ဇန်နဝါရီ ၁၂ရက်နေ့ ဖြူးမြို့ရဲ့ အနောက်ဖက် ၂၄မိုင်အကွာ ပဲခူးရိုးမထဲကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ ပြင်းအား ၆.၀ ရှိတဲ့ ငလျင်အပါအဝင် အခု ၂၀၁၈ခုနှစ်ရဲ့ ပထမ နှစ်လအတွင်း မြန်မာနိုင်ငံ တဝှမ်း ဒေသ ပေါင်းစုံမှာ ပြင်းအား သိပ်မများတဲ့ ငလျင်ပေါင်း ၃၀ကျော် လှုပ်ခတ်ခဲ့ပါတယ်။ ကာလရှည် ခန့်မှန်းချက် အရ ဆိုရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စတဲ့ မြို့ကြီးတွေရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့တလျောက် အင်အား ပြင်းတဲ့ ငလျင်လှုပ်နိုင်ခြေ အထူးသတိပြုဖို့ လိုနေပြီလို့ မြန်မာနိုင်ငံ ငလျင်ကော်မတီဘက်က ပြောပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြော ပြပေးပါမယ်။
ဖေဖော်ဝါရီ ၃ရက်နေ့က တာချီလိတ်မြို့ရဲ့ အနောက်မြောက်ဘက်၂၈ မိုင်အကွာမှာ ပြင်းအား ၅.၁ ရှိတဲ့ အင်အားသင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီ ၄ရက်နေ့မှာတော့ ဒေးဒရဲမြို့ရဲ့ အရှေ့ဘက် ၁၂ မိုင်ခန့်အကွာမှာ ပြင်းအား ၄.ဝရှိတဲ့ မြေငလျင်တွေ လှုပ်ရှားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ရဲ့ ပထမ နှစ်လအတွင်း ငလျင် စုစုပေါင်း အကြိမ် ၃၀ကျော် လှုပ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မြေငလျင် တိုင်းတာရေး ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းက အခုလို ပြောပြပါတယ်။
"ဒီမှာတော့ ဇန်နဝါရီ ၁ ရက်နေ့ကနေ ကျနော်တို့ ကောက်ထားတာပေါ့နော်။ ဇန်နဝါရီ ၁ ရက်နေ့ကနေပြီးတော့ ယနေ့အထိပေါ့နော် အကြိမ်ပေါင်း ၃၄ ကြိမ်လောက်ရှိပါတယ်။ ဖြူးမှာ လှုပ်ခဲ့တဲ့ ငလျင်ကတော့ ဇန်နဝါရီ ၁၂ ရက်နေ့ကလှုပ်ခဲ့တာပေါ့နော် အဲဒါကတော့ အင်အားကတော့ ၆.၀ ရှိပါတယ်။ အခြားဟာတွေကတော့ ၅ ကျော်ကျော်ပေါ့ ၄ ကျော်ကျော်အင်အားတွေရှိပါတယ်။"
ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေဟာ ပြတ်ရွေ့တခုတည်းရဲ့ အနီးဝန်းကျင်မှာ လှုပ်နေတာမဟုတ်ဘဲ မြန်မာနိုင်ငံ တဝှမ်း ဒေသပေါင်းစုံမှာ လှုပ်ခတ်နေတာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်သဘော မျိုးဖြစ်တာမို့ အလွန်အမင်း စိုးရိမ်စရာမလိုပေမယ့် လျစ်လျူရှုလို့တော့ မရဘူးလို့ မြေငလျင် ပညာရှင် တွေက ထောက်ပြကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ဒုဥက္ကဌ ဦးမျိုးသန့်က အခုလို ပြောပြပါတယ်။
"ငလျင်သေးသေးလေးတွေက ဘယ်ပြတ်ရွေ့ကလှုပ်သလဲဆိုတာ ပထမဦးဆုံး ကျနော်တို့ သိဖို့ လိုတယ်။ ပြတ်ရွေ့တခုတည်းရဲ့ အနီးပတ်ဝန်းကျင်မှ တောက်လျှောက်လှုပ်နေတာလား ဒါမှ မဟုတ်ပဲ မြန်မာနိုင်ငံတဝှမ်းပေါ့ ဘက်ပေါင်းစုံကနေပြီးတော့ လှုပ်နေသလားပေါ့။ တကယ်လို့ ကျနေ်ာတို့က ဟိုနေရာကလှုပ်၊ ဒီနေရာက လှုပ် နေရာပေါင်းစုံက လှုပ်နေတယ်ဆိုရင်တော့ စိုးရိမ်စရာမရှိဘူးပေါ့။ အဲလိုမှ မဟုတ်ပဲ ပြတ်ရွေ့တခုတည်းကနေ လှုပ်နေတယ် စိုးရိမ်ရမယ်။ လေ့လာတွေ့ရှိသလောက်ဆိုရင်တော့ ကျနော်ထင်တယ် အနောက်ဘက်ခြမ်းတွေကတော့ နည်းနည်းလေး များတာပေါ့ ၊ အနောက်ဘက်ခြမ်းဆိုတာက အိန္ဒိယနဲ့ မြန်မာ နယ်စပ်လိုမျိုးတွေ။ ဒီမှာရှိတာတွေကတော့ အရင်ကတည်းကကို သေးသေးလေးတွေ မကြာခဏ လှုပ်လေ့လှုပ်ထရှိတဲ့အတွက် သိပ်တော့လည်း စိုးရိမ်စရာမရှိဘူးပေါ့။ သို့သော်လည်း လစ်လျူရှု့လို့တော့မရဘူး။"
ဒါပေမယ့် တဖက်မှာလည်း ကာလရှည် ခန့်မှန်းချက်အရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စတဲ့ မြို့ကြီးတွေရှိတဲ့ စစ်ကိုင်းပြတ်ရွေ့တလျောက်မှာတော့ အင်အားပြင်း ငလျင်လှုပ်ခတ်နိုင်ခြေကို အထူးဂရု ပြုဖို့ လိုနေပြီလို့ ဦးမျိုးသန့်က အခုလိုပြောပြပါတယ်။
" မြို့ကြီးတော့ ရှိနေတဲ့ ပြတ်ရွေ့တလျောက်ပေါ့နော် ၊ ဥပမာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း ဒီ မြို့တွေ ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့တလျောက် ကာလရှည် ခန့်မှန်းထားချက်တွေအရဆိုရင် အဓိက ငလျင်ကြီး လှုပ်မယ်ဆိုရင် လှုပ်ဖို့ရာအတွက် အရမ်းဖြစ်နိုင်ခြေက များနေတာပေါ့နော်။ ခုန ကျနော်ပြောတဲ့ သေးသေးလေးတွေ လှုပ်တဲ့ ငလျင်တွေကို ဖယ်ထားလိုက်ဦးတော့ ဒီပြတ်ရွေ့တလျောက်မှာ ငလျင်ကြီးလှုပ်နိုင်ခြေကတော့ များတယ်လို့ ကောက်ချရှိတာပေါ့။ ကျနော်တို့က စစ်ကိုင်းပြတ်ရွေ့ရှိတဲ့အခါကျတော့ ၂၀၁၂ ပေါ့နော် သပိတ်ကျင်း ငလျင်လှုပ်တဲ့အပိုင်းကလွဲလို့ ကျန်တဲ့အပိုင်းတွေက လှုပ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်အကြီးကြီးလှုပ်ဖို့ဆိုတာက နောက်ဆုံးလှုပ်ခဲ့တဲ့ငလျင်နဲ့ ပြန်တွက်ကြည့်ရတာပေါ့။ နောက်ဆုံးလှုပ်ခဲ့တဲ့ငလျင် နှစ်ကနေပြီးတော့ ဘယ်လောက်ကြာနေပြီလဲ ။ ၂၀၁၂ ဆိုတော့ သိပ်မကြာသေးဘူး ၆ နှစ်လောက်ပဲ ရှိသေးတယ် ပြန် ငလျင်လှုပ်ဖို့ဆိုတာက အခွင့်အလမ်းအရမ်းနည်းသေးတယ်။ ဒါပေမယ့် ကျန်တဲ့အပိုင်းဖြစ်တဲ့ ၁၉၂၉-၃၀ မှာ လှုပ်ခဲ့တဲ့ ဖြူး ပဲခူးအပိုင်းတွေ ကျနော်တို့က သတိထားရမယ်။ နောက်တခါ ၁၈၃၉ ပေါ့ အင်းဝငလျင်လှုပ်ခဲ့တဲ့ အမရပူရ အင်းဝကနေ မိတ္တိလာ နေပြည်တော်ပေါ့နော် ဒီအပိုင်းတွေက သတိထားရမယ်။"
မြန်မာနိုင်ငံမှာ အကြီးမားဆုံးပြတ်ရွေ့ဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်မှာ ၂၀၁၂ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ သပိတ်ကျင်း ငလျင်လှုပ်ခတ်မှုအပိုင်းကလွဲရင် ကျန်ငလျင်လှုပ်ခတ်ခဲ့ဖူးတဲ့ နေရာ အများစုမှာ အချိန်မရွေး ငလျင်လှုပ်ခတ်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အင်အားပြင်း ငလျင်တွေလှုပ်ခတ်တဲ့အခါ ငလျင်ဗဟိုချက်နဲ့ နီးကပ်နဲ့နေရာတွေမှာ အပျက်အစီး အဆုံးအရှူံးတွေ များပြားနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုအပ်တယ်လို့ ပညာရှင် တွေက အကြံပြု ပြောဆိုထားပြီး ငလျင်အန္တရာယ်ဟာ တိုက်တာအဆောက်အဦးတွေ အနှိမ့်အမြင့်နဲ့ မဆိုင်ဘဲ အဆောက်အဦးတည်ရှိတဲ့ မြေနေရာ အနေအထား၊ ငလျင်ပြတ်ရွေ့နဲ့ အကွာအဝေး၊ အဆောက်အဦးရဲ့ ငလျင်ဒဏ် ခံနိုင်ရည်တို့ အပေါ်မှာ မူတည်တယ်လို့ ပညာရှင်တွေက ထောက်ပြကြ နေကြတာလည်း ဖြစ်ပါတယ်
Your browser doesn’t support HTML5