မြန်မာနိုင်ငံအတွင်း ခိုင်မာတဲ့ ငွေကြေးစံနစ်မရှိတာနဲ့ စီးပွားရေးလုပ်ငန်း စတင်လုပ်ဆောင်သူတွေအပေါ် အခွန်ကောက်ခံမှု မြင့်မားလွန်းတာတွေကြောင့် စွန့်ဦးတီထွင် စီးပွားလုပ်ကိုင်လိုသူ လူငယ်တွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပထမအကြိမ်မြောက် Myanmar Entrepreneurship Summit ၂၀၁၆ ကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ် စီးပွားရေးလုပ်ငန်းရှင် မရူပါကျော်က ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အောက်တိုဘာလ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ်မြောက် Myanmar Entrepreneurship Summit ၂၀၁၆ ကိုတော့ MYEA - မြန်မာနိုင်ငံ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအသင်းက ကြီးမှူးပြီး USAID - အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီရဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းရဲ့ ကူညီ ပံ့ပိုးမှုနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
စွန့်ဦးတီထွင် စီးပွားရေး စတင်လုပ်ကိုင်လိုသူ လူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အစိုးရပိုင်းက တာဝန်ရှိသူတွေ အပါအဝင် ငွေချေးနိုင်တဲ့ ဘဏ်လုပ်ငန်းရှင်တွေ သိရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး ဒီ စည်းဝေးပွဲကို ကျင်းပတာလည်း ဖြစ်ပါတယ်။
မခင်ရူပါကျော်ဟာ Vantage Health Solution – Consultancy ကုမ္ပဏီကို ပူးတွဲ စတင်တည်ထောင်သူတဦးဖြစ်သလို ကုမ္ပဏီရဲ့ အမှုဆောင်ညွန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။ သူက - စီးပွားရေး စတင်လုပ်ကိုင်လိုသူ လူငယ်တွေအနေနဲ့ ရင်းနှီးမတည်ငွေအဖြစ် အသုံးပြုနိုင်မယ့် ချေးငွေ အလွယ်တကူ မရနိုင်တာဟာ အကြီးမားဆုံး အခက်ခဲတခုဖြစ်တယ်ဆိုတာကို ဒီ စည်းဝေးပွဲကို တက်ရောက်လာတဲ့ လူငယ် စီးပွားရေးလုပ်ငန်းရှင်တွေက တင်ပြခဲ့ကြတယ်လို့ ပြောပါတယ်။
“အဓိက လူငယ်တွေဘက်က Point out လုပ်တာက Entrepreneur ကို စတဲ့အချိန်မှာ Access to finance က အရမ်းခက်နေတယ်ပေါ့နော်။ သူက Entrepreneur ဖြစ်တဲ့အတွက်ကြောင့်မို့လို့ financial statement ကောင်းကောင်းရရမယ်ပေါ့နော်။ အဲဒါကို bank တွေက loan မပေးချေးနိုင်ဘူးပေါ့နော်။ အဲဒါကိုရော ဘယ်လိုမျိုးစဉ်းမျဉ်းတွေကနေ ဖြေလျှော့ပေးမှာလည်း။ တခုက tax အဲဒီကိစ္စကတော့ အရမ်းများနေတယ်ဆိုတဲ့ ကိစ္စတွေ အဲဒါတွေပြောတယ်။ tax ကိုအများကြီးပေးနေရတယ်။ အဲဒါကို ပြောချင်တာသူတို့က။”
စီးပွားရေး စတင်လုပ်ကိုင်နေတဲ့ လူငယ်တွေအနေနဲ့ Mentor လို့ခေါ်တဲ့ ဦးဆောင် လမ်းပြပေးနိုင်သူ၊ လိုအပ်တဲ့ အကြံဉာဏ်တွေကို ပေးနိုင်သူတွေ အလွယ်တကူ ရှိမနေတာဟာလည်း လက်ရှိမှာ စွန့်ဦးတီထွင် စီးပွားလုပ်ကိုင်နေတဲ့ လူငယ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက တခုဖြစ်တယ်လို့ မခင်ရူပါကျော်က ပြောပါတယ်။
စည်းဝေးပွဲရဲ့ မူလရည်ရွယ်အရကတော့ တက်ရောက်လာတဲ့ လူငယ် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မူဝါဒ ချမှတ်သူတွေ၊ ငွေချေးနိုင်တဲ့ ဘဏ်တွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေ တွေ့ဆုံပေးရေးဖြစ်ပေမယ့်လည်း Panel Discussion လို့ခေါ်တဲ့ အကြောင်းအရာလိုက် သီးခြား ဆွေးနွေးတဲ့ အခမ်းအနားတွေကို အစိုးရဘက်က တာဝန်ရှိသူတွေ သိပ်မတက်ကြဘူးလို့ သူက ထောက်ပြပါတယ်။
“Discussion တွေဘာတွေ အစိုးရဌာနဘက်က ထိုင်တဲ့လူတွေနည်းသွားတယ် ဥပမာ သူရရွှေမန်းတို့။ နောက်တခုက ပြန်သွားတယ် သိပ်စိတ်မဝင်စားဘူးပေါ့နော် တကယ်တမ်းကျတော့ သူတို့တွေ ဆက်ရှိသင့်တယ်ပေါ့နော်။ ဒါပေမယ့် Private bank တွေဘာတွေလည်း Central Bank တွေလည်းရှိတော့ သူတို့ တွေကတော့ လူငယ်တွေဖြစ်ချင်တာ ဘာဖြစ်ချင်တာလဲဆိုတာတွေ ကြားသွားတယ်။ ပြဿနာက အရင်တုန်းက ခေတ်အဆက်ဆက်မှာ ရှိခဲ့တဲ့ law တွေ procedure တွေက သူတို့မှာ လုပ်စရာတွေ အများကြီးပဲ။ သူတို့ဖြေသွားတာတွေက သူတို့ လုပ်တော့လုပ်တယ် ဒါပေမယ့် လုပ်စရာတွေက များတယ် ၊ လာမယ် ကြာမယ်ဆိုတဲ့ဟာတွေ အဲဒါတွေပဲဖြေသွားတယ်။ အရမ်းကြီး မဖြစ်နေဘူးပေါ့နော် ဖြေးဖြေးချင်းပဲ ဆိုတာမျိုးပဲ စိတ်ထဲမှာ ခံစားခဲ့ရတာပေါ့နော်။ ဥပမာဆိုရင် ရိုးမဘဏ်ကလာတယ်၊ အဲဒါ Entrepreneur အတွက်ကို loan ချေးမယ်။ အဲဒါဆိုရင် ဘာတွေပြရမှာလဲ ဒါပေမယ့် သူတို့က SME အတွက်ကို သေချာစဉ်းစားထားတာမရှိဘူး။”
NLD အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း အရင်အစိုးရ အဆက်ဆက်ကထက်စာရင် စာရွက်စာတမ်းကိစ္စတွေမှာ ပိုမို လွယ်ကူလာတာတွေ ရှိတယ်လို့ မခင်ရူပါကျော်က ပြောပါတယ်။
“အစိုးရဘက်က ပေါ်လစီက တချို့ကောင်းတာလေးတွေကောင်းလာတယ်။ ဥပမာဆိုရင် စီးပွားရေးလုပ်ငန်းကို တွန်းပို့တာအတွက်က law တွေ Procedure တွေ registration လုပ်တော့မယ်ဖြစ်ဖြစ် အရင်တုန်းက အရမ်းခက်တယ်လေ အခုဟာက လွယ်လာတယ် ပိုပြီးတော့ process က မြန်လာတယ်။ နောက်ပြီးတော့ ဒီအတွက်စလုပ်နေပြီ။ Tax ကပေးရတော့မယ် နောက်ပြီးပေးရတော့မယ်ဆိုရင် ကိုယ်က စမလို့ပဲရှိသေးတယ် အဲလိုမျိုးဖြစ်နေတဲ့အခါကျတော့ တခါတလေ အဲဒါတွေက ကိုယ့်အတွက် discouraging ပေါ့နော် အဲလိုမျိုးတွေဖြစ်နေတာ။”
အရင် အစိုးရတွေ လက်ထက်တုန်းက Entrepreneurs လို့ခေါ်တဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကိုယ်ပိုင် စီးပွား စတင်လုပ်ဆောင်လိုသူတွေ၊ လူငယ်တွေကို အားပေး အားမြောက်လုပ်ပေးခြင်း မရှိခဲ့တဲ့ အခြေအနေကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို အစိုးရအဖွဲ့အတွင်း တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေ အာရုံစိုက်လာအောင် လုပ်ဆောင်ပေးတဲ့အဆင့်ကို ရောက်လာတဟာလည်း တိုးတက်မှု အဖြစ် ရှုမြင်ရမှာဖြစ်ကြောင်း မခင်ရူပါကျော်က ပြောပါတယ်။
ပထမအကြိမ်မြောက် Myanmar Entrepreneurship Summit ၂၀၁၆ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာလည်း ကနေ့ခေတ် လူငယ်တွေရဲ့အခန်းကဏ္ဍ အရေးပါပုံ၊ လူငယ်တွေအနေနဲ့ လူကြီးတွေထက် အခွင့်အရေး ပိုရှိပုံ၊ ဒါကြောင့် ရတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စည်းစည်းလုံးလုံးနဲ့ တိုးတက်ကြီးပွားအောင် လုပ်ဆောင်ကြဖို့အတွက် တိုက်တွန်း ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5