(Zawgyi/Unicode)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိကြောင်း အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံမှာ လိုအပ်တာထက်ပိုပြီး မစိုးရိမ်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုအောင်လွင်ဦးပြောပြမှာပါ။
ပြည်ပက ပြန်လာသူ ၂ ယောက်မှာ COVID-19 ရောဂါ တွေ့ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် ဈေးဝယ်စင်တာတွေမှာ အလုအယက် ဈေးဝယ်တာ အပါအဝင် စိုးရိမ်မှုတွေ ထွက်ပေါ်လာရာက အခုလို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ အများပြည်သူကြား စိုးရိမ်စိတ်တွေ ရှိမယ်ဆိုတာ နားလည်ပေမဲ့ ခေါင်းအေးအေးထား တုံ့ပြန်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ အလေးထား ပြောခဲ့တာပါ။
“COVID-19 ကူးစက်ခံရသူ ၂ ဦးတွေ့တယ်လို့ သတင်း ထွက်လာတာနဲ့ တပြိုင်တည်း ရိက္ခာတွေ ၊ ဈေး အလုအယက်ထွက်ဝယ်သူတွေလည်း ရှိပါတယ်။ ရိက္ခာပြတ်နိုင်တဲ့ အလားအလာမရှိပါဘူး လူအုပ်ထဲသွားပြီး တိုးဝယ်လို့ ရောဂါကူးမယ့်အလားအလာတော့ ပိုပြီးတော့ များပါတယ်။ မပြန့်ဖို့အတွက် ပြည်သူတွေ အဓိကပါ။ ပြည်သူတွေရဲ့ စိတ်တည်ငြိမ်မှု အင်အားကသာ အဓိက ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ၊ ဈေးတွေနဲ့ အရောင်းအဝယ်စင်တာတွေ ပိတ်ဖို့အစီအစဉ်မရှိတာကို အသိပေးပြောလိုပါတယ်။ ဈေးဝယ်တဲ့အခါ မိသားစုလိုက် အစုအဖွဲ့လိုက် မသွားပဲ တဦးတည်း တယောက်တည်း တာဝန်ယူပြီး မိသားစုအတွက် အမှန်တကယ် လိုအပ်တဲ့ ပမာဏကိုပဲ သွားရောက်ဝယ်ယူစေလိုပါတယ်။ လုပ်ငန်းတွေ ၊ စက်ရုံတွေ အလုပ်ရုံတွေကို ပိတ်မယ်၊ မြို့ရွာအဝင်အထွက်တွေကို ပိတ်မယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေ ပျံ့နှံ့နေပါတယ်။ ဒီလို ကောလဟာလတွေကြောင့် ပြည်သူတွေအနေနဲ့ အထိတ်တလန့် မဖြစ်ကြပါနဲ့။”
အခုအခါမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာသူတွေ အများအပြား ရှိနေတာကြောင့် ကျန်းမာရေးအတွက် သတိထားကြဖို့နဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့လည်း သတိပေးသွားပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်လွယ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအပေါ် အထည်ဆိုင်ရှင် ဦးကျော်ဝင်း တို့လို ရန်ကုန်မြို့ခံတွေကတော့ စိုးရိမ်နေကြတာပါ။
“စိုးရိမ်ရတာပေါ့ မြန်မာပြည် ကိုယ့်နိုင်ငံက မတိုးတက်တဲ့နိုင်ငံ ၊ ဆေးရုံတွေဘာတွေမှာလည်း ဘာပစ္စည်းမှလည်း မရှိဘူး။ ဖြစ်လာရင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ ။ ဒါတွေ စိုးရိမ်တယ် သူများ ခေတ်မှီတဲ့နိုင်ငံတွေတောင် မထိန်းနိုင် မသိမ်းနိုင်ဖြစ်နေတာ ကိုယ့်နိုင်ငံ ဆိုဘယ်လိုလုပ်မလဲ အဲဒါတွေ တွေးပူရတာပေါ့။”
ရန်ကုန်မြို့က ဥပဒေဝန်ထမ်း မမေ ကလည်း နေ့တဓူ၀ အများပြည်သူကြား သွားလာနေရတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှာ စိုးရိမ်ကြောင်း ပြောပါတယ်။
“ကျမတို့ အခြေအနေနဲ့ဆိုရင် ဘက်စ်ကားစီးတာတို့ဆိုရင် မလွှဲမရှောင်နိုင် ကိစ္စရပ်တွေပေါ့နော် ။ အဲလိုဆိုပေမယ့် အတတ်နိုင်ဆုံးတော့ ကိုယ့်ဟာကိုယ် လုံလုံခြုံခြုံတော့ နေသင့်တယ်ပေါ့နော်။ ဒီမြန်မာနိုင်ငံမှာက လိုက်နာမှုအား တော်တော်နည်းပါသေးတယ်။”
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ မသင်္ကာစရာ ရောဂါလက္ခဏာတွေ့တယ်ဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အချိန်မှီပြသဖို့လည်း မိန့်ခွန်းမှာ ပြောဆိုထားတာပါ။ ကမ္ဘာ့ကပ်ရောဂါ ကြုံနေရချိန်မှာ သတင်းမှားတွေ ကောလဟလတွေကို သတိထားကြဖို့နဲ့ လူအများ အထိတ်တလန့်နဲ့ တည်ငြိမ်မှုကို ထိခိုက်စေမယ့် စကားတွေ မပျံ့ပွားအောင် ရှောင်ကျဉ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5
...................
(Unicode)