နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ အများပိုင်၊ ဘာကို ရွေးကြမလည်း …

ရန်ကုန်ဘူတာကြီး မြို့ပတ်ရထား ပလက်ဖောင်း မြင်ကွင်းတစ်ခု။ ပုဂ္ဂလိကပိုင်ပြုလုပ်မည့် နိုင်ငံပိုင်လုပ်ငန်းများထဲတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဇူလိုင် ၂၁၊ ၂၀၁၁။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းတာ ဒါမှမဟုတ် ကော်ပိုရေးရှင်းအသွင်ပြောင်း ပြီး စီးပွားရေးဆန်ဆန် လုပ်ဆောင်ဖို့ဆိုပြီးတော့ စီးပွားရေးနဲ့လူမှုရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဘောင်ထဲမှာ ဖော်ပြထားပါတယ်။

စီးပွားရေးအရ တွက်ခြေမကိုက်ဖြစ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးတွေကို စီးပွားရေးဆန်ဆန် လုပ်နိုင်အောင် ပြုပြင် ပြောင်းလဲတာဟာ လုပ်သင့်တဲ့အလုပ်ဖြစ်ပေမဲ့ နိုင်ငံနဲ့လူထုအတွက် တကယ်တမ်း အကျိုးရှိဖို့ကတော့ သတိထား လုပ်ရမှာတွေ ရှိတယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက အကြံပေးပါတယ်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်ကြတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာ့ လေကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းတွေကို ကော်ပိုရေးရှင်းအဖြစ် ပုံစံပြောင်း လဲ ဖွဲ့စည်းတာ၊ ပိုပြီး ပွင့်လင်းလာတဲ့ ဈေးကွက်စီးပွားရေးနဲ့အညီ စီးပွားရေးဆန်ဆန်လုပ်ကိုင်ဖို့ ပြင်ဆင်တာတွေ ရှိလာနေပါတယ်။

စွမ်းဆောင်ရည်မပြည့်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေဟာ စားသုံးသူအတွက် စရိတ်အကုန်အကျများစေပြီး အစိုးရမှာလည်း ဘဏ္ဍာငွေကြေးအရ တာဝန်ကြီးတစ်ခုဖြစ်စေတယ်လို့ မြန်မာ့စီးပွားရေးပညာရှင်တစ်ဦးက ထောက်ပြပါတယ်။

ဒါကြောင့်လည်း အဲဒီလိုလုပ်တာဟာ တိုင်းပြည်စီးပွားရေးအတွက် ကောင်းတဲ့လုပ်ရပ်တစ်ခုအဖြစ် မြင်ပါတယ်။

“အခု စီးပွားရေးကို ဒီ့ထက်မြင့်အောင် လုပ်မယ်ဆိုတော့ အစိုးရက သူပိုင်တဲ့၊ သူလုပ်နေတဲ့ ပုဂ္ဂလိကကို လွှဲပြီးတော့ လုပ်ချင်တယ်။ အဲဒီအခါကျတော့ Corporatization လို့ခေါ်တာပေါ့။ အများပိုင်လုပ်ငန်းတွေအဖြစ်နဲ့ ပြောင်းပြီးတော့။ ပုဂ္ဂလိကကို လွှဲတဲ့အခါမှာ ပုဂ္ဂလိကကို ရောင်းတာမဟုတ်ဘဲနဲ့ အများပိုင်အနေနဲ့ ပြောင်းပလိုက်တယ်ဆိုရင် ဒီဟာက Public Corporation တွေဖြစ်ကုန်တာပေါ့။ အဲဒီတော့ နိုင်ငံတော်မှာလည်း ဝန်ထုပ်နည်းနည်း ကျသွားတာပေါ့။”

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦးကျော်မင်းထွန်းပါ။
တိုင်းပြည်တစ်ခုရဲ့ လုပ်ငန်းကြီးတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းတယ်၊ ပုဂ္ဂလိကပိုင်လုပ်တယ်ဆိုတာဟာ တကယ်ကတော့ မကြာသေးခင်ကမှ ဒီမိုကရေစီအုပ်ချုပ်ရေးဘက် အသွင်ပြောင်းဖို့ကြိုးစားလာတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေ၊ ဆိုရှယ်လစ်နိုင်ငံ တွေမှာတင်ရှိတာမဟုတ်ပါဘူး။ အရင်းရှင်နိုင်ငံတွေလို့ ဆိုကြတဲ့ အခြေတည်ပြီးသား ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း ရှိတာပါပဲ။

ဒါပေမဲ့လည်း ဆက်သွယ်ရေးလို၊ ရေနဲ့မိလ္လာလို၊ ရေကြောင်း လေကြောင်းပို့ဆောင်ရေးတွေလို လုပ်ငန်းမျိုးတွေဟာ လုပ်ငန်းကြီး တွေဖြစ်ပြီး လုပ်ငန်းသဘာဝအရကော၊ ငွေရင်းငွေနှီး ကြီးမားတာကြောင့်ရော တစ်ခုထဲလုပ်မှပဲ စီးပွားရေးအရ တွက်ခြေကိုက်မှာ ဖြစ်တာကြောင့် ပုဂ္ဂလိကလက်ထဲကို လုံး၀ လွှဲပြောင်းပေးလိုက်တဲ့အခါ ပြိုင်ဆိုင်မှုမရှိတော့ဘဲ လက်ဝါးကြီးအုပ်စီးပွားရေးမျိုး ဖြစ်သွားနိုင်တဲ့အန္တရာယ်ကရှိနေတာပါ။

မြို့ပတ်ရထားပေါ်တက်ရန် စောင့်ဆိုင်းနေကြသည့် ခရီးသည်များ။ ဇူလိုင် ၂၁၊ ၂၀၁၁။


ဒီအခြေအနေကို ရှောင်လွှဲနိုင်ဖို့ အများပိုင်လုပ်ငန်းတွေ အဖြစ် ပြောင်းလဲရမယ်လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။

“ပုဂ္ဂလိကကို လွှဲပေးပေမယ့်လို့ သူက အစိုးရရဲ့ regulation ကတော့ ဆက်ပြီးတော့ ထိန်းနေ ရတာပေါ့၊ regulation နဲ့ ပြန်ထိန်းရတယ်။ အဲဒါတွေကို သူက ပုဂ္ဂလိကကို ပြန်လွှဲမယ်ဆိုတဲ့ အခါကျတော့ အခုဟာ ပုဂ္ဂလိက တစ်ဦးချင်းကို ရောင်းတာထက် အများပိုင်ပေါ့၊ ဒါကြောင့် corporatization လို့ခေါ်တာ၊ public corporation တွေ ဖြစ်သွားမယ်။ ဆိုလိုတာက ဖွံ့ဖြိုးပြီး တဲ့ နိုင်ငံတွေမှာရှိတဲ့ ရှယ်ယာနဲ့လုပ်တဲ့ public company ကြီးတွေဖြစ်သွားမယ်။ အဲဒီတော့ ရှယ်ယာကို သူက ဘယ်သူဝယ်ဝယ်၊ go public ဆိုတာက ဘယ်သူဝယ်ဝယ် ဝယ်ချင်တဲ့သူ ဝယ်၊ အများပိုင်ပေါ့။ အများပိုင်ဆိုတာ အစိုးရပိုင်မဟုတ်ဘူး၊ အများကပိုင်တာ။ ကျနော်က ရှယ်ယာဝယ်ထားပြီးရင် ဒီဟာကို ကျနော်က ဘယ်သူ့ရောင်းရောင်း၊ အဲဒါ public corporation ရဲ့ သဘောတရားပဲ။”

မြန်မာနိုင်ငံမှာ အခုအချိန်ထိ အများပိုင် လုပ်ငန်းကြီးတွေ မဖြစ်ထွန်းသေးသလို အစုရှယ်ယာဈေးကွက်လည်း မပေါ်ပေါက်သေး တာကြောင့် ခရီးရှည်ကြီး သွားရဦးမှာဖြစ်ပေမဲ့ အနှစ်သာရအရကတော့ ဒီအတိုင်းပဲဖြစ်သင့်တယ်လို့ အကြံပေးပါတယ်။

အများပိုင်လုပ်ငန်းကြီးတွေအဖြစ် ပြောင်းလဲပစ်ပြီး အစိုးရက တိုက်ရိုက်မချုပ်ကိုင်တော့ဘဲ စည်းမျဉ်းစည်းကမ်းပိုင်းကိုပဲ ဝင် ထိန်းပေးရမယ်ဆိုတဲ့နေရာမှာ တာဝန်ရှိသူတွေအနေနဲ့ လုပ်ငန်းဟာ နိုင်ငံပိုင်၊ တစ်နည်းအားဖြင့် အစိုးရပိုင် မဟုတ်တော့ဘူး ဆိုတာကို သတိထားဖို့လိုတယ်လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။ ဒါ့အပြင် ဆိုရှယ်လစ်ခေတ်ကလို ပြည်သူပိုင်ပုံစံ မဟုတ် တာကိုလည်း သတိပြုဖို့ သူက ပြောပါတယ်။

