သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတင်းစစ်မှုထမ်းခိုင်းတာ အရေးယူဖို့ လုံခြုံရေးကောင်စီမှာ ဦးကျော်မိုးထွန်း တောင်းဆို


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရ။ (ဓါတ်ပုံ_ UN TV Screenshot)
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရ။ (ဓါတ်ပုံ_ UN TV Screenshot)

စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းမှု အဆုံးသတ်ရေးအတွက် နိုင်ငံတကာက အရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက မြန်မာလူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းနေတာဟာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေကို တိုက်ခိုက်ရာမှာ လူသားဒိုင်း ဒါမှမဟုတ် ပေါ်တာအဖြစ် သုံးဖို့ဖြစ်ပြီး ဒီလို အတင်းအကျပ် လုပ်ဆောင်မှုကနေ လူသားစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရတဲ့ဒေသတွေမှာ ပြဿနာတွေ ကြုံလာနိုင်ကြောင်း ကုလလုံခြုံရေး ကောင်စီကို တင်ပြခဲ့တာပါ။

လုံခြုံရေးကောင်စီအနေနဲ့ ၂၀၂၂ က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက် ၂၆၆၉ ရဲ့ နောက်ဆက်တွဲအဖြစ် ပိုထိရောက်တဲ့ ဆုံးဖြတ်ချက်အဆိုကို ထပ်ချပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။


ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီမရအောင် တားဆီးပေးဖို့၊ စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု တာဝန်ယူမှု ရှိလာစေဖို့၊ လူသားချင်းစာနာမှု အကူညီပေးရေးလမ်းကြောင်းတွေ ပိတ်ဆို့မထားစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု ရှိလာအောင် ပံ့ပိုးကူညီပေးဖို့ကိုလည်း လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့တာပါ။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တွန်းလှန်ရာမှာ အမျိုးသမီးနဲ့ လူငယ်တွေဟာ ရှေ့တန်းက ပါဝင်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မတ်လ ၁၃ ရက်က နယူးရောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ “ပဋိပက္ခကြိုတင်ကာကွယ်မှု မြှင့်တင်ရေးနဲ့ အမျိုးသမီးနဲ့ လူငယ်များအပါအဝင် လုပ်ဆောင်သူအားလုံးကို လုပ်ပိုင်ခွင့်ပိုပေးရေး” ဆိုင်ရာ ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ပြည်သူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာအတွက် ကုလသမဂ္ဂမှာ တာဝန်ရှိတဲ့ အနေအထားဖြစ်နေကြောင့် နောက်ထပ် အသက်တွေကို ကယ်တင်နိုင်ဖို့ ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့လည်း ပန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG