သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံမှာ စစ်တပ်နဲ့ရဲပစ်ခတ်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ


စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြင်းခြံမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်မြင်ကွင်း
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြင်းခြံမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်မြင်ကွင်း

{{Zawgyi/Unicode}}

စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ မြင်းခြံမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မနေ့ညက ဖမ်းဆီးသွားသူ ၁ ယောက်ကိုလည်း ဒီကနေ့ မနက်မှာ ရုပ်အလောင်းကို လာရောက် ထုတ်ယူခိုင်းပါတယ်။ မန္တလေးမြို့မှာတော့ တပ်ပေါင်းစုသပိတ် ဖြိုခွဲခံရမှုမှာ ၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအကြောင်းအပြည့်အစုံ မန္တလေးကလာတဲ့ သတင်းကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သပိတ်တွေ ပြုလုပ်နေတဲ့ မြင်းခြံမြို့မှာ ဧပြီ ၁၈ ရက်နေ့ ညနေပိုင်းကတည်းက တပ်တွေက ဆန္ဒပြသူ ဒေသခံတွေအပေါ် စတင်ပစ်ခတ်ခဲ့ပါတယ်။ ဒီနေ့မနက် အစောပိုင်းမှာလည်း ပစ်ခတ်မှုကြောင့် ၂ ယောက်ဒဏ်ရာ ရခဲ့ပါတယ်။ မနေ့ညက ဖမ်းခံရသူတယောက်ကတော့ သေဆုံးပြီလို့ဆိုပြီး အလောင်းလာထုတ်ခိုင်းတဲ့အကြောင်း မြို့ခံ ၁ ဦးက ဗွီအိုအေကိုပြောပါတယ်။

“ဒီကနေ့မနက် ၇ နာရီ လောက်မှာ အမှတ် ၆ ထဲမှာ ကလေးတွေခံတပ်ပြန်ဆောက်တယ်။ ပြန်ဆောက်တဲ့အချိန်မှာ သူတို့က သိသိချင်းလာပြီးဖြိုခွဲတယ်။ ပစ်ခတ်မှုတွေရှိတယ်။ ပြည်သူ ၂ ဦး ဒဏ်ရာရတယ်။ ၂ ဦးလုံး အခြေအနေ စိုးရိမ်စရာမရှိဘူး။ တယောက်က အစကကယ်လို့မရဘူး။ သူ့ကိုလည်း အခုဆေးကုနေတယ်။ ဒဏ်ရာပြင်းထန်ခြင်းမရှိဘူးပေါ့။ အသက်အန္တရာယ်စိုးရိမ်ရတာမရှိဘူး။ အမှတ် ၆ မှာပဲ ပစ်နေတဲအတွက်ကြောင့်မလို့ တခြားရပ်ကွက်တွေက ထကြွပေးတယ်ပေါ့နော်။ ခေါ်ပေးတာပေါ့။ အဲလိုခေါ်ပေးတဲ့ နေ့ခင်းတချက်လောက်မှာ သူတို့က အေးကျင်းကိုဝင်ပစ်တယ်။ အေးကျင်းဆိုတာ အမှတ် ၄ ပေါ့။ အဲ့မှာလည်း ခံတပ်ရှိတယ်ပေါ့။ ခံတပ်ကနေ သူတို့နည်းနည်းခေါ်တယ်ပေါ့။ အဲ့ဒီမှာလည်း သူတို့ပစ်တယ်ပေါ့ ပစ်ရင်းနဲ့မှ နောက်ဆုံး ရပ်ကွက်ထဲအထိ ဝင်လာပြီးတော့ ဆိုင်ကယ် ၄ စီးလောက် မီးရှို့တယ် အိမ်တလုံးကို တခြမ်းလောက် မီးလောင်တယ်ပေါ့နော်။ အဲ့ဒါလည်း မီးကွင်းပစ်တယ်ပေါ့။ သေဆုံးက လုံး၀ အတည်ပြုနိုင်တာက အမှတ် ၁၁ ထဲက ညကဖမ်းသွားတဲ့ကောင်လေး သူ့ကို အလောင်းလာထုတ်ခိုင်းတယ်။ ဘယ်မှာလာထုတ်ခိုင်းလဲဆိုရင် ရင်ခွဲရုံပေါ့။”

ဧပြီ ၁၈ ရက်နေ့လည်ပိုင်းက မြင်းခြံမြို့ KBZ ဘဏ်ခွဲတခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်မှာ တပ်တွေဖက်က ခုလို ပစ်ခတ်တာဖြစ်ပါတယ်။ ဒါ့အပြင် မြင်းခြံမြို့က လူမှုကူညီရေး အသင်းကားတွေကိုလည်း ဖျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြင်ခြံမြို့မှာ မန္တလေးက စစ်တပ်အင်အားကိုပါ ထပ်ပြီး တိုးထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မန္တလေးမြို့မှာတော့ ဒီကနေ့မနက်ပိုင်း မန္တလေးမြို့ သပိတ်ပေါင်းစုံကို စစ်တပ်နဲ့ရဲက သပိတ်စတင်ချိန်မှာ ဖြိုခွင်းတာကြောင့် ၇ ဦး ဖမ်းဆီးခံရတယ်လို့ သပိတ်မှာ ပါဝင်သူ တဦးကပြောပြပါတယ်။

“ဝင်ဖြိုတော့ သပိတ်က ထွက်ခါစပေါ့ လမ်းကြောင်းတကြောင်းပဲ ပတ်ရသေးတယ်။ သူတို့ဘက်ကနေ ရောက်လာပြီဆိုပြီးတော့ ကြိုပွိုင့်တွေက သတင်းပေးလို့ သပိတ်ကို ချက်ချင်းပဲရပ်လိုက်တယ်ပေါ့။ ရပ်ပြီး အဲ့မှာ အကုန်လုံးတပ်ဖျောက်တယ်။ တပ်ဖျောက်တော့ သူတို့ဘက်က အင်နဲ့အားနဲ့ရောက်လာတယ်။ ဂေါ်ကားတွေကော ရေကားတွေကော အချုပ်ကားတွေကော အများကြီးပဲရောက်လာတယ်။ အဲ့အချိန်မှာ လိုက်လာပြီး ထပ်ပြီးအဖြိုခံရတော့ ၇ ယောက်ပါသွားတယ်လို့သိရတယ်။”

မနေ့ ဧပြီ ၁၈ ရက်ညပိုင်းကလည်း ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၁ ဦးသေဆုံးခဲ့သလို ဧရာဝတီတိုင်းမှာလည်း ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ၁ ယောက် ပစ်ခံရပေမဲ့ ထွက်ပြေးတာကြောင့် လွတ်မြောက်သွားပါတယ်။ ဧပြီလ ၁၇ ရက် စနေနေ့ကလည်း မိုးကုတ်မြို့မှာ ပစ်ခတ်လို့ လူ ၂ ဦးထိ သေဆုံးခဲ့ပါတယ်။ ဒီလိုပစ်ခတ်နှိမ်နှင်းနေပေမဲ့ မြန်မာနိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ရတဲ့ အခြေအနေကြားမှာ ဆက်လုပ်နေကြပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်သူတွေဟာ ပုံစံမျိုးစုံနဲ့ ဆန့်ကျင်နေပြီး ပျောက်ကြားသပိတ်ပုံစံမျိုးတွေ ဆက်လက်ပြုလုပ်နေကြပါတယ်။

...................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG