မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားတစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပိုင်းတွေမှာ ပြန်လည်ဆွေးနွေးဖို့အတွက် မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ် တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့ သောကြာနေ့မှာအလွတ်သဘောတွေ့ဆုံခဲ့ကြ ပါတယ်။ ဒီတွေ့ဆုံမှုမှာဆုံးဖြတ်ချက်တစုံတရာ ချမှတ်ခဲ့တာမရှိပေမဲ့ RCSSဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရတပ်မတော်နဲ့သီးသန့် ဆွေးနွေးသွားဖို့ တင်ပြခဲ့သလို နှစ်ဖက်အောက်ခြေအချင်းချင်းဖြစ်ပွါးနေတဲ့ပြဿနာတွေဖြေရှင်းဖို့ ကိစ္စရပ်တွေကိုလဲ ဆွေးနွေးခဲ့တယ် လို့ နှစ်ဖက်တာဝန်ရှိသူတွေကပြောပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ဆွေးနွေးနေချိန်အတွင်း NCAလက်မှတ် မထိုးနိုင်သေးတဲ့တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးနေဆဲ လဲဖြစ်ပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။
တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အဖြေရှာဖို့တွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော်RCSS/SSAတို့အကြား သောကြာနေ့ညနေပိုင်း အလွတ်သဘောတွေ့ဆုံမှု အခြေအနေကိုတော့ RCSS ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငိန်းကအခုလိုပြောပါတယ်။
“လုပ်ငန်းစဉ်မှာတစ်ဆို့နေတဲ့ ကိစ္စရပ်ကလေးတွေကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲ အဓိကထားပြီးတော့အလွတ် သဘောပေါ့နော်ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ တပ် Bilateral အရင်းမြစ်တွေပေါ့နော် အဓိကထားပြီး တော့ သီးသန့်တွေ့ဖို့ဆိုတဲ့အကြောင်းတော့ ပြောဖြစ်ကြပါတယ်။ လာမဲ့ဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ဘယ်ပုံဘယ်နည်း နဲ့ ဆက်စပ်သွားမလဲ ဆိုတဲ့နည်းလမ်းကလေးတွေဘဲကျွန်တော်တို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။"
ဒီတွေ့ဆုံဆွေးနွေးမှုမှာ ဆုံးဖြတ်ချက်တစုံတရာချမှတ်ခဲ့တာမရှိပေမဲ့ ဆွေးနွေးချက်တွေကိုအထက်ကိုပြန် လည် တင်ပြသွား မယ်လို့ငြိမ်းချမ်းရေးကော်မရှင်ဘက်ကပြောပါတယ်။
RCSSအဖွဲ့ဟာ အစိုးရနဲ့NCAအပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ မြန်မာ့တပ်မတော်နဲ့မကြာခဏဆိုသလို ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်ပွါးနေပါတယ်။
ဒီလိုအောက်ခြေအချင်းချင်းဖြစ်ပွါးနေတဲ့ပြဿနာတွေဖြေရှင်းဖို့ကိစ္စရပ်တွေကိုလဲဆွေးနွေးခဲ့တယ်လို့ အစိုးရငြိမ်း ချမ်းရေး ကော်မရှင်အဖွဲ့ဝင်ဦးဇော်ဌေးကအခုလိုပြောပါတယ်။
“ဒီနှစ်ဖက်ကြားမှာပေါ့နော်။ အောက်ခြေမှာဖြစ်နေတဲ့ပြဿနာတွေ။ ပြဿနာတွေတော့ရှိနေပြီး။ ဒီပြဿနာတွေ ကိုဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့နည်းလမ်းတွေလဲ ဆွေးနွေးတယ်။ ဆက်ပြီးတော့ ဘယ်လိုတွေ့ပြီးတော့ ဘယ်လို ရှင်းကြမလဲ ဆိုတာလဲဆွေးနွေးပါတယ်။ ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်တယ်။"
ဒီတွေ့ဆုံပွဲကို အစိုးရ PC ဘက်မှ ဒု- ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) ဦးဆောင်ပြီး RCSS/SSA ဘက်က ဗိုလ်ချုပ် ကြီးယွက်စစ် ကိုယ်တိုင် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က အစိုးရ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းခေါင်းဆောင် တွေရဲ့ထိပ်သီးအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ ပြည်ထောင်စုကနေခွဲမထွက်ရေးနဲ့ တခု တည်းသောတပ်မတော်ထားရှိရေးကိစ္စတွေကိုတင်ပြလာတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အမြင်မတူကွဲလွှဲမှုတွေရှိလာခဲ့တာပါ။
တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAအနေနဲ့က ပြည်ထောင်စုကနေခွဲမထွက်ရေးဆိုတဲ့အချက်ဟာ NCA အပစ်ရပ်စာချုပ်မှာမပါဝင်သလို့ တခုတည်းသောတပ်မတော်ထားရှိရေးကိစ္စရပ်အတွက် တပ်မတော်နဲ့ သီးသန့် ဆွေးနွေးသွားမယ်လို့ နိုဝင်ဘာ(၁၂)ရက်နေ့တုန်းကကြေညာချက်ထုတ်ပြန်ထားပါတယ်။
ငြိမ်းချမ်းရေး ကော်မရှင် PC အနေနဲ့နိုဝင်ဘာလ ၁၇ ရက်နေ့မှာကရင်အမျိုးသားအစည်းအရုံး KNU နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကရင်နီတိုးတက်ရေးပါတီKNPP နှင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့တို့နဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တွေ့ဆုံနေဆဲတချိန်ထဲမှာဘဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရခိုင်တပ်မတော်AAနဲ့ မြန်မာ့တပ်မတော်တို့အကြား ကြာသာပတေးနေ့နဲ့ သောကြာနေ့ မနက်အထိ တိုက်ပွဲဖြစ်ပွါးနေဆဲလို့ AAပြန်ကြားရေးတာဝန်ခံခိုင်သုခကပြောပါတယ်။
“မနေ့က(၁၅)ရက်နေ့ နေ့လည်(၁)နာရီခွဲကနေ (၂)နာရီ(၂၀)မိနစ်အထိပေါ့။ တိုက်ပွဲဖြစ်တယ်ဗျ။ ဗမာစစ်တပ်ဖက်က စကခ(၅)လက်အောက်ခံခမရ(၃၇၃)အမ်းအခြေစိုက်ပေါ့။ အဲဒီတပ်ရင်းနဲ့နေပြီးတော့ဖြစ်တာ။ ဗမာ့တပ်မတော်ဘက် က တော်တော်လေးအကျဆုံးများတယ်ဗျ။ အနည်းဆုံး(၂၀)ကျဆုံးတယ်။ ဒဏ်ရာရသွားတာလဲအများအပြားရှိတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကတော့ ကုလားတန်မြစ်နဲ့ပီချောင်းကြားပေါ့။ အဲဒီနတ်ချောင်းဝဆိုတဲ့ရွာရဲ့အနောက်ဖက်မှာ ဖြစ် တာ။ အဲဒီနေရာနဲ့မလှမ်းမကမ်းမှာဘဲ ည(၉)နာရီ(၃၈)မိနစ်မှာ တိုက်ပွဲတခါထပ်ဖြစ်တယ်ဗျ။ အဲဒီမီးတောင်ဆိုတဲ့ ရွာ အနားမှာ။ အခုဒီနေ့(၁၆)ရက်နေ့မနက်မှာလဲဘဲ အဲဒီမှာတိုက်ပွဲထပ်ဖြစ်နေတယ်ဗျ။ ဗမာ့တပ်မတော်ဘက်ကနေ အင်အားအလုံးအရင်းနဲ့သူတို့ပြန်ပြီးတော့ ထိုးဖေါက်နေတဲ့အတွက်ကြောင့်မို့လို့ အဲဒီဒေသတဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်ဗျ။"
တိုက်ပွဲစဉ်အတွင်းတပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများနေတယ်လို့ ရခိုင်တပ်မတော်ဘက် ကပြောဆိုနေပေမဲ့ သီးခြားအတည်ပြုချက်မရသေးသလို တပ်မတော်ဘက်ကလဲ သတင်းထုတ်ပြန်တာ မရှိသေး ပါဘူး။
ပြီးခဲ့တဲ့နိုဝင်ဘာလ(၁၃) ရက်နေ့မှာလဲလည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ "ရွှေလိပ်ဝကျေးရွာ"အရှေ့မြောက်ဘက် မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့ကလဲ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ဘက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့KIAရဲ့ တပ်စခမ်း တခုကို တပ်မတော်ကနေ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆမ်အောင် ကပြောပါတယ်။
ဒါ့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာလဲတပ်မတော်နဲ့TNLAတအာင်းအလောင်အဖွဲ့ ကိုးကန့်တပ်ဖွဲ့တွေ နဲ့လဲ တိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေရှိနေပါတယ်။
Your browser doesn’t support HTML5