မြန်မာ နှစ်ဆန်း ၁ ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့လူထုအတွက် Blood Money - "သွေးစွန်းငွေ ဖြတ်တောက်ရေး" အဖွဲ့ကဦးဆောင်ပြီး စက္ကူလေယာဉ်သပိတ် ဆင်နွှဲကာ မြန်မာစစ်တပ်ကို လေယာဉ်ဆီဖြတ်တောက်ဖို့ နှိုးဆော်နေသလို လူ့အခွင့်ရေးအဖွဲ့တွေကလည်း ဒါကိုတောင်းဆိုနေကြပါတယ်။ မြန်မာပြည်က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့အတွက် အရေးပါတဲ့ ဂျက်လေယာဉ်ဆီ မြန်မာစစ်တပ်ကို မရောင်းချရေးတောင်းဆိုဖို့ တရုတ်အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက ဧပြီလဆန်းတုန်းကလည်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလို လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့အတူ လှုပ်ရှားမှုတွေက လက်တွေ့မှာ ဘယ်လိုအကျိုးကျေးဇူးရှိလာနိုင်ပါသလဲ။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပါထားပါတယ်။
ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေအရဆိုရင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ လူရာကျော် သေဆုံးခဲ့ရတဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ အဆိုးရွားဆုံးကြုံတွေ့ခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ ဒီဘက် ၂၀၂၄ ခုနှစ်ထဲအထိလည်း အာဏာသိမ်းစစ်တပ်ဟာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးရတာများလာတာနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတာလို့ နိုင်ငံတကာကကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ “ပြီးခဲ့တဲ့ ၅ လအတွင်း အရပ်သားတွေကို တိုက်ခိုက်မှုတွေ သိသိသာသာတိုးလာတာကို တွေ့ရပြီး အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုက ငါးဆတိုးလာကြောင်း” ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က မတ်လတုန်းက ဂျနီဗာ လူ့အခွင့်အရေးကောင်စီကို တင်ပြပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ပိုမို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာ စစ်တပ်ကို ဂျက်လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းတာမျိုး မလုပ်ကြဖို့ မဲမခွဲဘဲနဲ့ နိုင်ငံအားလုံးက သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက် စာသားတွေမှာ စိစစ်ခဲ့တာတချို့ ရှိပေမယ့် ဒီလို့ ဆုံးဖြတ်လာနိုင်တာက တိုးတက်မှုဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။
“ဆုံးဖြတ်ချက်မှာပါတာတွေကိုကြည့်ရင် မဲမခွဲဘဲနဲ့ အတည်ပြုလိုက်ပြီဆိုကတည်းက အတော်များများကို Filter (စိစစ်) လုပ်လာတယ် ပြောရမှာပေါ့နော်၊ အရမ်းပြင်းတဲ့ဟာတွေကို တဖြည်းဖြည်းနဲ့လျှော့လာတယ် ပြောရမှာပေါ့။ လျှော့လာတဲ့အထဲမှာမှ ကျနော်တို့ အမြဲတမ်းတောင်းဆိုနေတဲ့ လက်နက်ပိတ်ဆို့ရေး၊ လေယာဉ်ဆီတင်သွင်းတဲ့ကိစ္စနဲ့ပတ်သက်တဲ့ Elements (အစိတ်အပိုင်း)တွေပေါ့နော်။ ကျနော်တို့လိုလားတဲ့ Language (စကားလုံး) အတိုင်းတော့ မဟုတ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး Elements တွေ ပါလာတာက ဒါ တိုးတက်မှုလို့ ကျွန်တော်မြင်ပါတယ်။”
ဧပြီလ (၄) ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဂျက်လေယာဉ်ဆီ၊ ထောက်လှမ်းရေးသုံးပစ္စည်းနဲ့ နည်းပညာ၊ စစ်ဘက် အရပ်ဘက် နှစ်ခုလုံးသုံးနိုင်တဲ့ပစ္စည်းတွေနဲ့ လူ့အသက်ကို ထိခိုက်နိုင်မှုနည်းတဲ့ လက်နက်ပစ္စည်းတွေအပါအဝင် ပစ္စည်း၊ ကိရိယာနဲ့ နည်းပညာတွေကို လူ့အခွင့်အရေး ချိုးဖောက်ရာမှာ အသုံးပြုနိုင်ဖို့ရှိတယ်လို့ ယုံကြည်နိုင်လောက်တဲ့ အကြောင်းရှိရင် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အပြည်ပြည်ဆိုင်စံနှုန်းတွေနဲ့အညီ စစ်ကောင်စီကိုတင်ပို့၊ ရောင်းချ၊ လွှဲပြောင်းတာတွေ ပိတ်ပင်ဖို့ ပါဝင်တာပါ။ ဒီလို လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်လာနိုင်တာက လုံခြုံရေးကောင်စီမှာလည်း ကိုးကားလို့ရနိုင်တဲ့ ဆုံးဖြတ်ချက်အဆိုဖြစ်လို့ အကျိုးရှိတယ်လို့လည်း ဦးကျော်မိုးထွန်းက သုံးသပ်ပါတယ်။
“လူ့အခွင့်အရေးကောင်စီမှာပါတဲ့ Elements တွေက ဘယ်လိုပဲ ဖြစ်ဖြစ် ဒီ နယူးယောက်ဘက်ပိုင်းမှာရှိတဲ့ mechanism (လုပ်ထုံးလုပ်နည်း ယန္တရားတွေ) ကုလသမဂ္ဂ အထွေထွေညီလာခံ ရှိတယ်။ လုံခြုံရေးကောင်စီ ရှိတယ်။ အဲဒီ့အတွက် ကိုးကားလို့ရနိုင်တဲ့ ဆုံးဖြတ်ချက် အဆိုတခုဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်ကတော့ တိုးတက်မှုတခုအဖြစ် မြင်တယ်။ ဒါကို ကျနော်တို့ ကောင်းကောင်းအသုံးပြုသွားဖို့ လိုမယ်။ နိုင်ငံတွေအနေနဲ့လည်းပေါ့နော်၊ ဒီမှာ ပါတဲ့ အချက်အလက်တွေကို တတ်နိုင်သမျှ ဒီထက်ပိုပိုပြီးတော့ အားကောင်းအောင် ဆက်လက် ဆောင်ရွက်သွားဖို့ လိုမယ်ပေါ့နော်။”
တဘက်မှာလည်း လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေက နိုင်ငံတွေအနေနဲ့ ဥပဒေအရ မဖြစ်မနေ လိုက်နာရာမှာမျိုး မရှိတဲ့အချက်က ထောက်ပြစရာ ဖြစ်နေတာပါ။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေး အရ၊ ကျင့်ဝတ်ပိုင်းအရ လိုက်နာရမှာဖြစ်တဲ့အပြင် ရှေ့လာမယ့် ကုလသမဂ္ဂယန္တရားတွေမှာကိုးကားလို့ ရမှာဖြစ်လို့ အကောင်အထည်ဖော်မယ့် နိုင်ငံတွေက တိတိကျကျ ဖော်ဆောင်သွားလို့ရမယ်လို့ ဦးကျော်မိုးထွန်းက ရှင်းပြပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ အလားတူ လက်နက်နဲ့ လေယာဉ်ဆီပိတ်ပင်ရေး ဆုံးဖြတ်ချက်မျိုးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပါ အရေးယူ ဆုံးဖြတ်နိုင်ဖို့ တောင်းဆိုနေကြတာပါ။ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ချပြီးပြီးချင်းမှာပဲ သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့ ပူးပေါင်းပြီးလည်း နိုင်ငံတကာ အစိုးရတွေနဲ့ လေယာဉ်ဆီ ပို့ဆောင်၊ ရောင်းချမှုတွေမှာပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို စစ်အုပ်စုကိုလေယာဉ်ဆီပို့နေတာတွေရပ်တန့်ရေး စာပို့တောင်းဆိုဖို့ ပြည်သူတွေရဲ့ လက်မှတ်တွေကိုကောက်ခံနေပါတယ်။
ဒါ့အပြင် အခု မြန်မာနှစ်သစ်ကူး အချိန်အခါမှာလည်း သွေးစွန်းငွေအဖွဲ့က ဦးဆောင်နှိုးဆော်ပြီး စက္ကူလေယာဉ်တွေပေါ်မှာ လေယာဉ်ဆီပိတ်ဆို့ရေး တောင်းဆိုချက် အပါအဝင် ဆုတောင်းစာတွေရေးပြီး လေထဲလွှတ်တင်တာ၊ လူမှုကွန်ရက်တွေပေါ်မှာဓာတ်ပုံတွေမျှဝေ လှုံ့ဆော်တာတွေလှုပ်ရှားကြပါတယ်။ ဒီလို စက္ကူလေယာဉ်တွေကို မြင်တဲ့အခါမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူအစုလိုက်အပြုံလိုက် အသက်သေဆုံးခဲ့ရတာကို မမေ့ကြဖို့နဲ့ စစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချနေတာကို နိုင်ငံတကာအနေနဲ့ ချက်ချင်း ပိတ်ဆို့အရေးယူဖို့ ရည်ရွယ်တယ်လို့ ဦးဆောင်လှုပ်ရှားတဲ့ သွေးစွန်းငွေအဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၆၅၀ ကျော် ပြုလုပ်ခဲ့ပြီး လူပေါင်း ၁,၀၀၀ နီးပါး သေဆုံးကာ လူ ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလို လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဆေးရုံ ၃၀ နဲ့ စာသင်ကျောင်း ၇၅ ကျောင်းဝန်းကျင်လည်း ပျက်စီးခဲ့ကြောင်းလည်း ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဘက်ကတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ထုတ်ပြန်တဲ့မြန်မာ့နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အခြေအမြစ်မရှိ တဖက်သပ်စွပ်စွဲချက်တွေဆိုပြီး ဧပြီလ ၈ ရက်နေ့ရက်စွဲနဲ့ အာဏာသိမ်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်နေ့ ရက်စွဲနဲ့ တုံ့ပြန်ထားပါတယ်။
Forum