သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေပုံဘက်မှာ စစ်ကောင်စီတိုက်ခိုက်မှု ဒေသခံအမြင်


AA ရခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ (Photo: AA Info Desk)
AA ရခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ (Photo: AA Info Desk)

ရခိုင်ပြည်နယ်တောင်ပိုင်းကို AA ရခိုင်တပ်တော် စစ်ဆင်ရေးတိုးချဲ့နေချိန်၊ တိုက်ပွဲမရှိတဲ့ မြေပုံမြို့ကရွာ လေကြောင်းပစ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ AA အနေနဲ့ ပြည်နယ်မြို့တော် စစ်တွေနားတဝိုက် အရင် ဝိုင်းထားပြီး၊ အခု တောင်ပိုင်းက စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ဖက်ကို ဦးတည်တိုက်နေချိန် ခုလို လေကြောင်းက ပစ်ခံရတာလို့ နီးစပ်သူတွေက ဆိုပါတယ်။ ဘာကြောင့် အခုလိုတိုက်ခံရတာဖြစ်နိုင်ပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။


မြေပုံမြို့နယ် တိုက်ခိုက်ခံရပုံကို ဦးဖေသန်းက ခုလို ရှင်းပြပါတယ်။

" မြေပုံမြို့နယ် ခမ်းတောင်းကြီးနားမှာ ညောင်ကန်ဆိုတဲ့ရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ တိုက်ခိုက်တယ်။ နောက် MI 35 ဟယ်လီကော့ပတာနဲ့လည်း လာပစ်တယ်။ မွန်းလွဲ ၁ နာရီ မတိုင်ခင်ထဲကနေပစ်တာ ၅ နာရီထိပစ်တယ်။ အဲဒီမှာ ဒဏ်ရာရလူနာ ၂၀ ကျော်ရှိတယ်။ အနီးနားက ဆေးရုံတွေမှာ သွားရောက်ကုသရတယ်။ ရွာက ဘုန်းတော်ကြီးကျောင်းကလည်း ပြိုပျက်ကျသွားတာပေါ့။ "

ဒါ့အပြင် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှု အခြေအနေကိုလည်း ဦးဖေသန်းက ဆက်ရှင်းပြပါတယ်။

" ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ရိုက် ပစ်ခိုက် ထိခိုက်တယ်ကြားတယ်။ ကိုရင်တွေလည်း ဒဏ်ရာရရတယ်။ အဲဒီမှာရှိတဲ့ ပြည်သူ ၂၀ လောက် ဒဏ်ရာရတယ်။ အသေအပျောက် ရှိနိုင်ပါတယ်။ အဲဒီနေရာက လေယာဉ်နဲ့ တနေကုန်ပစ်နေတော့ ကျနော်တို့က အဲဒီဘက် မသွားနိုင်တော့ အတည်မပြုနိုင်သေးဘူး။ မီးလောင်နေတယ်လို့လည်း ကြားရတယ်။ "

ဘာကြောင့် ခုလို လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်ပါသလဲလို့ ဆက်မေးရာမှာ ဦးဖေသန်းက -

" သူတို့ လုပ်နေကျအတိုင်းပဲပေါ့နော် AA တပ်တွေကို သွားမတိုက်ပဲနဲ့ တိုက်ပွဲလည်း မရှိတဲ့ ဘာမှမဆိုင်တဲ့ အရပ်သားပြည်သူတွေကို သွားပစ်တယ်ဆိုတာ မြေပြင်သတင်းတွေအရ သိရပါတယ်။ တနိုင်ငံလုံးမှာ သူတို့ ဒီလိုပဲလုပ်နေတာ တွေ့တယ်ဗျ။ ဒီရွာတွေက AA တပ်တွေကို ထောက်ခံတယ်လို့ သူတို့ ယူဆလို့နေမှာပေါ့။ ပြည်သူတွေ AA ကို မထောက်ခံရဲအောင် ကြောက်သွားအောင် လက်စားချေတဲ့သဘောမျိုး လုပ်တာနေမှာပေါ့။ "

ဒီနေရာမှာ မြေပုံမြို့ရဲ့ထူးခြားပုံကိုလည်း ဦးဖေသန်းက ရှင်းပြပါတယ်။

" မြေပုံမြို့ကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တာတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေ မင်းပြားမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပေါ့နော် ၊ ဒီမြေပုံမှာရှိတဲ့ စစ်တပ်က အင်အားလည်း သိပ်မရှိတော့ သူ့အလိုလို ဆုပ်ခွာသွားတယ်လို့ သိရပါတယ်။ မြေပုံမြို့ကတော့ မြို့မိမြို့ဖတွေပဲ ထိန်းသိမ်းထားတာ၊ AA တပ်လည်း မရောက်ဘူး။ အလံ လာစိုက်တာလည်း မရှိဘူး။ အခုဖြစ်တာက မြေပုံမြို့နယ် ဆိုပေမယ့် မိုင် ၃၀ လောက်ဝေးတဲ့ နေရာပေါ့။ "

တိုက်ခိုက်ခံရတဲ့ ညောင်ကန်ရွာရဲ့ ထူးခြားမှုကို မေးရာမှာလည်း ဦးဖေသန်းက -

" အဲဒီရွာက အရင် AA တပ်တွေ ရှိခဲ့တုန်းက တပ်က လာပစ်ခဲ့တာရှိတယ်။ ဒီရွာက ခမ်းတောင်းကြီးနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ ဓါးလက်ချောင်းပေါ့ ကဇုကိုင်းတောင်ပေါ့ အဲဒီကြားမှာကျတယ်။ ဒီရွာကို AA တွေ အဝင်အထွက် ရှိတယ်ဆိုပြီးတော့ အရင်ကလည်း ပစ်ခတ်ခဲ့ဖူးတယ်။ ခုက AA တပ်တွေက သီးခြားရွာတွေမှာပေါ့နော် တိုက်ပွဲဖေါ်ဖို့အတွက် စစ်ကောင်စီတပ်တွေကို အမ်း တောင်ကုတ် ရမ်းဗြဲတို့ အဲဒီဘက်မှာ စစ်ဆင်ရေးတွေ စတင်နေပြီဆိုတော့ အဲဒီဘက်ကိုပဲ တပ်တွေအကုန် ရွှေ့နေပြီဆိုတဲ့ သတင်းတွေသိတယ်။ အခု တိုက်ခိုက်ခံရတဲ့ရွာက ရွာငယ်လေးပဲဖြစ်တဲ့ AA တပ်တွေနဲ့လည်း လှမ်းပါတယ်။ "

အခုလို ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရနဲ့ AA တပ်ဖွဲ့ ပြောခွင့်ရသူတို့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူးခင်ဗျား။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG