လက်နက်ကိုင်ပဋိပက္ခကြားက ဒုက္ခသည်များ

စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်ပြည်သူများ (မေ၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အများစု နေရပ်မပြန်နိုင် ကြသေးသလို၊ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေး အခြေခံလိုအပ်ချက်တွေနဲ့ အခက်အခဲတွေလည်း ပိုပြီး များလာနေပါတယ်။ စစ်အာဏာသိမ်း ကာလ ၂ နှစ်ခွဲကျော်အတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်းနေခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေကို သတင်းထောက်မှတ်စု အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ ကိုသားညွန့်ဦး ပြောပြမှာပါ။

နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ အများစုက သူတို့ရဲ့ ကျေးရွာတွေဆီ ပြန်ချင်တဲ့ဆန္ဒရှိနေပေမဲ့ လက်တွေ့မှာ ပဋိပက္ခတွေက ဆက်ပြီး ဖြစ်ပွားနေလို့ ပြန်လည်အခြေချ နေထိုင်ဖို့ အလှမ်းဝေးကွာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုထားပါတယ်။ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလထဲမှာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတာတွေ ပိုပြီး များလာနေသလို၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ တနေ့တခြား တိုးလာနေပြီး ဆိုးရွားတဲ့ လူသားဘေးဒုက္ခ အကျပ်အတည်း ကြုံနေရတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက သတိပေး ပြောနေကြတာပါ။

ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီ - အဲဒီဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေ ကြောင့် ဘာသာရေး အဆောက်အအုံပေါင်း ၁၉၀ ကျော် ပျက်စီးခဲ့ပြီး ဒီအထဲက ၁၅၈ ခုက မြန်မာစစ်တပ်ရဲ့ လက်ချက်ကြောင့် ထိခိုက်ပျက်စီးခဲ့တာလို့ ဇွန်လထဲ ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ ရဲ့ အစီရင်ခံစာကလည်း ထောက်ပြထားပါတယ်။

လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာနဲ့ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးမှာ ဒေသခံ လူနေအိမ်တွေ မီးရှို့ခံရတွေက နေ့တဓူဝဖြစ်စဉ်လို ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေ ကြား စစ်ရေးတင်းမာနေတဲ့ ဒေသတွေထဲက တခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေအိမ်တွေ မီးရှို့ခံနေရပြီး ဒေသခံတွေ ထွက်ပြေးနေရတာ လနဲ့ချီနေပါပြီ။

စစ်ကောင်စီတပ်ဖွဲ့တွေ ရွာထဲဝင်နေပြီး၊ ရွာထဲက နေအိမ်တချို့ကို မီးရှို့တာတွေကြောင့် ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးကျေးရွာဆိုရင် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရသလို၊ ရွာနီးစပ်မှာ နေထိုင်သူတွေပါ ထွက်ပြေးနေတယ်လို့ အဲ့ဒီဒေသက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ရှောင်သူဦးရေ ၈,၅၀၀ ဝန်းကျင်မှာ ရှိနေပြီး တချို့က ရွာလယ်ကွင်းတွေထဲမှာပဲ ဖြစ်သလိုနေရတဲ့ အခြေအနေ ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

"စစ်ရှောင်တွေကတော့ လတ်တလောအခြေအနေမှာ သူတို့လည်း ဒုန်းချည်းဒိုင်းချည်း ပြေးလာရတာဆိုတော့ အခုဆိုရင် တော်တော်လည်း ရက်ကရှည်လာပြီ။ အဲတော့ စားရေးသောက်ရာအတွက်လည်း တချို့ဆို အခက်အခဲဖြစ်နေတာပေါ့။ စစ်ရှောင်စခန်းတွေမှာ မဟုတ်ဘဲနဲ့ လယ်ကွင်းပြင်တွေမှာ သွားနေရတဲ့ သူတွေဆိုရင် ပိုဆိုးတာပေါ့။ စားရေးသောက်ရာအတွက် အခက်အခဲတွေ ဖြစ်နေကြတယ်။ မိုးရွာရင်လည်း မိုးမလုံတဲ့အတွက်ကြောင့် လယ်ကွင်းပြင်မှာနေရတော့ အခက်အခဲကတော့ ဖြစ်နေတယ်။"

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရစဉ် (ဇွန်၊ ၂၀၂၃)

စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ ထိတွေ့တိုက်ပွဲ မရှိတဲ့ နေရာတွေမှာလည်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ရွာတွေထဲ ဝင်လာတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယာယီပြေးလွှားတာကနေ တချို့ကတော့ ပြန်စရာနေအိမ် မရှိတော့လို့ စစ်ရှောင်နေရတာ ၂ နှစ်ဝန်းကျင်လောက် ရှိလာပါပြီ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက အကြီးဆုံးစစ်ရှောင်စခန်း တခုမှာလည်း ကလေးငယ်တွေ အပါအဝင် စစ်ရှောင်သူဦးရေက ၂ ထောင်နီးပါး ရှိပါတယ်။ အဲဒီမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး၊ ရေအခက်အခဲလည်း ရှိတယ်လို့ ကလေးမြို့က စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ကိုသူရိန်ဇင်က ပြောပါတယ်။

"လတ်တလော အခြေအနေမှာက ကလေးမြို့နယ်က အကြီးဆုံးစစ်ရှောင်စခန်း ရေရှင်စစ်ရှောင်စခန်းပေါ့။ ရေရှင်ကျေးရွာက ဖြစ်တယ်။ အဲဒီရွာက ရွာလုံးကျွတ်မီးရှို့ ခံရတဲ့အခြေအနေနဲ့ ကြုံတွေ့ထားတာဗျ။ စစ်ဘေးရှောင်နေရတာလည်း တရွာလုံးပေါ့နော်၊ တောတောင်ထဲမှာ ရှောင်နေရတာ ၂ နှစ်ပြည့်တော့မယ်ဗျ။ အဲဒီတော့ ရိက္ခာပိုင်းပေါ့၊ အဓိက ဆန်ပေါ့ဗျာ။ ၅ လပိုင်း အစကတည်းက ဆန်ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတယ်ဗျ။ ရေရှင်စစ်ရှောင်စခန်းက ရေအင်မတန် ရှားပါးတယ်ဗျ။ ရေအရမ်းခက်ခဲတဲ့ စစ်ဘေးရှောင်စခန်း ဖြစ်တယ်။ ရေတွင်းတူးရင်တောင်မှ ရေတွင်းကို ကျနော်တို့ ရေစုတ်စက်နဲ့ အသုံးပြုပြီးတော့ သုံးနေရတဲ့ အနေအထား ရှိနေတယ်ဗျ။"

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ကျော်ဇေယျရပ်ကွက်မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ညအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လူနေအိမ်တွေပေါ် ကျရောက် ပေါက်ကွဲလို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင်၊ ဒေသခံ လေးဦး သေဆုံးခဲ့ပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | အိန္ဒိယမြန်မာနယ်စပ် အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးဝင်ရောက်ခိုလှုံလာတဲ့ မြန်မာဒုက္ခသည်များကိုတွေ့ရစဉ် (စက်တင်ဘာ ၂၄၊ ၂၀၂၁)

စစ်ကိုင်းတိုင်းထဲက ပဋိပက္ခဖြစ်စဉ်တွေကြောင့် ဒေသခံတွေ ကြောက်လန့်တကြား ထွက်ပြေးနေရချိန်မှာ တချို့က မြန်မာ-အိန္ဒိယ နယ်စပ်ဒေသတွေအထိ ရောက်သွားတာတွေလည်း ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ် တရားမဝင်ဖြတ်ကျော်တဲ့ ကိစ္စရပ်ကို အခုလ အစောပိုင်းမှာ အိန္ဒိယကာကွယ်ရေး အတွင်းဝန်နဲ့ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာမှာ အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအရှေ့မြောက်ဒေသထဲ ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ထောင်နဲ့ချီ ရှိနေတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ကို လက်နက်ကိုင် တော်လှန် လှုပ်ရှားမှုတွေ နေရာအနှံ့ ပေါ်ပေါက်လာခဲ့သလို၊ အချိန်ကြာ လာတာနဲ့အမျှ လက်နက်ကိုင် ပဋိပက္ခတွေကြား ထိခိုက် သေဆုံးရတဲ့ ပြည်သူတွေလည်း တနေ့တခြား ပို များလာပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေသူတွေကတော့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ခုလို အခြေအနေတွေ ကြုံရတာလို့ ဆိုပြီး အာဏာရှင်ကို ဆက်လက်တွန်းလှန်ကြဖို့ အရေးကြီးတဲ့အကြောင်း တိုက်တွန်း ပြောဆိုကြပါတယ်။ စစ်ကိုင်းတိုင်းထဲက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ လူငယ်တဦးက ခုလိုပြောပါတယ်။

"ရန်သူက ရန်ငါပြတ်ပါတယ်။ ရန်သူက သူ့အလုပ် သူလုပ်တာ။ ပြည်သူတွေအနေနဲ့ စိတ်တွေမယိမ်းယိုင်သွားဖို့၊ စခန်းသိမ်းပွဲကြောင့် ဒါမျိုးဖြစ်တယ်၊ PDF တွေတိုက်လို့ ဒါမျိုးဖြစ်တယ်ဆိုတဲ့ အမြင်မျိုးတွေ မမြင်ဘဲနဲ့ တော်လှန်ရေးရဲ့ သဘောတရားက ဒီအတိုင်းရှိတယ်။ စစ်ရဲ့သဘောတရားက ဒါမျိုးရှိတယ်။ နောက်ပြီးတော့ သူတို့တွေယုတ်မာလို့ ပြည်သူတွေ ခြောက်ခြားစွာနေထိုင်ရတယ်၊ အကြောက်တရားတွေနဲ့ နေထိုင်ရတယ်ဆိုတဲ့ အသိ၊ သတိ မလွတ်ပါစေနဲ့လို့။ တော်လှန်ရေးဘက်တော်သားတွေကို ငြိုငြင်စေတဲ့ သဘောတရားတွေ၊ စိတ်ကွက်စေမယ့် စိတ်နေစိတ်ထားတွေ မမွေးမြူဘဲနဲ့ တော်လှန်ရေးဆိုတဲ့ သဘောဟာ၊ စစ်ရဲ့အနိဌာရုံတွေဟာ ဒီတိုင်းဖြစ်ဦးမှာပေါ့နော်။ ဒါကြောင့် အဲဒီအခြေအနေတွေ ကျော်ဖြတ်ပြီးတော့ လွတ်မြောက်ဖို့၊ အတူရုန်းထပြီးတော့ စည်းစည်းလုံးလုံးနဲ့ တော်လှန်ပေးကြပါလို့ ပြောချင်ပါတယ်ဗျ။"

မြန်မာနိုင်ငံမှာ ကာလရှည်ကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် အရင်ကတည်းက နေရပ်မပြန်နိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေ အမြောက်အများ ရှိသလို၊ အခုတခါ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ တနေ့တခြား ပိုများလာပါတယ်။ ပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့အမျှ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ တချို့ အိုးအိမ်မကွာ နေထိုင်ခွင့် ရသူတွေမှာလည်း တိုက်ပွဲတွေကြောင့် လမ်းခရီးသွားလာခွင့် ပုံမှန်မရတာ၊ စားနပ်ရိက္ခာ ရှားပါး ပြတ်လပ်တာနဲ့ ကုန်စျေးနှုန်း ကြီးမြင့်လာတာတွေကြောင့် အခက်အခဲတွေကတော့ တနည်းတဖုံ ကြုံကြရပါတယ်။ အာဏာသိမ်းကာလ ၂ နှစ်ခွဲဝန်းကျင် ကာလအတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲက လတ်တလောအခြေအနေ တချို့ကို ဒီတပတ်ရဲ့ သတင်းထောက်မှတ်စု အစီအစဉ်ကနေ တင်ဆက်လိုက်ပါတယ်။