နာဂစ် ၁၀နှစ်ပြည်နဲ့ သဘာဝဘေးရန် ကြိုတင်ကာကွယ်မှု

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်

မြန်မာ့သမိုင်းတလျှောက် အင်အားအပြင်းထန်ဆုံး နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့တာ ဒီနေ့မေလ ၂ရက်မှာ ဆယ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ နာဂစ်နောက်ပိုင်းမှာ လူထုရဲ့ သတိရှိမှုနဲ့ အစိုးရ အဖွဲ့အစည်းတွေရဲ့ သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု အပိုင်းတွေမှာ တိုးတက်လာပေမဲ့လည်း ဒီထက်ပိုပြီး လုပ်ဆောင်ဖို့လိုနေသေးကြောင်း မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်လေ့လာရေး ပညာရှင်တချို့က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေရဲ့ အားနည်းချက်တွေကို သိရှိဖို့နဲ့ နာဂစ်ကိုသခန်းစာယူပြီး ပြုပြင်သွားဖို့ လိုအပ်ကြောင်း ပညာရှင်တချို့က သုံးသပ်ပြောဆိုထားတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။

ဒီနေ့ မေလ ၂ရက်က မြန်မာနိုင်ငံမှာ လူအသေအပျောက် အများဆုံးနဲ့ ကမ္ဘာ့ပေါ်မှာ အဆိုးရွားဆုံး အဆင့်(၈)ချိတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ၁၀နှစ်ပြည့်တဲ့နေ့ပါ။ လေတိုက်နှုန်းတစ်နာရီ မိုင်၁၅၀နဲ့ တိုက်ခဲ့တဲ့ ဒီနာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ အများဆုံးထိခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုက မြန်မာကျပ်ငွေ ၁၁.၈ ထရီလီယံကျော်ရှိပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁သိန်း ၄သောင်းကျော် ရှိခဲ့တာပါ။

နာဂစ်တိုက်ခတ်တုန်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ပြီး အဲဒီအချိန်က အသက် ၁၅နှစ်အရွယ်ဖြစ်တဲ့ ကိုထူးလွင်က သူတွေ့ကြုံခဲ့တာကို အခုလိုပြန်ပြောပြပါတယ်။

“နာဂစ်ညက နာဂစ်မဖြစ်ခင် တစ်ရက်နေ့ညက ကျွန်တော်တို့ ‘အမာ’ဆိုတဲ့ ရွာကလေးကနေ ဘိုကလေးကို သွားမှာလေ။ လေးငါးနာရီလောက် သင်္ဘောမောင်းရတယ်။ အဲဒါက ကျွန်တော့ကို ကျောင်းသွားအပ်ဖို့ အဖေနဲ့အမေလိုက်တယ်။ ရဲစခန်းကတော့ လာတားပါတယ်။ မုန်တိုင်းရှိတယ်၊ မထွက်နဲ့ပေါ့။ အဲဒီမုန်တိုင်း လောက်ကတော့ ကျွန်တော်တို့ ပင်လယ်မှာ ဘာမှမဖြစ်ဘူးလေ။ သူတို့က ၄၅/၅၀ ပဲကြေငြာတာဆိုတော့ အေးဆေးပဲဆိုတော့ သွားမယ်ပေါ့ ဟိုကို ဘိုကလေးကိုပေါ့။ ဘိုကလေးကို ငါးနာရီလောက်မောင်းရတယ်။ ကျွန်တော်တို့ မနက်ရောက်တော့ ကျွန်တော့်ကို နေ့ခင်းလောက်ပို့ပြီးတော့ အဖေနဲ့အမေက သင်္ဘောထဲ ပြန်ဆင်းအိပ်တာ သင်္ဘောတော့ ကျွန်တော်တို့ ပြန်မတွေ့တော့ဘူး၊ ကျွန်တော့အဖေရော၊ အမေရော ပြန်ရှာလို့ မရတော့ဘူး။”

နာဂစ်နောက်ပိုင်း ဆယ်နှစ်တာကာလအတွင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဝိုင်းဝန်းလုပ်ဆောင်နေပေမဲ့ လိုအပ်ချက်တွေက ရှိနေသေးတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အခုလိုသုံးသပ်ပါတယ်။

“နာဂစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အတိုးတက်ဆုံး ကဏ္ဍကိုပြောပါ ဆိုရင်တော့ Public Awareness ပါပဲ။ လူထုရဲ့ သတိရှိမှု အပိုင်းကတော့ အဆမတန်တိုးတက်လာပြီး အလွန်ကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ သူတို့ကိုယ်နှိုက်က လိုလိုချင်ချင် သိချင်တဲ့စိတ်တွေ ကြောက်တာလည်း ပါတာပေါ့လေ။ အရင်တုန်းက ပြောပေမဲ့ ဂရုမစိုက်တဲ့ အနေအထားကနေပြီတော့ အခုတော့ မိုးလေဝသ သတင်းကို နားထောင်ရုံသာမက၊ မေးမြန်းတဲ့အဆင့်ထိ တက်လာတယ်။ အလားတူပဲ အစိုးရပိုင်းကလည်း သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို အရင်ကထက်ပိုပြီးတော့ ဦးစားပေး လုပ်လာတာလည်း တွေ့ရပါတယ်။ အရင်က မလုပ်တဲ့ အလုပ်တွေလည်း ပိုပြီးလုပ်လာတာ တွေ့ရပါတယ်။ Shelter တွေဆောက်တယ်။ ရွာချင်းဆက်လမ်းတွေ ဖောက်တယ်၊ လူထုပညာပေး စနစ်တွေလုပ်တယ်။ ဒါမျိုးတွေ တာတွေပြန်ဖို့တယ်။ ပိုလုပ်လာတာ တွေ့ရတဲ့အတွက် နာဂစ်မဖြစ်ခင် ကာလနဲ့နှိုင်းစာရင်တော့ တိုးတက်မှုရှိတယ်လို့ အမှန်အတိုင်း ပြောရမှာပေါ့။ သို့သော်ငြားလည်း လုံလောက်မှုရှိရဲ့လားဆိုတဲ့အပိုင်းမှာ ကျတော့ ကျွန်တော့်အမြင် ပြောရရင်တော့ လုံလောက်မှုတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီးတော့ လုပ်ပေးဖို့ လိုပါသေးတယ် ဆိုတာလေး ကျွန်တော် ကောက်ချက်ချမိပါတယ်။’

မုန်တိုင်းဒဏ် မကြာခဏခံရတဲ့ အိန္ဒိယနိုင်ငံမှာ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သတ်ပြီး ဥပဒေတွေ ရေးဆွဲပြီးဖြစ်သလို နည်းပညာပိုင်းနဲ့ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု အပိုင်းမှာလည်း အားသာချက်တွေ ရှိနေတာကြောင့် သဘာဝဘေးနဲ့ ပတ်သတ်ပြီး ဒေသတွင်းမှာ အကောင်းမွန်ဆုံး ဖြစ်တယ်လို့ ဒေါက်တာ ထွန်းလွင်က ဆက်ပြောပါတယ်။

“အိန္ဒိယမှာတော့ ရေကြီးတာလည်း နှစ်တိုင်းဖြစ်တယ်။ အပူရှိန်လွန်ကဲတာလည်း နှစ်တိုင်းဖြစ်တယ်။ မုန်တိုင်း အန္တရာယ်လည်း နှစ်တိုင်းဖြစ်တယ်။ ဆူနာမီတုန်းကလည်း သေတာပဲသူတို့။ တစ်နည်း ပြောရင်တော့ နာဂစ်သင်ခန်းစာတွေကို ကျွန်တော်တို့ ရယူနိုင်ကြဖို့။ နာဂစ်က မပြီးသေးသောသော ပန်းချီကား ကျွန်တော်တို့ မမေ့သင့်တဲ့အရာလို့၊ ဖြစ်နိုင်ရင်တော့ ကျွန်တော် မေလ ၂ရက်ကို နာဂစ်နေ့လို့တောင် ကျွန်တော်က သတ်မှတ်ဖို့ သင့်ပါတယ်လို့ အကြံပြုထားပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံ အဆောက်အဦ ၅၀ဝန်းကျင် ဆောက်ထားပြီး ဖြစ်သလို စာသင်ကျောင်းတွေကိုလည်း မုန်တိုင်းခိုလှုံနိုင်တဲ့အဆောက်အဦအနေနဲ့ အသုံးချနိုင်အောင်စီစဉ်ထားတယ် လို့ဆိုပါတယ်။ မုန်တိုင်းသတိပေးစနစ်ကိုလည်း တပြိုင်နက်တည်းဖြစ်အောင် ပြောင်းလဲကျင့်သုံးနေပြီလို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းသူက အခုလိုပြောပါတယ်။

“သူ့ဆင့်ကဲ၊ ဆင့်ကဲ ခရိုင်တွေ၊ မြို့နယ်တွေ၊ ပြီးတော့ ရပ်ကျေးဆိုတဲ့ ဥစ္စာတွေ တစ်ဆက်တည်း ကျွန်တော်တို့ Warning ကိုလည်း မြန်မြန်လည်းရောက်အောင် ပြီးတော့ ရောက်သွားတဲ့ Warning ပေါ်မှာ မူတည်ပြီးတော့ ဘာတွေလုပ်ရမယ်ဆိုတဲ့ ဥစ္စာကိုလည်း ရှင်းရှင်းလင်းလင်း သိအောင်ဆိုပြီးတော့ အခုနောက်ပိုင်းမှာ Warning စနစ်ကို ပိုပြီးအားကောင်းအောင် လုပ်တာရှိပါတယ်။ ကျွန်တော်တို့ ဦးစီးဌာနက ဆောင်ရွက်ရတဲ့ အပိုင်းရှိသလို တချို့အပိုင်းတွေမှာ ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ မိုးဇလနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်တဲ့ အနေအထားလည်း ရှိပါတယ်။”

၂၀၁၄ ကနေ ၂၀၁၇ အထိပြုလုပ်တဲ့ German Watch အဖွဲ့နဲ့ ကုသသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဖရင့်ရဲ့ စစ်တမ်းအရဆိုရင် ရာသီဥတုဒဏ်ခံစားရတဲ့ ကမ္ဘာ့အဆိုးဆုံး ၁၀နိုင်ငံမှာ မြန်မာနိုင်ငံက ဒုတိယအဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။