တောင်သာနဲ့ နွားထိုးကြီးမှာ အစိုးရအုပ်ချုပ်ရေးရုံးများရပ်တန့်

(Photo by Handout / FACEBOOK / AFP) /

တိုက်ပွဲတွေဖြစ်ခဲ့တဲ့ တောင်သာနဲ့နွားထိုးကြီးမြို့တွေမှာ ဝန်ထမ်းတွေတိမ်းရှောင်နေကြလို့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်နေ တယ်လို့ ဒေသခံတွေပြောပါတယ်။ မြင်းခြံမြို့မှာလည်း အစိုးရရုံးတွေပိတ်ထားတယ်လို့လည်းပြောပါတယ်။ မန္တလေးတိုင်းတွင်း နောက်ဆုံး အခြေအနေ သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း တောင်သာနဲ့နွားထိုးကြီးက တရုတ်ရေနံပိုက်လိုင်းစောင့် ကင်းစခန်းတွေအပြင် မြို့တွင်း စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် မြို့တွင်းမှာရှိတဲ့ အစိုးရရုံးတွေပိတ်ထားရပါတယ်။ ခရိုင်မြို့ဖြစ်တဲ့ မြင်းခြံမြို့ မှာတော့ စစ်ကောင်စီက စစ်အင်အားတိုးမြှင့်ထားပြီး အစိုးရရုံးတွေပိတ်ထားသလို ဝန်ထမ်းတွေကို မြို့နဲ့ ၃ မိုင်ဝေးတဲ့ သံမဏိစက်ရုံထဲ ပြောင်းရွှေ့ထားရပါတယ်။ တောင်သာမြို့မှာတော့တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကတိုက်ခိုက်လို့ အရပ်သားထိခိုက်မှုရှိပြီး မြို့ပေါ်မှာလည်း ဒေသခံတွေ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မြင်းခြံမြို့မှာလည်း အစိုးရလည်ပတ်မှုမရှိဘူး။ မြင်းခြံ မြန်မာ့စီးပွားရေးဘဏ်ကလည်း ညောင်ဦးကိုပြောင်းသွားတယ်။ ကျန်တဲ့ဝန်ထမ်းတွေ ကလည်း သံမဏိစက်ရုံမှာ ခိုလှုံနေကြတယ်။ လုံခြုံရေးက မနေ့က ညောင်ဦးဘက်ကနေကား ၅ စီး၊ ကျောက်ပန်းတောင်းဘက်က ကား ၁၀ စီး လုံခြုံရေးတွေ တိုးမြှင့်ထားတယ်။ (တောင်သာ) မြို့ကတော့တိုက်ပွဲတွေတော့မဖြစ်ဘူး။ ဒါပေမယ့် သူတို့က လေယာဉ်နဲ့ မနေ့ညကကို လာချသေးတယ်လေ။ တောင်သာနဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ ရွာက အိမ်ပေါ်ကျတာလေ။ အနောက်ဘက်အိမ်က ကလေးတယောက်တော့ လက်ထိတယ်။ စိုးရိမ်ရတာမဟုတ်ဘူး။ မြို့ပေါ်မှာ အနည်းငယ်ပဲရှိတော့တာပေါ့။ ပြေးလို့ရတဲ့သူက ရှောင်ပြေးကုန်ပြီပေါ့။ လေယာဉ်ကဒီကနေ့ မနက်ခင်းလည်း ဝဲနေတာ။ ဝဲတယ် ဘယ်အချိန်ချမယ်ဆိုတာ မသိဘူးလေ။ တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်ကချတာဆိုတော့ ဒေသခံတွေက ကြောက်လန့်ပြီးတော့ ပြေးကုန်တာပေါ့။"

သြဂုတ် ၁၄ ရက်ကလည်း မြင်းခြံ-တောင်သာ လမ်းပိုင်းတွေမှာ နေရာ ၂ နေရာထက်မနည်း ဖျက်စီးခံထားရပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံခဲ့ရတဲ့ နွားထိုးကြီးမြို့မှာလည်း မြင်းခြံ တောင်သာ နည်းတူပဲအစိုးရယန္တရားတွေ ရပ်တန့်နေပါတယ်။

"ဝန်ထမ်းတွေကို သူတို့ရှောင်တော့ ရှောင်ခိုင်းထားတယ်။ သူတို့ ဘယ်လိုလုပ်နေကြလည်းမသိဘူ။ ပြေးတဲ့သူကလည်းပြေးကုန်ပြီ။ တချို့လည်းကြောက်ကြ CDM ကျလည်း မလုပ်ချင်ဘူး။ တချို့တွေက နေပြည်တော်ဘာတို့ ပြေးတာရှိတယ်။ Shutdown ဖြစ်နေတာပေါ့။"

နွားထိုးကြီးမြို့ပေါ်ကို ကာကွယ်ရေးအဖွဲ့တွေဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီက တကျော့ပြန် နယ်မြေရှင်းလင်းရေးတွေ လုပ်ပြီး တပ်စွဲထားပါတယ်။ ကျောင်းတွေလည်းပိတ်ထားရပေမယ့် ဈေးဆိုင်အချို့ ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးတင်းမာနေတဲ့အတွက် မြင်းခြံ - နွားထိုးကြီး - တောင်သာ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။