လှေစီးပြေးသူတွေ မြန်မာအစိုးရ စိစစ်လက်ခံမည်

အင်ဒိုနီးရှားနိုင်ငံ အာချေးခရိုင်အတွင်းကို ရောက်လာကြတဲ့ လှေစီးပြေး ရွှေ့ပြောင်းအခြေချနေထိုင်လိုသူများ။ (မေ ၁၃၊ ၂၀၁၅)

ပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်သန်းထွက်ပြေးပြီး ဒေသတွင်း နိုင်ငံတွေကို ရောက်လာကြတဲ့ သူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်ဆိုရင် ပြန်ခေါ်ဖို့ အသင့်ရှိတဲ့အကြောင်း မြန်မာအစိုးရက ပြောပါတယ်။ မြန်မာနိုင်ငံက မူဆလင်ရိုဟင်ဂျာတွေ အများစုအပါအဝင် လှေစီးပြေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ မြန်မာအစိုးရက တာဝန်ယူမှု မရှိဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို အစိုးရတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာပါ။ မဆုမွန်က စုံစမ်းတင်ပြပေးထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ရေကြောင်းကတဆင့် ထွက်ပြေးပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေကို ရောက်လာနေသူတွေ၊ ပင်လယ်ထဲမှာ မျောနေသူတွေနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေ ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာအစိုးရကလည်း သူ့ရဲ့ ရပ်တည်ချက်ကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရောက်လာသူတွေ ပါတယ်လို့ အများက ပြောနေသလို ခိုင်လုံတဲ့ အထောက်အထားရှိတယ်ဆိုရင်တော့ အစိုးရအနေနဲ့ တိုင်းပြည်ကို ပြန်ခေါ်ဖို့အသင့်ရှိတယ်လို့ ဒီကနေ့ ရန်ကုန်မြို့က သံတမန်တွေနဲ့ တွေ့ဆုံပွဲအတွင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်တာပါ။

“ပင်လယ်ပြင်ကို ဖြတ်သန်းပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတချို့ကို ရောက်လာကြတဲ့ လူတချို့နဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ် ပူပန်နေတယ်ဆိုတာကို ကျနော်တို့အနေနဲ့ နားလည်ပါတယ်။ ဒီအထဲက တချို့သူတွေက သူတို့ဟာ မြန်မာနိုင်ငံက လာတယ်လို့ ပြောကြသလို တချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတယ်လို့ ပြောကြပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်က အင်မတန်မှ ရှင်းပါတယ်။ အရင်ဆုံးကတော့ ဒီလူတွေဟာ ဘယ်သူတွေလဲဆိုတာကို ခွဲခြားစိစစ်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံကလာတဲ့သူတွေဖြစ်တယ်၊ လုံလောက်တဲ့ အထောက်အထားတွေလည်း ပြသနိုင်တယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကိုယ့်တိုင်းပြည်ကလူတွေကို ပြန်ခေါ်ဖို့ အသင့်ရှိပါတယ်။ ဒါမျိုးတွေကိုလည်း ကျနော်တို့ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ လုပ်ခဲ့ဖူးပါတယ်။”

ဒေသတွင်း တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေကတော့ မကြာသေးခင်လတွေအတွင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဆီ စက်လှေတွေနဲ့ ရောက်လာကြတဲ့ ဒုက္ခသည်တွေထဲ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေလည်း အများအပြား ပါဝင်တယ်လို့ ပြောဆို ထားကြတာပါ။ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ်ဦးရွှေမောင်းကလည်း လှေစီးပြေးဒုက္ခသည် အများစုဟာ မြန်မာနိုင်ငံက ဖြစ်တယ်ဆိုတာ သေချာတယ်လို့ သုံးသပ်ပါတယ်။

“သူတို့က စစ်တွေတို့၊ ဘူးသီးတောင်တို့၊ မောင်တောတို့ကနေ သူတို့အဆက်အသွယ်ကနေ တဆင့် မောင်တော တောင်ပိုင်းကနေ အထူးသဖြင့်ပေါ့နော်။ ပြီးတော့ စစ်တွေကနေလည်း ပင်လယ်ထဲကို သွားပြီးမှ အဲ့ဒီ့ဟိုးဘက်က အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ပေါ့နော်။ International Water ထဲမှာပဲ သူတို့က လူမှောင်ခိုဂိုဏ်းရဲ့ သင်္ဘောတွေ ရပ်နေတာကိုး။ အဲ့မှာ သူတို့သွားကြတယ်။ အဲ့တာနဲ့ပတ်သက်ပြီး အန်ကယ်လ့်သဘောထားကိုပြောရရင် အဲ့သလို ထွက်ခွာသွားတဲ့သူက အများစုက မြန်မာနိုင်ငံက လူတွေဖြစ်တယ်။ ဘာဖြစ်လို့ပြောလို့ရလဲဆိုတော့ အန်ကယ်လည်း အားလုံးကို မမြင်ပေမဲ့ အကုန်လုံး လေ့လာ သုံးသပ်လို့ရပါတယ်။ ကျနော်တို့ မော်တော်တွေမှာ တွေ့တယ်။ ဓာတ်ပုံတွေမှာ တွေ့တယ်။ အဲဒီမှာ အမျိုးသမီးတွေဝတ်တဲ့ အဝတ်အစားကို ကြည့်ရင် ကျနော် တန်းပြောနိုင်ပါတယ်။ အဲဒါ ကျနော်တို့ ရခိုင်ပြည်နယ်ကပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဆိုရင် ဘယ်တော့မှ အမျိုးသမီးတွေ မသွားဘူး။ သူတို့ဆီက အမျိုးသားတွေပဲ အလုပ်လုပ်ဖို့အတွက် သွားကြတာ။ ဆိုတော့ အလုပ်လုပ်ဖို့သွားမယ့်သူက ပိုက်ဆံသွားရှာမယ့်သူက မိန်းမနဲ့ ကလေးကို မခေါ်ပါဘူး။ အမျိုးသမီးနဲ့ကလေးတွေကိုခေါ်တဲ့သူက မြန်မာနိုင်ငံတွင်းမှာပဲ ရှိတယ်။ သူတို့ကလည်း အခုလူတွေ အားလုံးကြားနေတဲ့အတိုင်းပဲ အကြောင်းတရားတွေ မျိုးစုံရှိတော့ အဲ့တာကြောင့် သူတို့က ကောင်းတဲ့နေရာ သူတို့စိတ်မှာပေါ့လေ။ ကောင်းတယ်လို့ ထင်တဲ့နေရာကို သူတို့သွားတာပေါ့လေ။”

စက်လှေတွေပေါ်မှာ အစုလိုက်အပြုံလိုက် လိုက်ပါလာသူတွေထဲ အမျိူးသမီးတွေနဲ့ လူမမည်ကလေးငယ်တွေပါဝင်နေလို့ လူသားချင်းစာနာမှုအနေနဲ့ အသက်ကယ်ကြဖို့အရေး နိုင်ငံတကာအနေနဲ့ရော အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်းမှာ ဒီပြဿနာကို အရေးတကြီး ပူးပေါင်းဖြေရှင်းကြဖို့ကိုလည်း ကုလသမဂ္ဂကလည်း တိုက်တွန်းထားပါတယ်။ အင်ဒိုနီးရှား သမ္မတဟောင်း Susilo Bambang Yudhoyono ကလည်း လှေစီးပြေးနေသူတွေအရေး မြန်မာနိုင်ငံအနေနဲ့ ခေါင်းရှောင်မနေသင့်ဘူးလို့ Twitter အင်တာနက် လူမှုကွန်ယက်မှာ တနင်္ဂနွေနေ့ကပဲ ဖော်ပြခဲ့ပါတယ်။ ရန်ကုန်မြို့က မြန်မာ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးကတော့ ဒီကနေ့ သံတမန်တွေနဲ့ တွေ့ဆုံရာမှာတော့ လှေစီးပြေးဒုက္ခသည်တွေအရေး နိုင်ငံတကာရဲ့ စိုးရိမ် ပူပန်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ ပြောပါတယ်။

“Boat People ပေါ့နော်။ ရေထဲမှာ လှေပေါ်မှာ နေနေတဲ့သူတွေကိစ္စပေါ့။ အဲ့တာနဲ့ပတ်သက်ပြီးတော့ တချို့သတင်းတွေမှာ မြန်မာနိုင်ငံက ပါဝင် ပတ်သက်ဖို့ မြန်မာနိုင်ငံက မလိုချင်ဘူးဆိုပြီး Negative ထွက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်ကနေ ပြန်ရှင်းပြတယ်။”

အရှေ့တောင်အာရှ နိုင်ငံတွေက ကမ်းခြေတွေကို စက်လှေကြီးတွေနဲ့ ဆိုက်ရောက်လာနေတဲ့ ထောင်ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံဘက်က တာဝန်ရှိသူတွေ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပြီး ဝိုင်းဝန်း ဖြေရှင်းအဖြေရှာနိုင်ဖို့အတွက်ကြိုးပမ်းနေချိန်မှာပဲ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်က လာရောက်သူတွေလို့ပြောဆိုနေတဲ့အပေါ် ငြင်းဆန်သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းအပေါ်မှာလည်း ဆန့်ကျင်ကန့်ကွက်နေတာဖြစ်ပါတယ်။