သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေယာဉ်ဆီဖြတ်တောက်ရေး အွန်လိုင်းလှုပ်ရှားမှု ပြုလုပ်


ထိုင်းနယ်စပ်မှာ ထိုးစစ်ဆင်နေတဲ့ မြန်မာစစ်တပ် ဂျက်တိုက်လေယာဉ် တစင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနယ်စပ်မှာ ထိုးစစ်ဆင်နေတဲ့ မြန်မာစစ်တပ် ဂျက်တိုက်လေယာဉ် တစင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို ထိခိုက်စေတဲ့အတွက်ဆိုပြီး စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး သုံးရက်တာ လှုပ်ရှားမှုတရပ်ကို ဒီနေ့ မတ်လ ၁၀ ရက်ကစပြီး လုပ်ဆောင်နေကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

အရပ်သားတွေ အများဆုံးသေကြေ၊ ထိခိုက်ရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်နိုင်ဖို့ လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုတခုကို မနေ့ တနင်္ဂနွေကစပြီး သုံးရက်ကြာ လုပ်ဆောင်သွားမယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဖေ့စ်ဘုတ်ခ် ဓာတ်ပုံကမ်ပိန်း၊ တွစ်တာကမ်ပိန်း စသဖြင့် လူမှုကွန်ရက်ပေါ်တွေကနေ စစ်ကောင်စီကို လေယာဉ်ဆီမရောင်းချဖို့ နိုင်ငံတကာကို တိုက်တွန်းသွားကြမှာပါ။ ဦးဆောင်ပါဝင်တဲ့ Blood Money အဖွဲ့ရဲ့ သုတေသနပိုင်းတာဝန်ခံ ပိုင်သုတက ကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။

"ဒီလိုမျိုး အရမ်းကိုဆိုးရွားတဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကျမတို့ရပ်တန့်ဖို့ အရေးတကြီး လိုအပ်နေတယ်ပေါ့။ တချိန်တည်းမှာပဲ စစ်တပ်ကမြေပြင်မှာ သူ့ရဲ့အာဏာသက်ရောက်မှုက သိသိသာသာကို လျော့နည်းလာတဲ့အချိန်မှာ လေကြောင်းကိုအားပြုပြီး တိုက်ခိုက်ရေးတွေ၊ စစ်ဆင်ရေးတွေ လုပ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကိုရပ်တန့်နိုင်ဖို့ဆိုရင် ပထမဦးဆုံး အရေးတကြီးလိုအပ်တာက စစ်တပ်ဆီရောက်ရှိနေတဲ့ လေယာဉ်ဆီ ဖြတ်တောက်ရေးက အရမ်းအရေးကြီးတယ်ပေါ့။ ဆိုတဲ့အတွက် ၂၀၂၄ မှာ လေယာဉ်ဆီကို အဓိကထား ဖြတ်တောက်ဖို့အတွက် ဦးတည်ပြီး လှုပ်ရှားနေတာ ဖြစ်ပါတယ်။"

အခုလှုပ်ရှားမှုမှာ အကျီအဖြူဝတ်ဆင်ပြီး စက္ကူအဖြူပေါ်မှာ အမေရိကန်၊ အင်္ဂလန်၊ ဥရောပနိုင်ငံတွေက လေယာဉ်ဆီတင်ပို့နေတာတွေကို ပိတ်ပေးဖို့၊ လောင်စာဆီပို့ဆောင်ရေး ရေကြောင်းအာမခံကြေးတွေ ဖြတ်တောက်ပေးဖို့ ဒီလိုစာတန်းတွေရေးသားပြီး ဓာတ်ပုံရိုက်တင်ကြတာပါ။

အမေရိကန်၊ အင်္ဂလန်၊ တရုတ်၊ ဥရောပ၊ ရုရှား၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ စတဲ့နိုင်ငံတွေက ကုမ္ပဏီတွေဟာ ရန်ကုန်၊ သီလဝါဆိပ်ကမ်းအရောက် ဆီတွေကို ပို့ဆောင်ပေးနေတယ်လို့ သွေးစွန်းငွေအဖွဲ့ (Blood Money) က ထုတ်ပြန်ထားပါတယ်။ မလေးရှား၊ ဗီယက်နမ်ကလည်း အလားတူ ရောင်းချကြပါတယ်။ Jet A-1 အမျိုးအစား လေယာဉ်ဆီတွေကို သီလဝါဆိပ်ကမ်းမှာပဲ သိုလှောင်ထားကြောင်း ဒီအဖွဲ့က ပြောပါတယ်။

ဒီလေယာဉ်ဆီတွေကို ရောင်းချနေတဲ့ Petro China, ExxonMobil, Chevron, Thai Oil ဒီကုမ္ပဏီတွေက အကျိုးအမြတ်ထက် လူသားချင်းစာနာမှုဘက်ကို ပိုပြီး အလေးထားသင့်တယ်လို့ သွေးစွန်းငွေ တိုက်ဖျက်ရေး လှုပ်ရှားသူတွေ ပြောပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်အခြမ်းက ကျေးရွာစာသင်ကျောင်းတချို့ကို လေယာဉ်နဲ့ပစ်ခတ်ခဲ့တာမှာ ကလေးငယ်တွေသေဆုံးခဲ့တဲ့ အထောက်အထားဓါတ်ပုံတွေနဲ့ အခြား လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားသေဆုံးခဲ့ရတဲ့ သတင်းတွေကို စစ်ကောင်စီက မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့ဖူးပါတယ်။

သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign) အဖွဲ့ဟာ စစ်ကောင်စီရရှိနေတဲ့ ရေနံနဲ့သဘာဝဝတ်ငွေ့က ဝင်ငွေကို ဖြတ်တောက်ဖို့၊ သံရုံးတွေမှာ အခွန်မဆောင်ကြဖို့လည်း တိုက်တွန်းနေပါတယ်။ မကြာသေးခင်က သွေးစွန်းခွန်ဖြတ်တောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတဦးက အခုလိုပြောပါတယ်။

"အဓိကတော့ ဒီစစ်ကောင်စီဆီ သွေးစွန်းခွန်တွေ မစီးဆင်းဖို့ဆိုရင် ပြည်ပရောက်တွေအနေနဲ့က ပတ်စ်ပို့သက်တမ်းတိုးတော့မှ ဒီသွေးစွန်းခွန်တွေ ဆောင်ရမှာဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ပတ်စ်ပို့သက်တမ်းမတိုးဘူးဆိုရင် ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာလုသံရုံးတွေနဲ့ ပတ်သက်စရာ မလိုဘူးပေါ့နော်။ အာရှနိုင်ငံတွေထဲမှာဆိုရင် ဂျပန်နိုင်ငံက ဒီပတ်စ်ပို့သက်တမ်းကုန်ဆုံးနေလည်း ဗီဇာဆက်လက်ထုတ်ပေးတယ်၊ ဆက်လက် နေထိုင်ခွင့်ပေးတယ်ဆိုတဲ့ နိုင်ငံပေါ့နော်၊ ခြွင်းချက်တခုအနေနဲ့ reson letter တကြောင်း၊ နှစ်ကြောင်း ရေးရတာရှိတယ်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့လည်း ဒီသွေးစွန်းခွန်ဖြတ်တောက်ရေး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လို့ ရတယ်ပေါ့နော်။"

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၆၅၀ ကျော်လုပ်ခဲ့ပြီး အရပ်သား ၁,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။ လူပေါင်း ၉၀၀ ကျော် ထိခိုက်ခဲ့ကြောင်းလည်း သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG