နိုင်ကျဉ်းနည်းတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာမယ့် အကျဉ်းသူ၊ အကျဉ်းသားများအား အင်းစိန်အကျဉ်းထောင်ရှေ့မှာ စောင့်ကြိုနေကြတဲ့ မိသားစုဝင်များ

ဒီနေ့ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ နိုင်ငံတဝန်းမှာ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၅၈၆၄ ယောက်ကို စစ်ကောင်စီက ခံဝန်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ အနည်းအကျဉ်းသာပါတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လုပ်နေသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မဆုမွန် တင်ပြပါမယ်။

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၅၈၆၄ ဦးကို စစ်ကောင်စီက ဒီနေ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်ပါတယ်။ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အရင်ပြစ်ဒဏ်နဲ့ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တသက်တကျွန်း ပြစ်ဒဏ်ခံနေရသူ ၁၄၄ ယောက်ကိုလည်း တသက်တကျွန်းပြစ်ဒဏ်ကနေ ပြစ်ဒဏ် ၁၅ နှစ်ကို လျှော့ပေါ့ပေးခဲ့ပါတယ်။ အခုလို ပြစ်ဒဏ်လျှော့ပေါ့ လွှတ်ပေးသူတွေထဲမှာ အမှု ၇ မှုနဲ့ ထောင်ကျနေသူတွေတော့ မပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို အခုလို ပြောခဲ့ပါတယ်။

“၂၀၂၅ ဇန်နဝါရီလ ၄ ရက်မတိုင်ခင်က လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္တုပစ္စည်းများ အက်ဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ လက်နက်ဥပဒေ၊ မူးယစ်ဆေးဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုဥပဒေစတဲ့ ဥပဒေ ၇ ခုနဲ့ တရားစွဲခံထားရသူများမှ အပ၊ ကျန်တဲ့ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ ကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။”

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးမပေးဆိုတာကိုတော့ သူက ထည့်ပြော မသွားခဲ့ပေမဲ့ အဂတိလိုက်စားမှု ဥပဒေအပါအဝင် ပြစ်ဒဏ် ၇ မျိုးနဲ့ ကျနေသူတွေ မပါဘူးလို့ပဲ ပြောသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းမြင့်ရောကို အဓိက အဂတိလိုက်စားမှုတွေနဲ့ စစ်ကောင်စီက ထောင်ချထားတာ ဖြစ်ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်ကိုတော့ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေ၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေ စတာတွေနဲ့ သူကို စစ်ကောင်စီက၂၀၂၂ မှာ ထောင်ဒဏ် ၁၂ နှစ် ချခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီနေ့ ၁၂၀၀ ကျော် ပြန်လွတ်ခဲ့ပါတယ်။ အများစုဟာ လွတ်ရက်နီးသူတွေနဲ့ ထောင်ဒဏ် ၁ နှစ်လောက်ပဲ ကျန်သူတွေ ဖြစ်တယ်လို့ ပြန်လွတ်လာသူ နိုင်ငံရေး အကျဉ်းသားတဦးက ဗွီအိုအေကို ပြောပြပါတယ်။ အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်တဲ့ အခြေအနေ ကိုယ်တွေ့ကြုံရတာကိုလည်း သူက ပြောပါတယ်။

"အခုလွတ်တဲ့ စည်းကမ်းကတော့ ၆ လသမားဆို ၃ လနေပြီးသား ဖြစ်ရမယ် ကျန်တာ တနှစ်အောက် ဖြစ်ရမယ်။ အဲဒီလို မိန့်ခွန်းမှာပြောတာ ကျနော်က ၅၀၅ ပါ။ ၂ နှစ်ကျတဲ့သူဆို ၁ နှစ်နေထားရမယ်၊ ၃ နှစ်ကျသူဆို တနှစ်ခွဲနေထားရမယ်။ သူ့ကျန်ကာလက တနှစ်အောက် ဖြစ်ရမယ်။ အဲဒီလိုမျိုးကိုလွှတ်တာ ထောင်တွင်းအခြေအနေ ဘယ်လိုရှိလဲဆိုတော့ ထောင်တွင်းက ထောင်ပုံစံအတိုင်း ကျပ်ကျပ်တည်းတည်း ရှိတာပေါ့။ လောလောဆယ် ကျနော်တို့ စာတွေပို့လို့ရတာ မရှိဘူး။ ကျနော်အတွေ့အကြုံအရ အပေါ်ဆောင်တွေက နိုင်ငံရေးသမားတွေကို ဖိနှိပ်တာရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့လေ ပြောရရင် အပေါ်ဆောင်တွေမှာက နိုင်ငံရေးသမားတွေကို စုလို့မရတာ လွပ်လွတ်လပ်လပ် ပြောမရတာတွေ အဲဒီလိုရှိတယ်။ ၃ နှစ်ကျတာမှာ ၁ နှစ်နဲ့ ၁၀ လနေ လိုက်ရတယ်။ Like and Share လုပ်ထားတာတွေ သူတို့ကို ပြောထားတာရှိတော့ ကျနော့်ကို ၅၀၅ နဲ့ စွဲထည့်ခဲ့တာပါ။"

