မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်ထဲက အချက်အခြာကျတဲ့ ချောင်းကြီးရဲစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေကပြောပါ တယ်။ စစ်ကိုင်းတိုင်းကောလင်းမြို့မှာလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အရပ်သားသေဆုံးတာတွေ နေအိမ်တွေမီးရှို့ခံရတာတွေရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက နောက်ဆုံးရရှိထားတဲ့ စစ်ရေးအေခြေအနေသတင်းပေးပို့ချက်ကို- ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။
မန္တလေး၊ မိုးကုတ်၊ မြစ်ကြီးနားလမ်းပေါ်မှာရှိပြီး အချက်အခြာကျတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ချောင်းကြီး ရဲ စခန်းကိုဇူလိုင်လက ၁၇ ရက်နေ့စတင်တိုက်ခိုက်ခဲ့ပြီး ၂ ပတ်အကြာ သြဂုတ် ၁ ရက်နေ့မှာ ကာကွယ်ရေး တပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့တာဝန် ရှိသူတွေက VOA ကိုပြောပါတယ်။
ခက်ခက်ခဲခဲတိုက်ခိုက်ယူခဲ့ရတာဖြစ်ပြီး၊ စစ်ကောင်စီတပ်တွေဘက်ကလက်နှက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
"သပိတ်ကျင်းမြို့နယ် ချောင်းကြီးရဲစခန်းကို ဇွန်လ နောက်ဆုံးအပတ်ကနေစပြီး ကနဦး ပိတ်ဆို့ခဲ့ပါတယ်။ လေကြောင်း ပစ်ကူ လက်နက်ကြီးပစ်ကူ ကျွန်တော်တို့ကို တောက်လျှောက် ဖိအားပေးပြီးတော့ ပစ်ခဲ့တာပေါ့နော်။ အဲ့ထဲကနေမှ ကျွန်တော်တို့ရဲ့ ရဲဘော်တွေရဲ့ ကြိုးစားမှုနဲ့အတူ ကျွန်တော်တို့ ဒီစခန်းကို ရရှိခဲ့တာပါ။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေ လည်းရှိပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုလည်း နယ်မြေရှင်းလင်းရေး လုပ်နေတုန်းမို့လို့ အတိအကျ မထုတ်ပြန် သေးတာပါ။"
ချောင်းကြီးရဲစခန်းမှာ စစ်တပ်နဲ့ရဲ အင်အား ၁၀၀ နီးပါး တပ်စွဲထားပြီး တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အကျအဆုံးရှိခဲ့သလို စစ်တပ်ဘက်ကလည်းထွက်ပြေးသူတွေနဲ့ သေဆုံးသူတွေရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အမှတ် (၁) စစ်ဒေသအောက်ရှိ ပြင်ဦးလွင်၊ ရွှေဘိုခရိုင်တပ်ရင်း တွေနဲ့ မြို့နယ် ပကဖ တွေပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူတောင်ပိုင်းမှာဆိုရင်လည်း ဇူလိုင်လ နောက်ဆုံးအပတ်ကစလို့ စစ်တပ်ကစစ်ကြောင်းထိုး နေတဲ့အတွက်ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံအများအပြားက နေရပ်စွန့်ခွါထွက်ပြေးနေရပါတယ်။ နေအိမ်တွေမီးရှို့ခံရတာရှိသလို လက်နက်ကြီး ထိမှန်ပြီးအရပ်သား သေဆုံးတာတွေလည်းရှိတယ်လို့ဒေသခံတဦး ကအခုလိုပြောပါတယ်။
"၂၆ -၂၇-၂၈ ၃ ရက်ဆက်တိုက်ရှို့တယ်။ သရက်ခေါင်း ၊ ဘိုကုန်း ၊ မဲသည် ၊ သပြေသာ ၊ သရက်တော အဲ့ဒါတွေ အကုန်မီးရှို့သွားတယ်။ ဘိုတဲကုန်းကော။ စုစုပေါင်းဆို ၄၀၀ လောက်ရှိမယ်။ ၄၀၀ ကျော်လောက်ရှိမယ်။ စစ်ကြောင်း တွေထိုးတုန်းပဲ။ အခုက စစ်ကြောင်းတွေထိုးပြီး ထိုင်နေတယ်။ မင်းကုန်းထိုင်တယ်။ ညောင်ဇင်ကြီးထိုင်တယ်။ ဘိုတဲကုန်း ထိုင်ထားတယ်။ (ပြေးနေရတာက) ကျေးရွာ ၁၀ ရွာ ၁၇ ရွာလောက်ပေါ့။ လူဦးရေအရဆိုရင်အများကြီးပဲ။ ကျွန်တော်တို့လည်းပြေးနေရတယ်။အဝေးတနေရာကို ပြေးနေရတယ်။ အရပ်သားတွေသေဆုံးတာက လက်နက်ကြီး ကျပြီးသေဆုံးတယ်။ ဒရုန်းသီးကျပြီး သေဆုံးတယ်။ သရက်ခေါင်းရွာက သားအမိ ၂ ယောက်ဆုံးတယ်။ ဒဏ်ရာရတာက ၃-၄ယောက်လောက်ရတယ်။ ရက်စက်ပါတယ်ဗျာ။ ဒီစစ်ကြောင်းကတော့"
အထက်ဖေါ်ပြပါကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက် တစုံတရာထုတ်ပြန်တာမရှိသေးလို၊ VOA အနေနဲ့လည်း သီးခြားစုံစမ်းအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
လက်ရှိကန့်ဘလူမြို့နယ်ထဲကို စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေပူးပေါင်းပြီး စစ်ကြောင်းထိုးနေတာဖြစ်ပြီး၊ စစ်တပ်ကိုထောက်ခံတဲ့ ဆရာတော်ဦးဝါသဝက ဦးဆောင်သင်တန်းပေးထားတဲ့ ပျူစောထီးတွေအဓိက ပါဝင်တယ်လို့ လလည်းဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေရတာ ၁ ပတ်လောက်ရှိပြီး၊ နေထိုင်စားသောက်ရေး ခက်အခဲလာသလို၊ မိုးတွင်းကာလဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်သူတွေမှာ ဒုက္ခရောက်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။
Your browser doesn’t support HTML5