အခြေခံပညာ စာမေးပွဲမေးခွန်းမာျး ခိုင်လုံမှုပြဿနာ မေးခွန်းထုတ်ခံရ

မြန်မာနိုင်ငံတွင်း အခြေခံပညာသင်ကျောင်းတချို့မှာ စာမေးပွဲမေးခွန်း ပေါက်ကြားမှု၊ မေးခွန်းလွှာတွေမှာ ဆိုးဆိုးရွားရွား သတ်ပုံမှားယွင်းမှု၊ စာမေးပွဲစစ်ဆေးမှုတွေ လွဲချော်နေတာတွေနဲ့ ပတ်သက်လို့ လက်ရှိ ပညာရေးဝန်ကြီးနဲ့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် တာဝန်ယူထားသူတွေမှာ အဓိက တာဝန်အရှိဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌက ဝေဖန်လိုက်ပါတယ်။

မြန်မာ့ပညာရေးစနစ် အဆင့်နိမ့်ကျနေပြီး လာမယ့် အစိုးရသစ်လက်ထက် ပညာရေးစနစ်ကြီးတခုလုံး အရည်အသွေးမှီ ပြုပြင်ပြောင်းလဲပေး နိုင်လိမ့်မယ်လို့လည်း ဆရာ၊ ဆရာမတွေက မျှော်လင့်နေကြတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံ မဆုမွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ပညာရေးဝန်ကြီးဌာနတွင်း အဆင့်မြင့်ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီ ပညာရေးဖြစ်အောင် စွမ်းဆောင်မြှင့်တင်နိုင်ရေး အစိုးရနဲ့ လွှတ်တော်၊ ပညာရေးဝန်ကြီးတို့ ပညာရေးဥပဒေတွေ ပြဋ္ဌာန်းပြီးဆောင်ရွက်နေတယ်လို့ ပြောဆိုနေတဲ့ တပြိုင်နက်တည်းမှာပဲ အခြေခံပညာ စာသင်ကျောင်းတချို့မှာ စာမေးပွဲပေါက်ကြားမှုတွေ ဖြစ်သလို မေးခွန်းလွှာတွေထဲမှာ သမိုင်းကြောင်းဖြစ်စဉ် အကြောင်းအရာတွေနဲ့ စာလုံးပေါင်းသတ်ပုံ မှားမှားယွင်းယွင်း ဖြစ်နေတာတွေကို လူမှုကွန်ယက်တွေမှာ ဖော်ပြလာနေသလို တိုင်တန်းမှုတွေ အရေးယူမှုတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေကြောင်း ပညာရေးဌာနဘက်က ရှင်းလင်းချက်တွေ ထုတ်ပြန်နေရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အဓိက တာဝန်အရှိဆုံးကတော့ လက်ရှိ တာဝန်ယူထားတဲ့ ပညာရေးဝန်ကြီးပဲ ဖြစ်တယ်လို့ နိုင်ငံတဝှမ်းက တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာအဆင့် အဆင့်ဆင့် ပညာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေ စုဖွဲ့ထားတဲ့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးသုတက ဝေဖန်လိုက်ပါတယ်။

“ဘာကြောင့်လဲ သူက ဝန်ကြီးတယောက်ဖြစ်တဲ့အတွက် သူ့မှာ တာဝန်အရှိဆုံး သူတို့ဒီဟာကို စနစ်ပြောင်းတယ်ဆိုကတည်းက ကျနော်တို့က စီမံခန့်ခွဲမှုကို စနစ်တကျ ကိုင်တွယ်ရတော့မယ်။ ရှင်းလင်းရတော့မယ်။ ပြောရဆိုရတော့မယ်။ ဒါတွေကို သူ မလုပ်ဘဲနဲ့ ခေတ်အဆက်ဆက်ပေါ့နော် သူက စနစ်ဟောင်းအတိုင်းသွားပြီးတော့ စနစ်ဟောင်းမှာလည်း မေးခွန်းပေါက်ခဲ့တာတွေက ကျနော်တို့ တလျှောက်လုံးပဲ။ နိုင်ငံတော်အဆင့် စာမေးပွဲက ၁၀ တန်းပေါ့နော် တက္ကသိုလ်ဝင်တန်းမှာဆိုရင်လည်း ကျနော်တို့ နှစ်တိုင်းကြားရတယ်။ စိတ်ပျက်စရာကောင်းတာပေါ့နော်။”

အခြေခံပညာသင်ကျောင်းတချို့မှာ စာမေးပွဲ မေးခွန်းလွှာ ပေါက်ကြားမှုတွေနဲ့ ပတ်သက်လို့တော့ ဆရာ၊ ဆရာမတွေရဲ့ ဆရာဝတ္တရားနဲ့အညီ ကျင့်ဝတ်လိုက်နာမှု စံ-ထားမှုတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့လည်း မန္တလေး ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ လက်ရှိ ကထိကအဖြစ် တာဝန်ယူသင်ကြားနေတဲ့ ဦးသုတက သုံးသပ်ပါတယ်။

“ဆရာ၊ ဆရာမတွေရဲ့ code of conduct လို့ခေါ်တဲ့ ကျင့်ဝတ်လည်း လိုတာပေါ့နော်။ ဒါဟာ လုပ်သင့်မသင့်ဆိုတာ စဉ်းစားရမယ်။ ကိုယ့်တပည့်ဖြေနိုင်ဖို့ကို အဓိကထားပြီးတော့ လုပ်နေတဲ့ပုံစံ ရောက်နေတဲ့အတွက် ကျနော့်အနေနဲ့တော့ လုံး၀ လက်မခံနိုင်ဘူးပေါ့နော်။ အရေးယူတဲ့အခါမှာလည်း အောက်ခြေကို အရေးမယူဘဲနဲ့ တကယ့် တာဝန်အရှိဆုံး တိုင်းဒေသကြီးနဲ့ ပြည်နယ် ပညာရေးမှူးတွေကို အရေးယူရမယ်။ သူတို့ ပေါ့လျော့လို့သာ ဒီပြဿနာ ဖြစ်လာတာလေ။”

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဘက်စုံက ဆောင်ရွက်မယ်လို့ ဆိုထားတဲ့ လာမယ့် အစိုးရသစ် လက်ထက်မှာတော့ အများပြည်သူ ကျောင်းသားလူထု လိုလားတဲ့ အဆင့်မြင့် ပညာရေးစနစ် ပြောင်းလဲမှုဖြစ်ဖို့ မျှော်လင့်ပါတယ်လို့လည်း မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

“အဲတော့ ကျနော်တို့ အစိုးရသစ်လက်ထက်မှာ ပညာရေးကတော့ တကယ် ပြုပြင်ပြောင်းလဲနိုင်တဲ့ ပုဂ္ဂိုလ်တွေ လုပ်မှာဆိုတော့ တထစ်ချတော့ ယုံတယ်။ ပြည်သူပြည်သားတွေ လိုလားတဲ့ပေ့ါနော် ဒီမိုကရေစီ ပညာရေးစနစ် တကယ်လိုလားတဲ့ ကျောင်းသားကျောင်းသူတွေရော၊ ပြည်သူတွေ လိုလားနေတဲ့ ဆရာ၊ ဆရာမတွေ လိုလားနေတဲ့ ပညာရေးစနစ်ကို ကောင်းကောင်းမွန်မွန် အကောင်အထည် ဖော်နိုင်လိမ့်မယ်တော့ ယုံကြည်ပါတယ်ဗျ။ အဲတချက်တော့ ကျနော် တထစ်ချပြောလို့ရတယ်။”

အဘက်ဘက်က နိမ့်ကျနေတဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီပညာရေးစနစ်ကို ပြောင်းလဲနိုင်ရေးနဲ့ ဒီမိုကရေစီပညာရေးစနစ် အဆင့်မီ ပညာရေးဥပဒေပြဋ္ဌာန်းရေး ကျောင်းသူ ကျောင်းသားတွေ ပါဝင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသကျောင်းသူကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ၊ မိဘပြည်သူတွေကပါ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ အခုထိလည်း သပိတ်မှောက် ကျောင်းသူ ကျောင်းသားခေါင်းဆောင်တွေ ထောင်တွင်း အကျဉ်းချ တရားစွဲဆိုခံနေရဆဲ အနေအထားဖြစ်တာမို့ တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက် ကျောင်းသားပြည်သူတွေ လိုလားတဲ့ အဆင့်မီ ပညာရေးစနစ် ထွန်းကားနိုင်လာရေး နိုင်ငံအပြောင်းလဲမှာ ပညာရေးစနစ်ကို အဘက်ဘက်က ပြုပြင်ပြောင်းလဲဖို့ အရေးကြီးလိုအပ်ချက်ဖြစ်နေတယ် ဆိုတာကိုလည်း ပညာရှင်တွေနဲ့ ကျောင်းသားတွေက ထောက်ပြ ဝေဖန်နေကြတာ ဖြစ်ပါတယ်။