ဒီ အများပိုင်လုပ်ငန်းတွေရဲ့ပုံစံက လုပ်ငန်းရဲ့ အစုရှယ်ယာတွေကို သတ်မှတ်ဈေးနှုန်းနဲ့ ထုတ်ရောင်း၊ ပြည်သူလူထုက အစု ရှယ်ယာတွေကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံ၊ အဲဒီအစုရှယ်ယာရှင်တွေက သတ်မှတ်စည်းမျဉ်းစည်းကမ်းအတိုင်း ရွေးချယ်ခန့်ထားတဲ့ BOD လို့ခေါ်တဲ့ Board of Director အုပ်ချုပ်ရေးအဖွဲ့နဲ့ လုပ်ငန်းကို စီမံခန့်ခွဲအုပ်ချုပ်တာဖြစ်ပါတယ်။

အစိုးရကိုယ်တိုင်က အစု ရှယ်ယာတချို့တဝက်ကို ဝယ်ယူ ပိုင်ဆိုင်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီနေရာမှာလည်း အစိုးရကနေ ကော်ပိုရေးရှင်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးလို၊ အမှုဆောင်အရာရှိချုပ်လို ရာထူး နေရာမျိုးတွေကို ဝင်စွက်ဖက်ပြီးတော့ ခန့်ထားတာမျိုး မလုပ်ရဘူး လို့ ဦးကျော်မင်းထွန်းကပြောပါတယ်။

“အရေးကြီးတာ management မှာ ကော်ပိုရေးရှင်းတွေအတိုင်းပဲ စီးပွားရေးဆန်ဆန်ပေါ့၊ သူ့ ဟာသူ management လုပ်ပေစေ၊ အဲလိုမျိုး ရှယ်ယာပေါ် အခြေခံပြီးတော့မှ BOD ထဲမှာ အစိုးရက ဥပမာအားဖြင့် အများစုပါမယ်၊ အဲဒီတော့ အစိုးရပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကလည်း အစိုးရကခန့်ထားတဲ့ official တွေပေါ့ဗျာ၊ အဲလိုလူတွေ ပါလာမယ်ဆိုရင်တော့ အရင်ကဟာနဲ့ ဘာမှမထူးဘူး။ အသွင်သဏ္ဌာန်အားဖြင့်သာ public corporation ခေါ်ပေမဲ့ အစိုးရက ခန့်ထားတဲ့ ခုန MD တို့ ဘာတို့နဲ့ အုပ်ချုပ်သွားမယ်ဆို ဘာမှမထူးဘူး၊ ဗျူရိုကရက်တစ် ယန္တရားဆန်သွားမှာပဲ၊ commercial ဆန်မှာ မဟုတ်တော့ဘူးလေ၊ အဲဒါတွေ သတိထားရမှာ ပေါ့။”

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦးကျော်မင်းထွန်းပါ။
အဘက်ဘက်မှာ ခေတ်နောက်ကျ ကျန်ရစ်နေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ကဏ္ဍအသီးသီးကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ မသေချာမရေရာမှုတွေ အများအပြားနဲ့ ရင်ဆိုင်ရမယ်ဆိုတာကတော့ မေးခွန်းထုတ်နေစရာမလိုပါဘူး။ တွေ့ကြုံ ရင်ဆိုင်ရမယ့် အခက်အခဲ အတားအဆီးတွေကို အမှန်အတိုင်းမြင်အောင်ကြည့်၊ အရှိအတိုင်းလက်ခံပြီး စေတနာအရင်းခံထားလို့ အသိပညာစွမ်းပကားနဲ့ အမြော်အမြင်ကြီးမားစွာ ရင်ဆိုင် ဖြေရှင်းမယ်ဆိုရင်တော့ အောင်မြင်မှုဟာ နီးနီးလေးပါဆိုတာကို ပြောရင်းနဲ့ပဲ ဒီသီတင်းပတ်အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။