မြန်မာစီးပွါးရေး ကျပြီးရင်းကျ

ယခင်မှတ်တမ်းရုပ်ပုံ | အာဟာရဒါနလှူဒါန်းတာကို တန်းစီနေကြတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၇၊ ၂၀၂၂)

စစ်ကောင်စီလက်ထက်မှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရတာတွေရော နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေကျဆင်းလာတာ၊ သွင်းကုန်တွေကန့်သတ်ခံရတာ၊ ပို့ကုန်တန်ဖိုးကျဆင်းတာနဲ့ ကုန်ဈေးနှုန်းမြင့်တတ်တာတွေကြောင့် မြန်မာ့စီးပွားရေးဟာ ပိုဆိုးလာပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပါတယ်။ 

ဒီရက်ပိုင်း သတင်းတွေထဲမှာ တရုတ်နဲ့ကုန်သွယ်ရင် တရုတ်နိုင်ငံသုံးငွေကြေး "ယွမ်"ကို အသုံးပြုပြီး ငွေပေး ငွေယူလုပ်ဖို့၊အိန္ဒိယနဲ့ ကုန်သွယ်ရင် အိန္ဒိယနိုင်ငံသုံး ငွေကြေး ရူပီးကို အသုံးပြုပြီး ငွေပေးချေမှုတွေလုပ်ဖို့ စစ်ကောင်စီအနေနဲ့ ကြိုးပမ်းလာတာ၊ ကုန်သည်တွေကို ညွှန်ကြားလာတာတွေ့ရပါတယ်။ ကုန်သွယ်ရေးမှာ အသုံးပြုနေကြ အမေရိကန်ဒေါ်လာနေရာမှာ ယွမ်နဲ့ ရူပီးကို အစားထိုးသုံးစွဲမယ်ဆိုတဲ့ သဘောပါ။ စစ်ကောင်စီအနေနဲ့ ဘာကြောင့် အခုလို အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်နဲ့ အိန္ဒိယရူပီးကို ပြောင်းလဲ အသုံးပြုဖို့ လုပ်ဆောင်လာရတာပါလဲ။ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးကတော့ ဒါဟာ စစ်ကောင်စီလက်ထဲမှာ ဒေါ်လာငွေလျော့နည်းပြတ်လပ်လာတယ်ဆိုတာကိုပြသနေတဲ့သဘောပါ။ ပြီးတော့အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ စီးပွါးရေး ဆန်ရှင်(Sanctions)တွေရဲ့ အကျိုးသက်ရောက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလားဆိုတဲ့ဆောင်းပါးကို ဇွန် ၂၀ ရက်နေ့က ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။ အဲဒီဆောင်းပါးမှာ
"နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ပြည်ပသို့ စီးထွက်နေမှုကို ပို့ကုန်၊ သွင်းကုန်လိုင်စင် ကန့်သတ်ချက် အပါအဝင် တတ်နိုင်သည့် နည်းလမ်းများဖြင့် ထိန်းချုပ်သည့်တိုင် အမေရိကန်ဒေါ်လာမှာ ခန်းလာသဖြင့် တရုတ်ယွမ်ငွေကို အစားထိုးရန် ကြံရွယ်လာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီ(FESC) က တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်၊ သွင်းကုန်အတွက် ပြည်တွင်းဘဏ်များ၌ ယွမ်ငွေဖြင့် ငွေစာရင်းဖွင့်ပြီးမှသာ ကုန်သွယ်ရေး လိုင်စင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်”လို့ရေးသားထားပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ရရှိတဲ့ပို့ကုန်ရငွေဟာ ၂၀၁၉-၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံရှိခဲ့ရာက ၂၀၂၂-၂၀၂၃ မှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံသာရှိတယ်။ ဒါကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပို့ကုန်ရငွေဟာ ၂ နှစ်အတွင်းမှာ ၃ ဘီလီယံကျဆင်းသွားတယ်။ ထို့အတူ ပို့ကုန်ရငွေကရတဲ့ အမေရိကန်ဒေါ်လာဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ်ကို ပေးသွင်းရပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပို့ကုန်တင်ပို့သူက ရရှိတဲ့ ကန့်သတ်ချက်ကြောင့်လည်း ပို့ကုန်တင်ပို့မှုဟာ ကျဆင်းလာတယ်။၂၀၂၂-၂၃ ဧပြီ၊မေ နှစ်လနဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီ၊မေ ကာလတူ နှစ်လနှိုင်းယှဉ်ကြည့်ရင် ပို့ကုန်ရငွေဟာ အမေရိကန်ေါ်လာ ၆၀၂ သန်းကျော် ကျဆင်းသွားတယ်လို့လည်း ဧရာဝတီဆောင်းပါးမှာ ထောက်ပြထားတာတွေ့ရပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်လမ်းဘေးဈေးတခုမှာ ဈေးဝယ်နေကြသူများ (မတ် ၃၀၊ ၂၀၂၂)

ဒီလိုအချိန်မှာပဲမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုဘဏ်နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တွေကို ဇွန်လ ၂၀ ရက်နေ့ကစတင်ပြီး အမေရိကန်က စီးပွါးရေးအရဒဏ်ခတ် ပိတ်ဆို့မယ်(Economic Sanctions)လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ အကျိုးဆက်ကတော့ ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ တက်လာပါတယ်။ ဒေါ်လာဈေးက တစ်ဒေါ်လာ သုံးထောင်ကျပ်ဝန်းကျင်ဖြစ်လာပြီး ရွှေဈေးက တစ်ကျပ်သားကို ၃၂ သိန်းအထိဖြစ်လာတာတွေ့ရပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီးလည်း ဇွန် ၁၀ ရက် ဧရာဝတီသတင်းမှာ "နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဇောက်ထိုးဆင်းနေ”ဆိုတဲ့ သတင်းတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းမှာ "ယခုနှစ် ပထမ သုံးလပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ် အလားတူကာလကထက် ၆၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) စာရင်းများအရ သိရသည်” လို့ ရေးသားထားပါတယ်။

လောလောဆယ် မြန်မာ့စီးပွါးရေးအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးက အခုလိုပြောပါတယ်။ "စီးပွါးရေးလား မကောင်းဘူးဗျ။ မကောင်းဘူးဆိုတာထက် အခြေအနေတွေက ပိုဆိုးလာတယ်လို့ ပြောရမှာပဲ။ကုန်သွယ်ရေးမှာ ယွမ်၊ရူပီး၊ဘတ် ငွေတွေနဲ့လုပ်ဖို့ စစ်ကောင်စီက ဖိအားပေးလာတယ်။

ရန်ကုန်မြို့ပေါ်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန်တချို့ (စက်တင်ဘာ ၁၅၊ ၂၀၁၆)

စစ်ကောင်စီမှာ ဒေါ်လာအရံငွေကြေးနည်းလာသလို ဒေါ်လာနဲ့ ငွေအလွှဲအပြောင်းလုပ်ရတာလည်း ခက်လာတာကြောင့်ဖြစ်မယ်။ သွင်းကုန်တွေလည်း ကန့်သတ်တာများလာတယ်။ ဒီတော့ စီးပွါးရေးသမားတွေက Trading တို့ Production တို့ကို သိပ်မလုပ်တော့ဘူး။ အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ကား စတဲ့ Assets တွေဘက်မှာပြောင်းပြီး ကစားကြ၊ရင်းနှီးမြှုပ်နှံကြတယ်။ အဲတော့ အိမ်ခြံမြေဈေးတွေအဆမတန်တက်တယ်။ ကားဈေးဆို သုံးဆလောက်တက်သွားတယ်။ မြောက်ဒဂုံဘက်မှာ အာဏာသိမ်းပြီးစက သိန်းတစ်ထောင်နဲ့ ဝယ်ထားတဲ့မြေကွက် ခု သိန်း ၄၅၀၀ လောက်ပေါက်နေတယ်။ ဆန်ဈေးနဲ့ စားသောက်ကုန်ဈေးနှုန်းတွေလည်း နှစ်ဆ၊သုံးဆတက်နေတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အလုပ်တွေကမကောင်းဘူး။ လျှပ်စစ်မီးက မရနဲ့။ ပြောရရင်တော့ စီးပွါးရေးက ပြိုနေပါပြီ”

