သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေး အကြီးအကဲရဲ့  မြန်မာခရီးစဉ်အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အမြင်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (သြဂုတ်လ ၂၄၊ ၂၀၂၃/ ဓာတ်ပုံ UNSC video screenshot)
ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (သြဂုတ်လ ၂၄၊ ၂၀၂၃/ ဓာတ်ပုံ UNSC video screenshot)

ကုလသမဂ္ဂရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲဟာ နေပြည်တော်မှာ မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံတာကို ကြည့်ရင် “စစ်တပ် အနေနဲ့ လုံခြုံရေး အာမခံချက်မပေးနိုင်တော့ဘူး” ဆိုတာကို ကုလသမဂ္ဂက သုံးသပ်လာတာဖြစ်ကြောင်း ဝါရင့် အကြီးတန် သံတမန် တဦးက ထောက်ပြလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်တဦးဖြစ်တဲ့ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဌာန (United Nations Department of Safety and Security-UNDSS) ရဲ့ အကြီးအကဲ Mr. Gilles Michaud ဟာ ဧပြီလ ၄ ရက်နေ့တုန်းက စစ်ကောင်စီ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေမှာ ၅ ရက်နေ့က ဖော်ပြခဲ့တာပါ။ အကြောင်းအစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။

ကုလသမဂ္ဂရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ တာဝန်ဟာ ကမ္ဘာတဝန်းက ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေ ဘေးကင်းရေး နဲ့ လုံခြုံရေး အခြေအနေကို ကြီးကြပ်ကွပ်ကဲပြီး ဆန်းစစ် သုံးသပ်ရတာပါ။ သူဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသူတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု အခြေအနေနဲ့ ဘေးကင်း လုံခြုံရေးဆိုင်ရာ အခြေအနေတွေကို အတွင်းရေးမှူးချုပ်ကို တိုက်ရိုက် အစီရင်ခံစာ တင်ပြရသူလည်း ဖြစ်ပါတယ်။ အခု နေပြည်တော်ကို သွားခဲ့တဲ့ Mr. Gilles Michaud ဟာဆိုရင် ယူကရိန်းလို လုံခြုံရေး ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံကို လတ်တလောနှစ်တွေထဲ သွားရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နှစ်ပေါင်း ၃၀ ကျော် တာဝန် ထမ်းဆောင်နေတဲ့ ဝါရင့် သံတမန်တဦး ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ သူ့သက်တမ်းတလျှောက် ဒီလို ဌာနက ဒီလိုမျိုး ရာထူးနဲ့ မြန်မာပြည်ကိုလာတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ထူးခြားမှုရှိတယ်လို့ ပြောပါတယ်။

“ဘာလို့ထူးခြားလဲဆိုတော့ အားလုံးသိတဲ့ ဟိုးအရင်တုန်းက အီရတ်တို့ ဘာတို့မှာ လုံခြုံရေးစည်း ကျိုးပေါက်ပြီးတော့ UN ရုံးတွေ ထိခိုက်ခဲ့တဲ့ ကိစ္စမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်တပ်အနေနဲ့ လုံခြုံရေး အာမခံချက် မပေးနိုင်တော့ဘူးလို့ သူတို့ သုံးသပ်လာတယ်လို့ မြင်တယ်။ ဒါ ကျွန်တော့်ရဲ့ သုံးသပ်မှုပေါ့။ ဒါကြောင့်လည်း အခုလိုမျိုး ခရီးစဥ် သွားပြီးတော့ သူ့တို့ ဝန်ထမ်းတွေ၊ နိုင်ငံတကာ ဝန်ထမ်းလည်း ရှိမယ်၊ ဒေသခံ ဝန်ထမ်းတွေလည်း ရှိမယ်။ ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ UN အဆောက်အအုံတွေရဲ့ လုံခြုံရေးအတွက် အထူး ဂရုပြုပြီး ဆွေးနွေးဖို့ သွားတယ်လို့ ကျွန်တော် ယူဆပါတယ်။”

မြန်မာဆိုင်ရာ ကုလအထူးသံခန့်အပ်မှု ဦးကျော်မိုးထွန်းစောင့်ကြည့်ကြိုဆို
please wait

No media source currently available

0:00 0:07:02 0:00

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ကုလသမဂ္ဂရဲ့ လတ်တလော ထုတ်ပြန်ချက်တွေမှာ အရင်မကြုံဖူးတဲ့ အတိုင်းအတာနဲ့ အကြမ်းဖက်မှုတွေ ဖြစ်နေပြီး စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူဦးရေ စံချိန်တင် မြင့်တက်နေတယ်လို့ ကိန်းဂဏန်း မှတ်တမ်းတွေနဲ့ ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ၂၀၂၄ ခုနှစ် အတွက် မြန်မာနိုင်ငံမှာ လူသားချင် စာနာမှု လိုအပ်ချက်နဲ့ တုံ့ပြန်မှု အစီအစဥ် ထုတ်ပြန်ချက်ထဲမှာ အရပ်သားတွေအပေါ် စနစ်တကျ စစ်ရေးအရ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၄,၀၀၀ ကျော်နဲ့ သောင်းနဲ့ချီတဲ့ မတရားဖမ်းဆီးခံရမှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပဋိပက္ခတွေကြောင့် အကြမ်းဖက်မှုတွေ၊ စနစ်တကျ ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြောက်တရားဟာ မြန်မာနိုင်ငံက အရပ်သား ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ စိမ့်ဝင်နေပြီး လုံခြုံရေး အရ စိုးရိမ်နေရတဲ့ အခြေအနေဟာ ပျံ့နှံ့နေတယ်လို့ ဖော်ပြထားပါတယ်။

အစုလိုက်အပြုံလိုက် အရပ်သားတွေ ထွက်ပြေးရတာကလည်း စိုးရိမ်ဖွယ်နှုန်းတွေနဲ့ ဆက်လက်မြင့်တက်နေပြီး UNOCHA မြန်မာရဲ့ မှတ်တမ်းတွေအရ လူပေါင်း ၂.၈ သန်း ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး၊ အဲဒီထဲမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူက ၂.၅ သန်း ကျော် ပါဝင်နေပါတယ်။

လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီနေတဲ့ Insecurity Insight ရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ဥရောပကော်မရှင်ရဲ့ ၂၀၂၄ ခုနှစ် အတွက် မြန်မာနိုင်ငံ လူသားစာနာမှု အကျပ်အတည်း ဆိုင်ရာ ထုတ်ပြန်ချက်ထဲမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း အကူအညီပေးရေး ဝန်ထမ်းတွေရဲ့ အခြေအနေက သိသိသာသာ ဆိုးရွားလာနေပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အကူအညီပေးရေး လုပ်သား ၄၀ ဦး သေဆုံးကာ၊ ၃၅ ဦး ဒဏ်ရာရခဲ့သလို ၁၅ ဦး ပြန်ပေးဆွဲခံရကာ ၂၁၂ ဦး ဖမ်းဆီးခံထားရကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဌာန (United Nations Department of Safety and Security-UNDSS) အကြီးအကဲ Mr. Gilles Michaud
ကုလသမဂ္ဂရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဌာန (United Nations Department of Safety and Security-UNDSS) အကြီးအကဲ Mr. Gilles Michaud

ဒါကြောင့် ကုလသမဂ္ဂရဲ့ လက်ထောက် အတွင်းရေးမှူးချုပ် အဆင့်ရှိတဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲရဲ့ နေပြည်တော် ခရီးစဥ်က မြန်မာနိုင်ငံရဲ့ ဆိုးရွားယိုးယွင်းလာနေတဲ့ အခြေအနေကို ထင်ဟပ်နေတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက သုံးသပ်ပါတယ်။

“ဒီခရီးစဥ်တင်မကဘူးပေါ့်နော်၊ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်ရုံးက ပြောခွင့်ရ ပြေတာတို့၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြောကြားချက်တွေကို ထောက်ရှုရင်ပေါ့နော်၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေကတော့ အတိုင်းအတာ တခုအထိ ဂရုပြုရမယ့် အခြေအနေ ရောက်လာပြီဆိုတာကို သူတို့တွေ မှတ်ယူ သုံးသပ်ထားတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့် ဒီခရီးစဥ် သွားလိုက်ခြင်းက ပိုပြီးတော့ ထပ်လောင်းပြီး အတည်ပြုလိုက်တဲ့ သဘောမျိုးရှိတယ်လို့တော့ ကျွန်တော် မြင်ပါတယ်။”

မြန်မာနိုင်ငံ တဝန်းမှာ လက်တွေ့ မြေပြင်အခြေအနေမှာ စစ်အာဏာရှင် တော်လှန်ရေး အင်အားစုတွေက အတော်များများ ထိန်းချုပ် ထားနိုင်တဲ့ အခြေအနေ ရှိနေတာကို နိုင်ငံတကာကလည်း သိပြီးဖြစ်လို့ အခု မြန်မာပြည်ခရီးစဥ် သွားခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲအနေနဲ့ အားလုံးနဲ့ ထိတွေ့သွားမယ့် အခြေအနေ မျှော်လင့်ကြောင်းလည်း ဦးကျော်မိုးထွန်းက ဖြည့်စွက် ပြောဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဧပြီ ၅ ရက်နေ့က ဖော်ပြချက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေးဆိုင်ရာ အကြီးအကဲဟာ စစ်ကောင်စီရဲ့ ပြည်တွင်းလုံခြုံရေး ဆိုင်ရာ အဓိက တာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံရာမှာ ကုလသမဂ္ဂ ဝန်ထမ်းတွေ ဘေးကင်းရေး၊ ခရီးသွားလာခွင့်နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ် တဦးလည်း ဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးသန်းဆွေကတော့ ကုလသမဂ္ဂ လုံခြုံရေးဆိုင်ရာ အကြီးအကဲ Mr. Gilles Michaud နဲ့ တွေ့ဆုံရာမှာ ကုလသမဂ္ဂ ဝန်ထမ်းတွေ လုံခြုံရေး အလေးပေးဆောင်ရွက်နေကြောင်းနဲ့ နိုင်ငံတဝန်း ခရီးသွားလာခွင့် အတွက်လည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေကြောင်း ပြောခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG