ရိုက်တာသတင်းထောက်အမှု ရဲမှုခင်းအရာရှိ တရားရုံးထွက်ဆို

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုစွဲချက်နဲ့ ဖမ်းဆီးထားတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးဆီက ကွန်ပြူတာနဲ့ဖုံးတွေစစ်ဆေးတဲ့ ရဲမှုခင်းတပ်ဖွဲ့ အရာရှိကို တရားရုံးက ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။ ရဲမှုခင်းတပ်ဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို တရားခွင်မှာ နှုတ်နဲ့ထွက်ဆိုပြီး သက်သေတင်ပေမယ့်၊ သတင်းထောက်တွေရဲ့ ရှေ့နေတွေဖက်ကတော့ သက်သေခံဥပဒေနဲ့မညီလို့ဆိုပြီး ကန့်ကွက်ထားပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပေဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကို ဒီကနေ့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးမှာ ၁၉ ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေ ဖြစ်တဲ့ နေပြည်တော်နည်းပညာဌာန ရဲမှုခင်းတပ်ဖွဲ့က ရဲမှူးအောင်ကျော်ဆန်းကို စစ်ဆေးခဲ့တာပါ။ စစ်ဆေးတဲ့အခါမှာ ကိုဝလုံးနဲ့ကိုကျော်စိုးတို့ဆီက သိမ်းဆည်း ထားတဲ့ ကွန်ပျူတာနဲ့ဖုန်းတွေထဲကနေ စစ်ဆေးတွေ့ရှိ တဲ့အကြောင်း အရာ၂၁ ချက်ကို တရားခွင်မှာထွက်ဆိုပြီး သက်သေတင်ဖို့ လျှောက်ထားခဲ့ပါတယ်။

သက်သေတင်ဖို့ လျှောက်ထားတဲ့အပေါ် ရှေ့နေတွေဘက်က ကန့်ကွက်ခဲ့ပြီး မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ တောင်းဆိုခဲ့တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"တင်တဲ့အခါကျတော့ အဲ့ ၂၁ ခုအကြောင်းကို ပြောတယ်။ နှုတ်နဲ့ပြောတယ် အဲ့ဒါတွေကို သက်သေခံတင်မယ် လုပ်တဲ့အခါကျတော့ ကျွန်တော်တို့က ကန့်ကွက်တယ်ဗျာ။ အခုလိုတင်မယ့်ဥစ္စက သက်သေခံ အက်ဥပဒေနဲ့မညီ ဘူး။ နောက်တခါ မူရင်းလည်းမတွေ့ပဲနဲ့ မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့မှ တင်ရမယ့်ကိစ္စကို မူရင်းလည်း မပြပဲနဲ့ အဲ့ဒါကြောင့်မို့ ကန့်ကွက်ပါတယ်။ တရားသူကြီးကလည်း မူရင်းတွေက ရုံးမှာ ရှိတာကိုဗျ။ ရုံးကို သက်သေခံအဖြစ် တင်ထားတဲ့ ဖုန်းတွေပေါ့ဗျာ။ ဖုန်းနံလက်တော့တွေကို ထုတ်ပြီးတော့ မနက်ဖြန် ရုံးချိန်းကျရင် တိုက်ဆိုင် စစ်ဆေးပြဖို့ တိုက်ဆိုင်ပြနိုင်မှ သက်သေခံအဖြစ် လက်ခံမယ်လို့ ရုံးက အမိန့်ချလိုက်တာပေါ့။"

သတင်းထောက်နှစ်ဦးရဲ့ ကွန်ပြူတာနဲ့ဖုံးမှတ်တမ်းတွေမှာ တွေ့ရှိခဲ့တယ်ဆိုတဲ့ ရဲမှူးအောင်ကျော်ဆန်း ထွက်ဆိုတာတွေဟာ ဒုသမ္မတ ဦးမြင့်ဆွေ ရခိုင်ပြည်နယ် သွားရောက်တာတွေ ပုပ်ရဟန်း မင်းကြီး မြန်မာနိုင်ငံ လာရောက်တဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။ ဒီကနေ့ ရဲမှူးအောင်ကျော်ဆန်း တွေ့ရှိထွက်ဆိုတာတွေကို မနက်ဖြန် တရားခွင်မှာ သိမ်းဆည်းထားတာတွေနဲ့ တိုက်ဆိုင် စစ်ဆေးသွားမှာ ဖြစ်ပြီး တရားရုံးက သက်သေခံအဖြစ် လကခံသွားမယ်ဆိုရင် တရားခွင်မှာ ထုချေ သွားမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဆက်ပြောပါတယ်။

"လျှို့ဝှက်ဆိုပေမယ့် ဒုသမ္မတ ဦးမြင့်ဆွေ ရခိုင်ကိုသွားတုန်းက ခရီးစဉ် နောက်တခါ ပုပ်ရဟန်းမင်းကြီး လာတုန်းက ခရီးစဉ်အဲ့ဒါတွေပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒါတွေကတော့ ထိပ်မှာ Caption လုပ်ထားတာက လျှို့ဝှက်တို့ နောက်တခါ ထိပ်တန်း လျှို့ဝှက်တို့ ရိုးရိုးတို့ အဲ့လိုဟာတွေ တိုက်ဆိုင်စစ်ဆေးလို့ သက်သေခံ အဖြစ် ရုံးကလက်ခံပြီဆိုရင် ဒါတွေကိုထည့်စဉ်းစားမှာပေါ့ ကျွန်တော်တို့ကလည်း အဲ့ဒါတွေကို ထုချေရမှာပေါ့။ လျှို့ဝှက်တာလား လူတွေအကုန်သိပြီးသားလား။ ဒါတွေပေါ့ဗျာ။"

တရားလိုတွေဘက်က တရားလိုပြ သက်သေ ၂၈ ဦးတင်သွင်းခဲ့ပြီး ၁၉ ဦးကို စစ်ဆေးခဲ့ပြီးတော့ လိုပြ သက်သေတစ်ဦးဖြစ်တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကတော့ ရိုက်တာသတင်းထောက်တွေကို စာရွက် စာတမ်း တွေ မပေးခဲ့ပဲ အကွက်ဆင် ဖမ်းဆီးခဲ့တယ်လို့ တရားခွင်မှာ ထွက်ဆိုခဲ့ပါသေးတယ်။

အဲ့နောက်မှာတော့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို သတင်းထောက် နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အင်တာဗျူး ဖြေဆိုခဲ့လို့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ ၁၆(ခ) နဲ့ ထိန်းသိန်းခဲ့ပြီး ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ခဲ့ပါသေးတယ်။

Your browser doesn’t support HTML5

ရိုက်တာသတင်းထောက်အမှု ရဲမှုခင်းအရာရှိ တရားရုံးထွက်ဆို