မြန်မာအသင်း SEA Game ဗိုလ်လုပွဲတက်

ဗီယက်နမ်အသင်းကိုအနိုင်ရပြီး ဗိုလ်လုပွဲတက်ရတော့မယ့် မြန်မာအသင်းက လာရောက်အားပေးတဲ့ ပရိသတ်ကို နှုတ်ဆက်နေစဉ်။ (ဇွန် ၁၃၊ ၂၀၁၅)

အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲ SEA Games မှာ အသက် ၂၃ နှစ်အောက် ဘောလုံးအကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ဗီယက်နမ် အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပြီ ဖြစ်ပါတယ်။ တနေ့တည်းမှာပဲ တဘက်ပွဲစဉ်အတွင်း အကြိုဗိုလ်လုခဲ့ကြတဲ့ ထိုင်းနဲ့အင်ဒိုနီးရှား အသင်းတို့ထဲက အနိုင်ရခဲ့တဲ့ထိုင်းအသင်းနဲ့ မြန်မာအသင်းတို့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ခြေစွမ်းနဲ့ ဗိုလ်လုပွဲ အကြိုသုံးသပ်ချက်ကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ဒီနေ့ ညနေခင်း စကာၤပူအမျိုးသား အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ မြန်မာ U 23 နဲ့ ဗီယက်နမ် U 23 အသင်းတို့ရဲ့ အကြိုဗိုလ်လုပွဲမှာတော့ မြန်မာတို့က ၂ ဂိုး တဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပြီ ဖြစ်ပါတယ်။ပထမပိုင်း ၃၉

ပထမဂိုးသွင်းလိုက်တဲ့ ကျောနံပါတ် (၅) စည်သူအောင်။ (ဇွန် ၁၃၊ ၂၀၁၅)

မိနစ်မှာ မြန်မာအသင်း ပြစ်ဒဏ်ဘောရပြီး ကျောနံပါတ် ၅ စည်သူအောင်က ပထမဆုံး ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ၇၁ မိနစ်အရောက်မှာတော့ ဗီယက်နမ် အသင်း နံပါတ် ၂၅ Vo Huy Toan က ချေပဂိုး သွင်းယူခဲ့တာကြောင့် သရေဖြစ်သွားခဲ့ပါတယ်။

ဂိုးသွင်းပြီးချိန်မှာတော့ ဗီယက်နမ် အသင်း နံပါတ် ၂၅ Vo Huy Toan က ခြေအိတ်ထဲမှာ ထည့်လာတဲ့ ဗီယက်နမ်နိုင်ငံတော်အလံကိုထုတ်ပြီး အောင်ပွဲခံခဲ့တာကြောင့်လည်း မကြုံစဖူး ထူးကဲတဲ့ အောင်ပွဲခံနည်းဆိုပြီး နိုင်ငံတကာသတင်းတွေထဲမှာရော ဘောလုံးပွဲကြည့် ပရိသတ်ထဲမှာပါ ပြောစရာဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်တို့ ချေပဂိုးသွင်းပြီး ၈ မိနစ်

နေလင်းထွန်းနဲ့ ဗီယက်နမ် နံပါတ် ၂၅ Que Ngoc Hai

အကြာမှာ မြန်မာအသင်းဘက်က နံပါတ် ၈ နေလင်းထွန်းက မြန်မာအသင်းရဲ့အောင်ပွဲကို ဆောင်ကျဉ်းနိုင်ခဲ့တဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး မြန်မာအသင်းက ၂ ဂိုး တဂိုးနဲ့ အနိုင်ရ ဗိုလ်လုပွဲကို တက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ တဘက်က ထိုင်းနဲ့ အင်ဒိုနီးရှားတို့ စကာၤပူ အမျိုးသားအားကစားကွင်းမှာ အကြိုဗိုလ်လုကြတာမှာတော့ ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို ၅ ဂိုး သွင်းခဲ့ပြီး ပေးဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ဗိုလ်လုပွဲတက်သွားပြီး လာမယ့် ၁၅ ရက်နေ့မှာကြရမှာ ဖြစ်ပါ တယ်။ မြန်မာတို့အနေနဲ့ ထိုင်းနဲ့ခြေစမ်းပွဲမှာ ရှုံးနိမ့်ထားတာကြောင့် လာမယ့်ဗိုလ်လုပွဲမှာ မြန်မာဘက်က ဘာတွေ သတိထားဖို့လိုသလဲ ဆိုတာကိုတော့ ဘောလုံးနည်းပြဟောင်းလည်းဖြစ်၊ လက်ရှိ ဘောလုံးအဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သူ ဦးခင်မောင်ခိုင်ကတော့ အခုလို ပြောပါတယ်။

Nguyen Huy Hung (အလယ်လူ) နဲ့ ကိုဦးရဲ (ယာ) တို့ ဘောလုံးလုနေကြတဲ့မြင်ကွင်း။

“အခု ဗမာအသင်းကစားနေတာက ကစားနေတဲ့ပုံစံက သိပ်ကောင်းတယ်။ သူက live ဖြစ်တယ်။ ဟိုဘက်အသင်း၊ တဘက်အသင်းသားတွေ ချွေးပျံသွားတယ်။ ဗီယက်နမ်တောင်မှ ခြေကုန်လက်ပမ်းကျသွားသေးတာပဲ။ အဲဒီတော့ ထိုင်းကိုလည်း ဒီပုံစံနဲ့ကစားရင် ကျနော်တို့ ကြောက်စရာမလိုဘူးလို့ ကျနော် ယူဆတယ်။”

အားကစားကလောင်ရှင် ဦးချစ်ဝင်းမောင်ကတော့ မြန်မာအသင်းအနေနဲ့ စိတ်ဓာတ်အင်အား ကောင်းကောင်းနဲ့ ဆက်လက် ကစားသွားမယ်ဆိုရင် ထိုင်းအသင်းကို ကောင်းကောင်း ရင်ဆိုင်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

“အခု မှန်တာပြောရမယ်ဆိုလို့ရှိရင်တော့ ထိုင်းကတော့လက်ရှိချန်ပီယံလည်းဖြစ်တယ်၊ ဒီပြိုင်ပွဲမတိုင်ခင် အခု U 23 ပွဲဟာ ထိုင်းမှာ ထိုင်းအသင်းနဲ့ ခြေစမ်းတော့ ကျနော်တို့က သူတို့အသင်းကို ရှုံးထားတယ်ခင်ဗျ။ ရှုံးထားတော့ ဘာပဲပြောပြော နည်းပြဆရာက အခု တကယ်ပြန်တွေ့မယ်ဆိုရင်တော့ ထိုင်းကို ဘယ်လိုကစားရမယ်ဆိုတဲ့ နည်းဗျူဟာ ချမှတ်ပြီးတော့ ကစားမယ်ထင်တယ်။ အဲဒီတော့ သေချာတာတခုကတော့ ထိုင်းနဲ့တွေ့ရင် ကျနော်တို့ ဘက်ကတော့ သိပ်မလွယ်ပါဘူး။ ထိုင်းက ကျနော်တို့ထက် ပိုကောင်းပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့နည်းပြပေါ့နော်- စောစောက ပြောသလိုပဲ၊ ခြေစမ်းပွဲမှာလည်းတွေ့ထားတယ်၊ အခြေအနေကိုလည်း သူက ပိုသုံးသပ်မိထားတယ်ဆိုတော့ နည်းပြရဲ့နည်းဗျူဟာအတိုင်း အပြောင်းအလဲ ကစားမယ်ဆိုရင်တော့ ထိုင်းကို ကျနော်တို့ ခံကစားနိုင်မယ်လို့တော့ ထင်ပါတယ်။”

Tran Phi Son (ဝဲ) နဲ့ ကိုကိုသိန်းဖြိုးတို့ရဲ့ အကြိုဗိုလ်လုပွဲစဉ်အတွင်း ယှဉ်ပြိုင်မှု။

စကာၤပူမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပွဲမှာ မြန်မာဘောလုံးအသင်း အောင်ပွဲတွေ အဆင့်ဆင့်ရရှိခဲ့သလို မြန်မာပရိသတ်ရဲ့ အားပေးမှုကလည်း အကြိတ်အနယ်ဖြစ်လာပါတယ်။ စကာၤပူ ဘောလုံးကွင်းထဲက မြန်မာပရိသတ် ကွင်းလုံးပြည့်နီးပါး အားပေးခဲ့ကြ သလို မြန်မာနိုင်ငံတွင်း ရန်ကုန် ၊ မန္တလေးတို့လို မြို့ကြီးတွေမှာလည်း ဘောလုံးပရိသတ်တွေ စုဝေးပြီး အကြိတ်အနယ် အားပေး ကြည့်ရှုခဲ့ကြတာပါ။ ဒါပေမယ့်လည်း ဘောလုံးပွဲ ကြေညာနေသူတွေအပေါ်မှာတော့ မချင့်မရဲ ဖြစ်နေကြရတာ ဘာကြောင့်ပါလဲ။

“အခု ပြောနေတဲ့ commentator တွေပေါ့နော်၊ ကွန်မဲန်တေတာတွေက သူတို့က ဘောလုံးပွဲတပွဲကို ဘယ်လို ပြောရမယ်ဆိုတဲ့သဘောတရားကို သူတို့သိပုံမရဘူး၊ ဘောလုံးပွဲ ကွန်မဲန်တေတာနဲ့မတူဘဲနဲ့ ဘောလုံးပွဲအားပေးတဲ့သူတယောက် ပြောသလို ပြောနေတာ။ တကယ်တန်းကျတော့ ကွန်မဲန်တေတာဆိုတာ သူက မီဒီယာတယောက်ပဲလေ။ ဂျာနယ်လစ်တယောက်ပဲ သူလည်းသူက ဘောလုံးပွဲတပွဲပြောတော့မယ်ဆို အလယ်ကနေပဲပြောရမယ်။ ဘယ်သူက သာသွားပြီ၊ ဘယ်သူက ဘယ်လို …ဒီလိုမျိုး ပြောလို့မရဘူး၊ နံပါတ် (၁) အချက်က fair ဖြစ်အောင် ပြောရမယ့်အနေအထား့ရှိတယ်။ ကမ္ဘာပေါ်မှာ ဥပမာ premier league တို့၊ ဥရောပလိဂ်တွေမှာလည်း ပြောနေတဲ့ Commentator တွေရှိတယ်။ သူတို့က တဘက်အသင်းကို နင်းပြီးတော့ ပြောနေတာမျိုးတော့ မရှိပါဘူး။”

မြန်မာ ဘောလုံးအသင်းဟာ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ SEA Game မှာ ၁၉၆၅ ခုနှစ်ကနေ ၁၉၇၃ ခုနှစ် အထိ ၅ နှစ် ဆက်တိုက် ဘောလုံးမှာ ဗိုလ်စွဲခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဘက်နောက်ပိုင်းမှာတော့ ဗိုလ်မစွဲနိုင်ခဲ့တာ ကြာပါပြီ။ ၁၉၉၃ ခုနှစ်မှာ တကြိမ်နဲ့ ၂၀၀၇ ခုနှစ် တို့မှာ တကြိမ် ဗိုလ်လုပွဲအထိ တက်ခဲ့ပေမယ့်လည်း ၂ ကြိမ်စလုံး ထိုင်းတို့ကို ရှုံးနိမ့်ခဲ့တာ ဖြစ်တာကြောင့် ဒီတကြိမ်မှာတော့ မြန်မာတို့ SEA Game ဖလား အိမ်ကို သယ်လာနိုင်လေမလားလို့ မြန်မာတို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်ရှင်။