မြန်မာစစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှုစွပ်စွဲချက် စင်္ကာပူကုမ္ပဏီငြင်းဆို

စစ်ရဟတ်ယာဉ်တစီးအနီးတွေ့ရတဲ့ မြန်မာစစ်သားများ (နိုဝင်ဘာ ၂၅၊ ၂၀၁၆)

မြန်မာ စစ်ကောင်စီအတွက် လေယာဉ်ဆီပို့ဆောင်တဲ့ ကုမ္ပဏီစာရင်းတွေထဲ ပါဝင်တယ်ဆိုတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာပါ ဖေါ်ပြချက်ကို စင်္ကာပူအခြေစိုက် Sahara Energy International Pte လောင်စာဆီကုမ္ပဏီက မနေ့က ငြင်းဆိုလိုက်ပါတယ်။ Amnesty International ဟာ အချက်အလက်မှားတွေကို အခြေခံပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာလို့ Sahara Energy ကုမ္ပဏီဘက်က ချေပတာကို The Africa Report သတင်းစာမှာ ရေးပါတယ်။

မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး လေယာဉ်လောင်စာဆီတင်ပို့မှုတွေကို မလုပ်ကြဖို့ တောင်းဆိုနေတဲ့ ကြားမှာပဲ စစ်ကောင်စီအတွက် လေယာဉ်ဆီ ပို့ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေရှိတဲ့အကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့က ဇူလိုင်လဆန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံတကာ ကုမ္ပဏီတွေထဲမှာ တရုတ်ပိုင် HUITONG 78 ရေနံတင်သင်္ဘောက ဗီယက်နမ်ကတဆင့် မြန်မာနိုင်ငံကို လောင်စာဆီ တင်ပို့မှုတွေ လုပ်နေတာဖြစ်ပြီး၊ စင်္ကာပူအခြေစိုက် Sahara Energy International Pte လောင်စာဆီကုမ္ပဏီ၊ တရုတ်အစိုးရပိုင် CNOOC Trading (Singapore) Pte. Ltd. ကုမ္ပဏီနဲ့ အခြားကုမ္ပဏီတွေ ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေဟာ ပထမ နှစ်ဝက်အတွင်းမှာတင် အရင်ကထက် ၅ ဆ တိုးလာတဲ့အကြောင်းကိုလည်း​ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှုစွပ်စွဲချက် စင်္ကာပူကုမ္ပဏီငြင်းဆို