အင်းစိန်ထောင်ကနေ ဒီနေ့ ပြန်လွတ်လာသူ အကျဉ်းသူ ၂၀၀ လောက်ထဲမှာတော့ လူသိများတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပြန်လွတ်လာပါတယ်။ ၂၀၂၂ သြဂုတ်လတုန်းက သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကို ကာအိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ သင်ဇာဝင့်ကျော်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ထောင်ဒဏ် ၇ နှစ်ချခံရသူ နန်းမွေစံ ပြန်လွတ်လာတာတော့ ညနေပိုင်းအထိ မတွေ့ရပါဘူး။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးထောင်ချခံထားရသူ သောင်းနဲ့ချီရှိနေပေမဲ့ ဒီနေ့ စနေနေ့ ညနေပိုင်းအထိ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အခုလို ထောက်ပြပါတယ်။

"နိုင်ကျဉ်းပုဒ်မတွေက တယောက်လွတ်လာရင်တော့ အဲဒီတယောက်အတွက် ဝမ်းသာဂုဏ်ယူမိတယ်။ ဒါပေမဲ့လည်း ကျန်ရှိနေတဲ့ နိုင်ကျဉ်းက သောင်းနဲ့ချီပြီး ရှိတာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးက ကျနော်တို့တွေအနေနဲ့ မိဘပြည်သူတွေကော အားလုံးအတူတူ ရုန်းကြရဦးမယ်လို့ ကျနော် ပြောချင်ပါတယ်။ ကျနော်တို့မှာ သတင်းစကား ရှိပါတယ်။ မင်းအောင်လှိုင်ပေးတဲ့ လွတ်ငြိမ်းက နိုင်ငံရေးအကျဉ်းသားတွေအားလုံးပါလာဖို့က လုံးဝမဖြစ်နိုင်ဘူး။ ဘယ်ကာလမှာမဆို နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးက ကျနော်တို့ပြည်သူတွေရဲ့ ပြည့်သူ့အရေးတော်ပုံ နွေဦးတော်လှန်ရေးအပေါ်မှာ အများကြီး မူတည်ပါတယ်။ အားလုံးကလည်း ဒီအရေးတော်ပုံအောင်ပြီး ကျနော်တို့ပြည်သူတွေအတူတူ ထောင်တံခါးတွေ ရိုက်ချိုးပြီး သပြေခတ်နဲ့ ကြိုမယ့်နေ့ကို စောင့်နေကြတာပါ။ ကျနော်တို့တွေအနေနဲ့ကတော့ လွတ်လာသူတွေအတွက် ဝမ်းသာသလို ကျန်ရှိနေသူတွေအတွက်လည်း အားလုံးမိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အမြဲတမ်း အကျဉ်းထောင်တွေကို အာရုံစိုက်ပေးကြဖို့ ဒါကိုပဲ အဓိကမေတ္တာရပ်ခံချင်ပါတယ်။"

၂၀၂၁ အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဇန်နဝါရီ ၃ ရက်ထိ စာရင်းပြုစုထားမှုအရ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၃ သောင်းနီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောထားပါတယ်။ ဒီနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်သူတွေထဲမှာ နိုင်ငံခြားသား ၁၈၀ ပါဝင်ပါတယ်။ အများစုက တာချီလိတ်မှာ လောင်ကစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်းလူမျိုးအများစုဖြစ်ပြီး မြန်မာ့ရေပိုင်နက်မှာ ငါးဖမ်းတဲ့ ငါးဖမ်းသင်္ဘောက အင်ဒိုနီးရှားသင်္ဘောသားတွေ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ၂၀၂၄ ဒီဇင်ဘာတုန်းက မြန်မာ့ရေပိုင်နက်ထဲမှာ ရေတပ်က ဖမ်းဆီးခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက် ပါ မပါကိုတော့ သူက ပြောမသွားခဲ့ပါဘူး။