ကုန်ဈေးနှုန်းတွေ ဆက်တိုက်တက်နေတယ်ဆိုတာကတော့ အထူးပြောဖို့လိုမယ် မထင်ပါဘူး။ ရွှေဘိုပေါ်ဆန်းတစ်ပြည် ၅,၀၀၀ ကျပ်၊ ဇီယာ တစ်ပြည် ၃,၅၀၀ ကျပ်၊ပဲဆီတစ်ပိဿာ ၁၅,၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိသာ ၅,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂,၅၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၂၈၀/၃၀၀ ကျပ်၊ကြက်သားတစ်ပိဿာ ၁၂,၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀,၀၀၀ ကျပ် ဖြစ်နေပါပြီလို့ အခြေခံစားကုန်ဈေးနှုန်းတွေကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းမှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဆက်စပ်ဖတ်ရှုစရာ

ကန်ဒဏ်ခတ်မှု နိုင်ငံခြားငွေ အလွှဲအပြောင်းများ ပိုမိုထိခိုက်ဖွယ်ရှိ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာမှာ စားနပ်ရိက္ခာမလုံလောက်မှု ပိုဆိုးလာ ပြင်ပဒေါ်လာဈေး ကျပ် ၃၀၀၀ ကျော်တက်စားနပ်ရိက္ခာ မလုံလောက်တဲ့ ကမ္ဘာ့ (၁၀) နိုင်ငံမှာ မြန်မာပါဝင်

ဇွန် ၁၄ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ရဲ့ထုတ်ပြန်ချက်မှာ မြန်မာစိုက်ပျိုးရေးထွက်ကုန်ဟာ ၈ ရာခိုင်နှုန်းကျဆင်းမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးထွက်ကုန်ကို အဓိကအားထားရတဲ့နိုင်ငံဖြစ်ပြီး လယ်ယာထွက်ကုန်တန်ဖိုးဟာ GDP ရဲ့ ၃၂ ရာခိုင်နှုန်းရှိတယ်လို့ FAO ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လယ်ယာလုပ်ငန်းမှာ သွင်းအားစုဈေးနှုန်းတွေ မြင့်တက်လာတာ၊ စိုက်ပျိုးရေးထုတ်ကုန်တွေကျဆင်းသွားရတာဟာ ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခြင်းရဲ့ အကျိုးသက်ရောက်မှုကြောင့်ဖြစ်တယ်လို့လည်း FAO ထုတ်ပြန်ချက်ကဆိုပါတယ်။

အခုလို ပို့ကုန်တန်ဖိုးတွေကျဆင်းနေတာ၊သွင်းကုန်တွေကန့်သတ်ခြင်းခံရတာ၊ကုန်ဈေးနှုန်းတွေ ဆက်တိုက်တက်နေတာ၊နိုင်ငံခြားရင်းနှီးမြုပ်နှံတွေ ဝင်မလာတော့တာ၊စိုက်ပျိုးရေးထွက်ကုန်တွေ ကျဆင်းလာတာ၊စီးပွါးရေးဒဏ်ခတ် ပိတ်ဆို့ခံရတာတွေဟာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ရန်ကုန်မြို့က စီးပွါးရေးလုပ်ငန်းရှင်ကတော့ "မြန်မာ့စီးပွါးရေးလား၊ အဆိုးမြင်တာတော့ မဟုတ်ပါဘူး။စစ်ကောင်စီ အုပ်ချုပ်နေသ၍ကတော့ စီးပွါးရေးက ကောင်းလာစရာ မမြင်ပါဘူး။ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့မိသားစုတွေ၊ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်သူ လူတစ်စုအတွက်တော့ မပြောတတ်ဘူး။ကျန်တဲ့ သူတွေအတွက်ကတော့ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဘာလို့လည်းဆို စစ်ကောင်စီကို ဒေသတွင်း အာဆီယံကလည်း မထောက်ခံ၊အသိအမှတ်မပြု။ အမေရိကန်အပါအဝင် အနောက်အုပ်စုနဲ့လည်း အဆင်မပြေဆိုတော့ စီးပွါးရေးက ကောင်းလာစရာမရှိပါဘူး။စစ်တပ်ဟာ နိုင်ငံရေးအရလည်း တည်ငြိမ်အောင် မထိန်းနိုင်တော့သလို စီးပွါးရေးကိုလည်း ထိန်းမထားနိုင်တော့ဘူးလို့ မြင်ပါတယ်” လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

မြန်မာစီးပွါးရေးကျပြီးရင်းကျ"ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း"