မူဆယ်တိုက်ပွဲကြောင့် တရုတ်နိုင်ငံအတွင်း ဒုက္ခသည်တချို့ ထွက်ပြေး

မူဆယ်တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးလာစဉ် ။ နိုဝင်ဘာလ ၁၉ ရက် ၂၀၁၆။ (Myanmar President Office)

မူဆယ်တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးလာစဉ် ။ နိုဝင်ဘာလ ၁၉ ရက် ၂၀၁၆။ (Myanmar President Office)

တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်ပွါးတဲ့ ဒီတိုက်ပွဲတွေကြောင့် နယ်စပ်မှာ နေထိုင်သူတချို့ တရုတ်နိုင်ငံထဲ ထွက်ပြေးခိုလှုံလာကြောင်း ရန်ကုန်က တရုတ်သံရုံးက ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဒုက္ခသည်တွေအတွက် ဒေသအစိုးရက လူသားချင်းစာနာမှု အကူညီတွေ ပေးနေပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ကုသပေးနေတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အခြေနေကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ပြန်လည်တည်ငြိမ်စေဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး အပစ်အခတ်ချက်ချင်း ရပ်စဲနိုင်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ယူနန်နယ်ထဲကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်က ၈၀ လောက် ရှိကြောင်းလည်း တရုတ်အစိုးရအာဘော် Golbal Times သတင်းမှာ ရေးသားထားပါတယ်။

မူဆယ်မြို့မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက် တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံအတွင်းကို အမြောက်ဆံတွေ ကျခဲ့ပြီးတဲ့နောက် ဒေသတွင်း ပြန်လည်တည်ငြိမ်မှု ရှိစေဖို့ လိုအပ်တာတွေကို တရုတ်အစိုးရက လုပ်ဆောင်နေပြီး ယူနန်နယ်ထဲက နယ်စပ်မှာ အရေးပေါ် အခြေနေ တုန့်ပြန်ရေးအတွက် ရဲတွေတိုးမြှင့်ချထားသလို လုံခြုံရေး အဆင့်မြှင့်ထားကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို South China Morning Post သတင်းမှာ ဖေါ်ပြထားပါတယ်။

တရုတ်အစိုးရ ရုပ်သံဌာန CCTV ကတော့ နယ်စပ်မှာ တရုတ်နယ်မြေထဲ ကျည်ဆံတွေ ကျရောက် ခဲ့ပေမယ့် မူဆယ်တဖက် တရုတ်ပိုင် ရွှေလီမြို့မှာတော့ အခြေနေဟာ အေးအေးချမ်းချမ်းပဲ ရှိနေတယ်လို့ ဆိုပါတယ်။

KIA ကချင်အဖွဲ့၊ TNLA တအောင်းပလောင်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့တွေဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ ရှမ်းပြည်နယ် မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ် အတွင်းမှာရှိတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့စခန်းတွေအပြင် တရုတ်မြန်မာနယ်စပ်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံနဲ့ တံတားတွေ အပါအဝင် နေရာ ၁၀ ခုလောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ အပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးခဲ့တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက VOA ကိုပြောပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့ပြီးတဲ့နောက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံကို ယာယီ ပိတ်ထားလိုက်ပြီး ကုန်သွယ်မှုတွေ ရပ်နားထားတယ်လို့ ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူက VOA ကို ပြောကြားခဲ့ပါတယ်။

အခု တိုက်ခိုက်မှုဟာ အစိုးရ အပြောင်းအလဲ ဖြစ်လာပြီး နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ထက်မနည်း ပူးပေါင်းပြီး ပထမဆုံး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မူဆယ်တိုက်ပွဲကြောင့် တရုတ်နိုင်ငံအတွင်း ဒုက္ခသည်တချို့ ထွက်ပြေး