၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကိစ္စကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုချက်ယူဖို့ ရှိနေပါတယ်။ ဒါကို ပူးပေါင်းကော်မတီ ဥက္ကဋ္ဌက လွှတ်တော်ကို ရှင်းလင်းဖို့ရှိရာမှာ၊ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံနိုင်ငံရေးပါတီအချို့ကတော့ ကန့်ကွက်ဖို့ ပြင်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီလ ၆ ရက်နေ့က အတည်ပြုခဲ့ပြီးတဲ့နောက် ဒီပူးပေါင်းကော်မတီကို ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့စည်းမလဲ ဆိုတာကို ညှိနှိုင်းဆွေးနွေးပွဲ နှစ်ကြိမ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းရေးမှာ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တချို့ပါတီတွေ ကိုယ်စားပြု ပါဝင်မှုအပေါ်မှာ မကျေလည်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ ပူးပေါင်း ကေ်ာမတီဥက္ကဋ္ဌကနေ လွှတ်တော်ကို တင်ပြမယ့် ကော်မတီအဖွဲ့ဝင်စာရင်းအပေါ်မှာ ကန့်ကွက်ဖို့အတွက် ပြင်နေကြပါတယ်။
ဒီစာရင်းကို လွှတ်တော်က အဆုံးအဖြတ်မရယူမီမှာ ပြန်လည်ညှိနှိုင်းဖို့အတွက် လွှတ်တော်နာယကထံကို ဒီကနေ့ သွားရောက်ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။
“ အန်ကယ်တို့က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကြီးရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ပူးပေါင်းလုပ်ဆောင်နေတယ်။ အားလုံးကလည်းပဲ ဒီညွှန်ကြားချက်တွေအပေါ်မှာ ဆုံးဖြတ်ချက် မချရသေးတာဖြစ်တဲ့အတွက် ဒီဟာကို ပြန်ပြီးတော့ ညှိနှိုင်းပါအုံး။ တစ်ချို့ဆိုရင် ဒီညွှန်ကြားချက်ကို ဌာနချုပ်ကို ပြန်ပို့ထားတယ်။ ဌာနချုပ်က အကြောင်း မပြန်သေးဘူး။ ဆိုတော့ အားလုံးရဲ့သဘောတူညီချက်မပါဘဲနဲ့ လုပ်ငန်းတာဝန်တွေ ချလိုက်တဲ့အခါကျတော့ သူတို့ ခိုင်းသလို လုပ်ရမယ့် ပုံစံဖြစ်နေတာပေါ့နော်။ ဒါကြောင့်မို့ ဒါကို မနက်က ကိုယ်က သွားဆွေးနွေးတယ်။ အဲလိုပဲ တပ်ကလည်း သူတို့ ဒီအပေါ်မှာ မကျေလည်လို့ဆိုပြီး တပ်ပါ ပါလာတဲ့တဲ့သဘောပေါ့။ ကိုယ်ရယ်၊ တပ်က ကိုယ်စားလှယ်တွေရယ် နာယကရော၊ ဒုတိယနာယကရော၊ အခုဆိုရင်တော့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌပေါ့။ သူတို့နဲ့ သွားဆွေးနွေးကြတာဖြစ်ပါတယ်။”
ဒီ ကော်မတီအဖွဲ့ဝင်စာရင်းကို အင်္ဂါနေ့မှာ ကော်မတီဥက္ကဋ္ဌလည်း ဖြစ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ဒုတိယနာယကလည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန် က ပြည်ထောင်လွှတ်တော်ကို တင်ပြပြီး အဆုံးအဖြတ်ခံယူဖို့ ရှိနေတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လူဦးရေ ၄၅ ဦးနဲ့ ဖွဲ့စည်းဖို့နဲ့ ၄၅ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၉ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၈ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ၂ဦး၊ ရခိုင်အမျိုးသားပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁ဦး၊ လွှတ်တော်တွင်းမှာ ကိုယ်စားလှယ် ၁ဦးကနေ ၅ဦးစီအထိရှိတဲ့ ပါတီတွေက ၁၀ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဦးတို့နဲ့သတ်မှတ်ဖု့ိလျာ ထားခဲ့တာဖြစ်ပါတယ်။
ဒီကော်မတီအတွင်းမှာ သဘောထားမတူတာတွေရှိရင် မဲခွဲဆုံးဖြတ်ဖို့ ပါဝင်နေကြောင်းလည်း ဦးသောင်းအေးက ပြောပါတယ်။
၄၅ ဦးပါ ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နဲ့ ရခိုင်အမျိုးသားပါတီ ANP လွှတ်တော်ကိုယ်စားလှယ်တွေက အရင်အစည်းအဝေးတွေမှာ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။
လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဒီအတိုင်း တင်ပြလာရင် ကန့်ကွက်သွားမှာဖြစ်ကြောင်း ANP ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောပါတယ်။
“ ဟိုနေ့က ဆုံးဖြတ်ချက်မှ သေချာမှ မကျဘဲနဲ့။ မကျတဲ့အခါကျတော့ သူတို့ ဖွဲ့စည်းမယ့် မူကြမ်းဆိုတာထွက်လာတယ်။ အရေအတွက်ကတော့ တပ်မတော်တော်က ၈၊ ကျနော်တို့က ၁၊ ကြံ့ခိုင်ရေးက ၂ ပေါ့။ ဘာမှ ပြောခွင့်ဆိုခွင့်မရှိဘဲနဲ့ အတည်ပြုလိုက်ရင်တော့ ထကန့်ကွက်မှာပဲ။ အခြားပါတီကတော့ နံမည်စာရင်းတောင် ပေးပြီးသားဆိုတော့ လက်ခံမယ့် သဘောရှိပါတယ်။ ကြံ့ခိုင်ရေးရယ်၊ ကျနော်တို့ရယ်၊ တပ်မတော်ရယ် ဒီ ၃ဖွဲ့ပါပဲ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ ကော်မတီဝင် အချိုးအစားကို လွှတ်တော်မှာ ပါဝင်တက်ရောက်ခွင့် ရတဲ့ လူဦးရေအချိုးအရ သတ်မှတ်တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄ စတဲ့အချက်တွေအရ ပြင်ဆင်ဖို့ တောင်းဆိုထားသလို၊ ဒီပုဒ်မတွေနဲ့အညီ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးဆိုင်ရာ ပုဒ်မ ၂၆၁ကို ပြင်ဆင်ဖို့လည်း ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားပါတယ်။
Your browser doesn’t support HTML5