အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သားတွေ မြန်မာအကူအညီပေးမည်

အင်ဒိုနီးရှားရေပိုင်နက်ထဲက ကျွန်းတွေပေါ်မှာ သောင်တင်နေသူ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေထဲက မြန်မာနိုင်ငံသားတွေအတွက် အစိုးရက အကူအညီပေးဖို့ စီစဉ်နေပြီဖြစ်တဲ့အကြောင်း မြန်မာအစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။ ကျေးကျွန်လို စေခိုင်းခံခဲ့ရသူတွေအပါအဝင် ထိုင်းပင်လယ်စာ ကုမ္ပဏီတွေက အဓမ္မခိုင်းစေမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသားတွေအတွက် အကူအညီပေးဖို့ စတင်စီစဉ်ခဲ့ရတာဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်စုံစမ်း ထားပါတယ်။

အင်ဒိုနီးရှားကျွန်းတွေပေါ်မှာ နှစ်တွေနဲ့ချီပြီး ကျေးကျွန်သဖွယ် ခိုင်းစေခံရသူတွေ၊ ထိုင်းငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်ရင်း အခုနောက်ဆုံး သောင်တင်နေသူ မြန်မာနိုင်ငံသားတွေအတွက် အကူအညီပေးမှာဖြစ်တဲ့အကြောင်း မြန်မာအလုပ်သမားရေးရာ သံအရာရှိက ပြောဆိုလိုက်တာပါ။ အထူးသဖြင့်ကတော့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာလုပ်ငန်းအတွက် အဓမ္မစေခိုင်းခံခဲ့ရတယ်ဆိုတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေ ပါဝင်တဲ့ AP သတင်းဌာနရဲ့ စုံစမ်းဖော်ပြချက်ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ မြန်မာအာဏာပိုင်တွေဖက်က တုံ့ပြန်ဆောင်ရွက် လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာတုန်းကတော့ အင်ဒိုနီးရှား နိုင်ငံမှာ သောင်တင်နေတဲ့ အလုပ်သမားတွေထဲက ထိုင်းနိုင်ငံသား ၂၁ ယောက်ကို နေရပ်ရင်း ပြန်ခေါ်လာ ခဲ့တာပါ။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးသိန်းနိုင်ကတော့အလားတူ မြန်မာနိုင်ငံသားတွေအတွက် ကူညီဖို့ စတင်စီစဉ်နေပြီလို့ ပြောပါတယ်။

“ကျနော်တို့ကလည်း နေပြည်တော်ကို - ထိုင်းမှာတော့ ဒီလိုဆောင်ရွက်နေတာတွေရှိတယ်။ ဒီအချိန်မှာ ကျနော်တို့ကလည်း အခုနက မြန်မာ ရေလုပ်သားတွေကလည်း အဲဒီမှာ ရောက်နေတဲ့ဟာလည်း ကျနော်တို့က သတင်းသာဖတ်လိုက်တာ၊ ကျနော်တို့က အင်ဒိုနီးရှားဘက်မှာ ဖြစ်နေတယ် လို့တော့ အသံကြားတာပေါ့နော်။ မည်ရွေ့ မည်မျှရှိတယ်ဆိုတာလည်း ခနခန confirm မဖြစ်တော့လေ၊ ကျနော်တို့ဆီမှာလည်း အဲဒါ confirm လုပ်နေပါတယ်ဆိုပြီးတော့ အဲလိုတော့ ပြောထား၊ ကြေညာထားတယ်လေ။ အဲဒါလေးအတွက် ဒီအချိန်မှာတော့ ထိုင်းကတော့ အဲလို ကယ်တင်နေတယ်၊ ကျနော်တို့က ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို လှမ်းတင်ပြထားတဲ့ အနေအထားမျိုးပါပဲ။”

အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေပေါ်မှာ အကြောင်းအမျိုးမျိုးနဲ့ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၄ ထောင်လောက် ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ IOM က သောကြာနေ့တုန်းကပဲ ပြောဆိုထားပါတယ်။ ဒီအထဲမှာ တချို့ဟာ နှစ်ပေါင်းများစွာ ကျေးကျွန်လို စေခိုင်းခံထားရသူတွေပါဝင်သလို တချို့ကတော့ နိုင်ငံခြားက ငါးဖမ်း သင်္ဘောတွေ အင်ဒိုနီးရှားရေပိုင်နက်မှာ ဖမ်းဆီးခွင့်မပြုဖို့ လွန်ခဲ့တဲ့ ၅ လကမှ အင်ဒိုနီးရှားနိုင်ငံက ဥပဒေပြဌာန်းလိုက်ပြီးနောက် အလုပ်ရှင်တွေက ငါးဖမ်း သင်္ဘောသားတွေကို ကျွန်းတွေပေါ်မှာ စွန့်ပစ်ခံခဲ့ရသူတွေ ဖြစ်တယ်လို့လည်း IOM ကပြောပါတယ်။

ဒီလိုမျိုး AP သတင်းဌာနရဲ့ ဖော်ထုတ်ချက် ပေါ်ပေါက်ခဲ့ပြီးနောက်မှာတော့ ထိုင်းဝန်ကြီးချုပ်ကလည်း လူမှောင်ခို လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကတိပြုခဲ့ တာပါ။ မြန်မာအလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့ အလုပ်သမားအခွင့်အရေး အချိုးဖောက်ခံရဆုံးနဲ့ လူကုန်ကူးမှုအဖြစ်များတဲ့ ငါးဖမ်းလုပ်ငန်း တွေက ရေလုပ်သားတွေအတွက် ထိုင်းနဲ့မြန်မာအစိုးရတွေ ပူးပေါင်းပြီးလည်း လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ ဇွန် (၃၀) ရက်နေ့အထိ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့က နောက်ကျ ရေလုပ်သားတွေနဲ့ပတ်သက်လို့ရှိရင်လည်း သူတို့ရဲ့ဥပဒေလွှတ်တော်မှာ သူတို့ တင်ပြပြီး-အတည်ပြုပြီးပြီလို့ ပြောတယ်။ ကျနော်တို့ဆီတော့ တရားဝင်တော့ မလာသေးဘူး။ ဧပြီလ ၁ ရက်နေ့ကစပြီးမှ ၃၀ ရက်နေ့အထိ ရေလုပ်သားတွေကိုလည်းပဲ ယာယီနေထိုင်လုပ်ကိုင်ခွင့်ကို တရားဝင်လုပ်တော့မှာဖြစ်ပါတယ်။ အဲဒါလေးတွေကိုလည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်လျှက် ရှိပါတယ်။ ကုန်းပေါ်မှာပဲဖြစ်ဖြစ်၊ ရေပေါ်မှာပဲဖြစ်ဖြစ် ရွှေ့ပြောင်းအလုပ်သမားက တရားဝင် MOU နဲ့လာစေချင်တယ်။ အဲဒါမှလည်း ကျနော်တို့က စာရင်းဇယားနဲ့ မှတ်တမ်းမှတ်ရာနဲ့ ဘယ်အေးဂျင့်နဲ့လာတာလဲ၊ လုပ်ခလစာအပြည့်မရဘူးလား၊ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို ကျနော်တို့မှာလည်း မှတ်တမ်းရှိတော့ ဆောင်ရွက်ရတာလည်း ကောင်းတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က သက်ဆိုင်ရာ ထိုင်းနိုင်ငံအစိုးရကို တရားဝင်ဆွေးနွေးလို့လည်းကောင်းပါတယ်။ တင်ပြလို့လည်း ကောင်းပါတယ်။”

မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာ လုပ်ငန်းနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အထူးစိုးရိမ်တဲ့အကြောင်းနဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့လည်း ထိုင်းအစိုးရကို တောင်းဆိုခဲ့တာပါ။ ထိုင်းအစိုးရ တာဝန်ရှိသူတွေကတော့ အလုပ်သမားတွေ အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ်လို့ မကြာခန ဝေဖန်ခံနေရတဲ့ ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းက စက်လှေတွေကို စောင့်ကြည့်စစ်ဆေးနိုင်အောင် GPS စနစ်အပါအဝင် ခေတ်မှီ ဆက်သွယ်မှုတွေ တပ်ဆင် သွားမယ်လို့လည်း ပြောဆိုထားကြပါတယ်။