သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အတားအဆီးတွေကြားက မြန်မာကို လေယာဉ်ဆီတင်ပို့မှုတွေရှိနေ" - Amnesty International


နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)

မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် လေယာဉ်လောင်စာဆီတင်ပို့မှုတွေကို မလုပ်ကြဖို့ တောင်းဆိုနေတဲ့ ကြားမှာပဲ စစ်ကောင်စီအတွက် လေယာဉ်ဆီ ပို့ဆောင်မှုတွေကို နောက်ထပ် ခြေလှမ်းအသစ်တွေနဲ့ လုပ်တာတွေ ရှိနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့က ပြောပါတယ်။

အဖွဲ့ရဲ့ သုတေသန အချက်အလက်တွေအရ ဒီနှစ် ဇန္နဝါရီလကနေ ဇွန်လအတွင်း မြန်မာနိုင်ငံထဲကို လေယာဉ်ဆီ တင်ပို့မှုဟာ အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်အတွင်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရင်က မှတ်တမ်းတင်ထားခဲ့တဲ့ လေယာဉ်ဆီတွေ အကြိမ်ကြိမ် တင်ပို့ရောင်းချမှု ကွင်းဆက်တွေလိုပဲ ဗီယက်နမ်ကနေတဆင့် မြန်မာကို တင်ပို့ရောင်းချတာကို တွေ့ရတယ်လို့ Amnesty International အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်ပိုင် HUITONG 78 ရေနံတင်သင်္ဘောက ဗီယက်နမ်ကတဆင့် မြန်မာနိုင်ငံကို လောင်စာဆီ တင်ပို့မှုတွေ လုပ်နေတာဖြစ်ပြီး၊ ဒီလောင်စာဆီတင်ပို့မှုကွင်းဆက် နှစ်ခုမှာ စင်္ကာပူအခြေစိုက် Sahara Energy International Pte လောင်စာဆီကုမ္ပဏီ၊ တရုတ်အစိုးရပိုင် CNOOC Trading (Singapore) Pte. Ltd. ကုမ္ပဏီနဲ့ အခြားကုမ္ပဏီတွေ ပါဝင်ခဲ့တယ်လို့လည်း Amnesty International အဖွဲ့က ထောက်ပြ ထားပါတယ်။

တတိယမြောက် တင်ပို့မှုမှာလည်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကနေ တင်ပို့တာဖြစ်ပြီး ရေနံတွေသယ်ဆောင်လာတဲ့ တရုတ်ပိုင် ရေနံတင်သင်္ဘောက ၂၀၂၄ ခုနှစ် မေလတုန်းက မြန်မာနိုင်ငံကို ဆိုက်ကပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလို တင်သွင်းလာတဲ့ ရေနံဆီတွေကို ဘယ်နေရာတွေမှာ အသုံးချခဲ့တယ်ဆိုတဲ့ အသေးစိတ် မသိရသေးပေမဲ့ လေယာဉ်ဆီတွေ သယ်ဆောင်လာတဲ့ သင်္ဘောဆိုက်ကပ်ခဲ့တဲ့ ဆိပ်ကမ်းကိုတော့ စစ်တပ်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ ပြောပါတယ်။ Amnesty International ရဲ့ အထွေထွေအတွင်းရေးမှူး Agnes Callamard ကလည်း စစ်ကောင်စီဟာ လေယာဉ်လောင်စာဆီတွေ တင်သွင်းနိုင်ဖို့အတွက် တရုတ်သင်္ဘောနဲ့ ဗီယက်နမ်ကုမ္ပဏီတွေကို မှီခိုနေရတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေဟာ ပထမ နှစ်ဝက်အတွင်းမှာတင် အရင်ကထက် ၅ ဆ တိုးလာတယ်လို့ ပြောဆိုထားပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG