကြောင့် ရှေ့ဆက်ဖို့ အခက်အခဲ ရှိနေသလို၊ မြို့သိမ်းတိုက်ပွဲ ပိုမို ပြင်းထန် လာနေတာနဲ့အမျှ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး အကြီးအကျယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အကူအညီပေးရေးအဖွဲ့တခုက သတိပေးလိုက်ပါတယ်။

အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ဖို့ ကြိုးစားနေရတဲ့အကြောင်းနဲ့ အရပ်သားပြည်သူ တစ်သန်း နှစ်သိန်းရဲ့ ဘဝတွေ ထိခိုက်နိုင်တဲ့အန္တရာယ် ကြုံနေရပြီး အီရတ်နိုင်ငံ တခုလုံးရဲ့ အနာဂတ်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒုက္ခသည်ဆိုင်ရာ နော်ဝေကောင်စီ က Wolfgang Gressmann က ပြောပါတယ်။

မြို့တွင်းကနေ အရပ်သားထောင်ပေါင်းများစွာ ထွက်ပြေးနေကြသလို၊ ချောင်းမြောင်း ပစ်ခတ်တာတွေနဲ့ ဖောက်ခွဲတိုက်ခိုက် တာတွေကြောင့် သေဆုံးသူ အများအပြား ရှိခဲ့ပြီးဖြစ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။ မြို့တွင်းမှာရှိသူတွေ အတွက် အစားအစာ၊ ရေ နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေဆဲပါ။ ဒါပေမယ့် လက်ရှိ တိုက်ပွဲတွေကြောင့် လိုအပ်နေတဲ့ အကူအညီတွေနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ဖြန့်ဝေပေးရာမှာ အခက်အခဲတွေ ရှိလာတာကြောင့် အခြေအနေက ပိုပြီး ဆိုးလာမှာပါ။

အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မိုဆူးလ်ကို IS စစ်သွေးကြွတွေက ၂ နှစ်ကျော်ကြာ သိမ်းပိုက်ထားခဲ့ပြီးတဲ့နောက် အခု ဒီမြို့ကို ပြန်လည် သိမ်းယူဖို့ အီရတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာမှာ သီတင်း နှစ်ပတ်ကျော်ကြာ လာခဲ့ ပြီးတဲ့နောက် မနေ့က အင်္ဂါနေ့မှာတော့ အီရတ်အထူးတပ်ဖွဲ့တွေ မြို့တွင်းကို စတင်ချဉ်းကပ်လာနိုင်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

Mosul တိုက်ပွဲ အရပ်သားတသန်းကျော်ရဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိ