လူ့အခွင့်အရေး အဆိုပြုချက်မူကြမ်း ကုလမှာ မြန်မာကန့်ကွက်

ကုလသမဂ္ဂ အထွေထွေညီလာခံကြီးအတွင်း တတိယကော်မတီရှေ့မှောက် မြန်မာအစိုးရ သဘောထား တင်ပြနေတဲ့ သံမှူးကြီး ဦးရဲမင်းသိမ်း

ကုလသမဂ္ဂ အထွေထွေညီလာခံကြီးအတွင်း တတိယကော်မတီရှေ့မှောက် မြန်မာအစိုးရ သဘောထား တင်ပြနေတဲ့ သံမှူးကြီး ဦးရဲမင်းသိမ်း

နယူးရောက်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးအတွင်း တတိယကော်မတီက အင်္ဂါနေ့က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တဲ့ အဆိုပြုချက်တွေထဲမှာ မြန်မာဆိုင်ရာ အဆိုပြုချက်တွေ ပါဝင်တဲ့ လူ့အခွင့်ရေးကောင်စီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အဆိုပြုချက်မူကြမ်းအမှတ် ၅၆ ကို မြန်မာဘက်က ကန့်ကွက်ခဲ့ပါတယ်။ ဘာကြောင့် ကန့်ကွက်ရပါသလဲ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တတိယကော်မတီက အင်္ဂါနေ့မှာ အဆိုပြုချက် မူကြမ်း ၁၁ ခုကို အတည်ပြုခဲ့တာ ဖြစ်ပြီး ဒီအထဲမှာ ပြင်းထန်တဲ့ ငြင်းခုံမှုတွေ ကြားကပဲ အတည်ပြုနိုင်ခဲ့တဲ့ မူကြမ်းတွေကတော့ သေဒဏ်ပြစ်ဒဏ်ပယ်ဖျက်မှုဆိုင်ရာ ပြင်ဆင်တဲ့မူကြမ်း၊ ကြေးစားစစ်သားအသုံးပြုရေးဆိုင်ရာမူကြမ်းနဲ့ လူ့အခွင့်ရေးကောင်စီရဲ့ အစီရင်ခံစာဆိုင်ရာ မူကြမ်းတွေဖြစ်ပါတယ်။

အင်္ဂါနေ့က အတည်ပြုခဲ့တဲ့ အဆိုပြုချက် မူကြမ်းတွေထဲက အမှတ် ၅၆ ဖြစ်တဲ့ လူ့အခွင့်ရေးကောင်စီကတင်သွင်းတဲ့ အစီရင်ခံစာဆိုင်ရာ အဆိုပြုချက်မူကြမ်းအတွက် ထောက်ခံမဲ ၁၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေ ၆၅ မဲနဲ့ အတည်ပြုခဲ့တယ်လို့ တတိယကော်မတီ ဥက္ကဌက ကြေညာခဲ့တာပါ။

မဲပေးအပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆန္ဒတွေကို ထုတ်ဖေါ်ပြောကြားရာမှာ ဒီအဆိြုပုချက်မူကြမ်းနဲ့ ပတ်သက်ပြီး မဲမပေးပဲ ကြားနေခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ဒီအစီရင်ခံစာဟာ မလိုအပ်ပဲ ပြုစုထားတာ ဖြစ်သလို အရင်အတည်ပြုခဲ့ပြီးဖြစ်တဲ့ လူ့အခွင့်ရေးကောင်စီရဲ့ အစီရင်ခံစာတွေဟာလည်း တဖက်သတ်ဆန်လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ အမေရိကန်သာမက ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ ရုရှားနဲ့ ဂျပန် နိုင်ငံတွေကလည်း မဲမပေးပဲ ကြားနေခဲ့ကြတာပါ။

ဒီအဆိုပြုချက်မူကြမ်း အမှတ် ၅၆ ကို ကန့်ကွက်မဲပေးခဲ့တဲ့ နိုင်ငံက ၃ နိုင်ငံရှိပြီး Belarus ၊ အစ္စရေးနဲ့ မြန်မာတို့ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို မြန်မာကိုယ်စားလှယ်အနေတဲ့ တက်ရောက်ခဲ့တဲ့ သံမှုးကြီး ဦးရဲမင်းသိန်းက လူ့အခွင့်ရေးကောင်စီဟာ တချို့နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုကို ကြီးကြီးမားမား ခံနေရတယ်လို့ တင်ပြခဲ့ပါတယ်။

“လူ့အခွင့်ရေးကောင်စီရဲ့ အစီရင်ခံစာ အမှတ် ၅၆ မှာ အကြံပြုချက်တွေပါဝင်တဲ့ ပူးတွဲဖေါ်ပြချက် အမှတ် ၆၉ ပါ ပါဝင်နေတာ ဖြစ်ပြီး အဲဒီမှာ ၂၀၁၇ ဒီဇင်ဘာလ ၅ ရက်နေ့က အထူးအစည်းဝေး အမှတ် ၂၇ က အဆိုပြုချက်၊ ၂၀၁၈ မတ်လ ၂၃ ရက် အထူးအစည်းဝေးအမှတ် ၃၇ အဆိုပြုချက်နဲ့ ၂၀၁၈ စက်တင်ဘာ ၂၇ ရက် အထူးအစည်းဝေးအမှတ် ၃၉ အဆိုပြုချက်တွေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်ရေးကောင်စီရဲ့ UPR လူ့အခွင့်ရေး အခြေနေနဲ့ ပတ်သက်ပြီး ပုံမှန်သုံးသပ်တဲ့ လုပ်ငန်းစဉ်ကို မူအားဖြင့် အမြဲတစေ ထောက်ခံခဲ့ပါတယ်။ ဒါဟာ လူ့အခွင့်ရေးကိစ္စရပ်တွေ အတွက် မှန်ကန်တဲ့ လုပ်ဆောင်မှုလို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်ရေးကောင်စီဟာ တချို့နိုင်ငံတွေရဲ့ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုကို ခံနေရပြီး နိုင်ငံရေးအရ အသုံးချခံနေရတာ တွေ့ရပါတယ်။”

ဒါ့အပြင် အခု တည်ပြုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်တွေမှာ ဘက်လိုက်မှု ရှိနေတာကြောင့် အခုမဲခွဲတဲ့ အဆိုပြုချက် မူကြမ်းကို ကန့်ကွက်တယ်လို့ သံမှုးကြီး ဦးရဲမင်းသိန်းက ပြောကြားခဲ့ပါတယ်။

“ဒီအစီရင်ခံစာ ထဲမှာ ထည့်သွင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ချမှတ်ထားတဲ့ အဆိုပြုချက် ၃ ရပ်စလုံးမှာ နိုင်ငံရေးရည်ရွယ်ချက် တွေ ပါနေတဲ့ အထောက်အထားတွေ တွေ့နေရပါတယ်။ ဒါ့အပြင် ၃ ခုစလုံးအတွက် တရားမျှတမှုနဲ့ အမှီခိုကင်းတဲ့ လွတ်လပ်မှုလည်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို မလေးစားတဲ့ အပြင် ပြည်တွင်းရေးကိုပါ ဝင်စွက်နေတဲ့ သဘောတွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီဆုံးဖြတ်ချက်တွေအတွက် အတည်ပြုချက်တွေ ရယူရာမှာလည်း ဆုံးဖြတ်ချက် တခုချင်းစီအတွက် အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ တညီတညွတ်ထဲ ထောက်ခံမှုကိုလည်း မရခဲ့ပါဘူး။ ဒီ ၃ ခုစလုံးဟာ ဘက်လိုက်တဲ့ တဖက်သတ်တင်ပြချက်တွေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံကလည်း ဒီ ၃ ခုစလုံးကို ကန့်ကွက်ခဲ့ပါတယ်။ ဒါကြောင့် အခုတင်သွင်းခဲ့တဲ့ မူကြမ်းအမှတ် ၅၆ ကို မြန်မာဘက်က ကန့်ကွက်ပါတယ်။”

အခုလို လူ့အခွင့်ရေးကောင်စီရဲ့ အဆိုပြုချက် မူကြမ်းတွေနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ ကုလသမဂ္ဂ တတိယကော်မတီမှာ ဆက်လက် ဆုံးဖြတ်ဖို့ရှိတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦး ဟောက်ဒိုဆွမ်း က ပြောပါတယ်။

"အဲဒါကတော့ မနက်ဖြန်ဆုံးဖြတ်မှာပဲ။ ကျနော်တို့ကတော့ မဲခေါ်မှာပေါ့ဗျာ။ ကျနော်တို့ကတော့ ကိုယ့်နိုင်ငံအခြေအနေအရ မူအပေါ်မှာပဲ ရပ်တည်တယ်။"

စက်တင်ဘာလ ၂၇ ရက်နေ့က အတည်ပြုပေးခဲ့တဲ့ မူကြမ်းကို OIC အစ္စလာမ္မစ်နိုင်ငံများအဖွဲ့နဲ့ EU ဥရောပသမဂ္ဂတို့က ပူးတွဲအဆိုပြုခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အရေးယူနိုင်ရေးအတွက်တင်သွင်းခဲ့တာပါ။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေစုဆောင်းရေး FFM အဖွဲ့ရဲ့ အစီရင်ခံစာအပေါ်အခြေခံပြီး၊ ကုလလူ့အခွင့်အရေးကောင်စီက အခုလို ဆုံးဖြတ်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးမှုဖြစ်တယ်လို့ အဲဒီအချိန်က Geneva ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

လူ့အခွင့်အရေး အဆိုပြုချက်မူကြမ်း ကုလမှာ မြန်မာကန့်ကွက်