မြန်မာနိုင်ငံတွင်း အင်တာနက်ဖြတ်တောက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၊ ဆေးအဖွဲ့များနဲ့ ဆိုက်ဘာမှုခင်းကျူးလွန်သူများ Starlink ကို အားကိုးလာ

ဂျာမနီနိုင်ငံ ဘာလင်မြို့နည်းပညာပြပွဲတခုမှာတွေ့ရတဲ့ Starlink အင်တာနက်ဖမ်းယူရေး ဂြိုဟ်တုစလောင်းများ (ဩဂုတ် ၃၁၊ ၂၀၂၃)

မြန်မာနိုင်ငံတဝှမ်း စစ်ပွဲတွေကြားမှာ တော်လှန်ရေး တပ်မှူးတွေ၊ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဆိုက်ဘာမှုခင်းကျူးလွန်သူတွေဟာ အမေရိကန်ဘီလျံနာသူဌေး အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုတွေကို အားကိုးလာကြပါတယ်။ အင်တာနက်အသုံးပြုမှု အတားအဆီးတွေကြားမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မပြတ်အောင် ဒီနည်းလမ်းကို ရွေးချယ်လာကြတာ ဖြစ်ပါတယ်။

Starlink ဟာ မြန်မာနိုင်ငံမှာ တရားဝင်ခွင့်ပြုချက် မရရှိသေးသလို၊ စစ်ကောင်စီကလည်း တားမြစ်ထားပေမယ့် တိုးလာနေတဲ့ ဝယ်လိုအားကို နယ်စပ်မှောင်ခိုသမားတွေကနေတစ်ဆင့် ဖြည့်ဆည်းပေးနေပါတယ်။

"အခုဆိုရင် Starlink က အင်တာနက်ကို ကောက်ခါငင်ခါသုံးနိုင်ဖို့အတွက် တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်နေပါပြီ" လို့ Myanmar Internet Project သုတေသနနှင့် အကြံပြုအဖွဲ့က လေ့လာသုံးသပ်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ဖြတ်တောက်မှု ၃၀၀ ကျော် ရှိခဲ့ပြီး၊ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅ ရာခိုင်နှုန်းခန့်မှာ အင်တာနက်လုံးဝ အသုံးပြုခွင့်မရတော့ကြောင်း သိရပါတယ်။ Freedom on the Net အဖွဲ့ရဲ့ နောက်ဆုံးစစ်တမ်းအရ နိုင်ငံပေါင်း ၇၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်သုံးစွဲခွင့် အခက်အခဲအများဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် မြန်မာနိုင်ငံတလွှားက လူထုအရေအတွက် အင်တာနက်ရရှိနိုင်မယ့် တခြားနည်းလမ်းတွေကို ရှာဖွေကြရပါတယ်။ ဒီလိုရှာဖွေတဲ့အရေအတွက်ကလည်း တိုးလာနေပြီး Starlink ဟာ သူတို့အတွက် အဖြေတခုဖြစ်လာပါတယ်။

အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီလက်အောက်ခံ Starlink ဟာ ကမ္ဘာ့အနိမ့်ပိုင်းပတ်လမ်းပျံဂြိုဟ်တု ၆,၀၀၀ ကျော်နဲ့ အင်တာနက်ဝန်ဆောင်မှု ပေးနေပြီး ဂြိုဟ်တုအခြေပြု အင်တာနက်ပေးသူတွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။

ကုမ္ပဏီက မြန်မာနိုင်ငံကို တရားဝင်ဝန်ဆောင်မှုပေးမထားပေမယ့် အိမ်နီးချင်းနိုင်ငံတွေကို ပေးနေတဲ့ ဂြိုဟ်တုလှိုင်းတွေက မြန်မာနိုင်ငံထဲ "ဖိတ်စင်"ရောက်ရှိနေပါတယ်။ စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်မှု လျော့နည်းလာတာကြောင့်လည်း တားမြစ်ချက်တွေဟာ အရေးပါမှုနည်းလာပြီး ထိုင်းနယ်စပ်ကနေ မှောင်ခိုလမ်းကြောင်းတွေနဲ့ Starlink စက်တွေ ဝင်ရောက်လာနေပါတယ်။

Myanmar Internet Project ရဲ့ ခန့်မှန်းချက်အရ လက်ရှိမှာ မြန်မာနိုင်ငံတဝန်း Starlink ဂြိုဟ်တုစလောင်း ၃,၀၀၀ ကျော် တပ်ဆင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

"အချို့ဒေသတွေမှာ သာမန်တယ်လီဖုန်းခေါ်ဆိုမှုတွေတောင် မပြုလုပ်နိုင်တဲ့အတွက် Starlink က တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်နေပါတယ်" လို့ လေ့လာသုံးသပ်သူက ပြောပါတယ်။ "မြေပြင်က ပြည်သူတွေအတွက် သတင်းအချက်အလက်ဟာ သေရေးရှင်ရေး ကိစ္စဖြစ်နေပါပြီ။ အင်တာနက်မရှိရင် လေကြောင်းတိုက်ခိုက်မှုတွေ လာနိုင်တာကို ကြိုမသိနိုင်သလို၊ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရလဲ ဆိုတာကိုလည်း လူတွေဆီ မရောက်နိုင်တော့ပါဘူး" ဟု သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တွင် အဓိကလှုပ်ရှားနေတဲ့ Free Burma Rangers လူသားချင်းစာနာထောက်ထားမှုအဖွဲ့ဟာ မြန်မာနိုင်ငံမှာ Starlink ကို စတင်အသုံးပြုတဲ့အဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။ အဖွဲ့ရဲ့ဒါရိုက်တာ ဒေးဗစ်ယူဘန့်က သူတို့အနေနဲ့ Starlink စက် ၃၀ ကျော် အသုံးပြုနေပြီး နောက်ထပ် ၂၀ ခန့်ကို ဒေသခံဆေးရုံ၊ ဆေးခန်းနဲ့ ကျောင်းတွေကို လှူဒါန်းထားကြောင်း ပြောပါတယ်။

အရေးပေါ်အခြေအနေတွေမှာ Starlink ရဲ့ အရေးပါပုံကို ပြသတဲ့အနေနဲ့ ယူဘန့်က ဇွန်လက ကယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိုင်းထိဒဏ်ရာရှင်တစ်ဦးအကြောင်း ပြောပြခဲ့ပါတယ်။ Starlink ကနေတစ်ဆင့် ဂျာမနီက ခွဲစိတ်ဆရာဝန်နဲ့ ဆက်သွယ်ပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေ ပို့ကာ လမ်းညွှန်မှုတွေရယူနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူရဲ့ ခြေထောက်နဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

"Starlink က ကျွန်တော်တို့ အရင်က အင်တာနက်လိုင်းမရခဲ့တဲ့နေရာတွေမှာ လိုင်းရရှိစေပြီး၊ အင်တာနက်ဖြတ်တောက်ထားတဲ့ နေရာတွေမှာ အလွန်ထိရောက်ပါတယ်" လို့ ယူဘန့်က ပြောပါတယ်။

"ကျွန်တော်တို့ပဲ မဟုတ်ပါဘူး၊ ဆေးခန်း၊ ဆေးရုံတွေနဲ့ တခြား လူသားချင်းစာနာမှုအဖွဲ့တွေကလည်း Starlink ကို အားကိုးနေရပါတယ်။ အသက်ကယ်တဲ့၊ အသက်ပေးတဲ့ သတင်းအချက်အလက် မျှဝေနည်းလမ်းတစ်ခု ဖြစ်နေပြီး ကြိုတင်သတိပေးဖို့၊ အကူအညီရယူဖို့၊ အဖြစ်အပျက်တွေ ပြောပြဖို့၊ ချစ်ခင်ရသူတွေကြား ဆက်သွယ်ဖို့နဲ့ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အရေးအကြီးဆုံး အရာပါပဲ" လို့ သူက ထပ်ပြောပါတယ်။

ယူဘန့်က ဇွန်လအတွင်း ကယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိုင်းထိသူတစ်ဦးအကြောင်း ပြန်ပြောပြရာမှာ၊ အဲဒီဒဏ်ရာကို ကုသဖို့က နေရာမှာရှိတဲ့ Free Burma Rangers ဆေးမှူးရဲ့ ကျွမ်းကျင်မှုထက် ကျော်လွန်နေခဲ့ပါတယ်။

"ဒါကြောင့် Starlink ကနေတစ်ဆင့် ဂျာမနီက ကျွန်တော်တို့နဲ့ အရင်က အလုပ်လုပ်ဖူးတဲ့ ခွဲစိတ်ဆရာဝန်သူငယ်ချင်းကို ဆက်သွယ်ပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေပို့ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်က ဆေးမှူးကို လမ်းညွှန်ပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ ပြုလုပ်စေခဲ့လို့ လူငယ်တစ်ဦးရဲ့ ခြေထောက်နဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်" လို့ သူက ပြောပြပါတယ်။

International Crisis Group ရဲ့ အကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆီက စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် Starlink ဟာ အလွန်အသုံးဝင်နေပြီး တပ်တွေကို ထိန်းချုပ်ကွပ်ကဲဖို့၊ စစ်ဆင်ရေးတွေ စီစဉ်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်သတိပေးဖို့အတွက် အသုံးပြုနေကြောင်း ပြောပါတယ်။

SpaceX ကုမ္ပဏီရဲ့ Starlink ဆက်သွယ်ရေးစနစ် အင်တာနာ

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြောခွင့်ရ တာအယ်စိုးက ရှေ့တန်းတပ်ဖွဲ့တွေအနေနဲ့ ရေဒီယိုကိုပဲ အဓိကသုံးနေရဆဲဖြစ်ကြောင်း၊ Starlink က လျှပ်စစ်ဓာတ်အား များများလိုအပ်ပြီး စရိတ်လည်းကြီးကြောင်း ပြောပါတယ်။ ဂြိုဟ်တုအင်တာနက်တွေထဲမှာ စျေးအသက်သာဆုံးဖြစ်ပေမယ့် တရားဝင်စျေး ဒေါ်လာ ၅၉၉ ရှိတဲ့ အနိမ့်ဆုံးမော်ဒယ်တစ်ခုဟာ မြန်မာမှောင်ခိုစျေးကွက်မှာ ရှစ်ဆအထိ မြင့်တက်နေပါတယ်။

ရှေ့တန်းမဟုတ်တဲ့နေရာတွေမှာတော့ KNDF တပ်မှူးတွေဟာ စစ်ဆင်ရေးတွေ စီစဉ်ညှိနှိုင်းဖို့နဲ့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့အတွက် Starlink ကို အသုံးပြုနေကြောင်း တာအယ်စိုးက ပြောပါတယ်။ တော်လှန်ရေးအဖွဲ့အများစုဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေအတွက် ပြည်ပက မိတ်ဆွေမိသားစုတွေရဲ့ ငွေကြေးထောက်ပံ့မှုကို အားကိုးနေရတာပါ။

စစ်ကောင်စီအုပ်ချုပ်ရေးကို အစားထိုးမယ့်၊ KNDF တပ်မှူးတွေပါဝင်တဲ့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီမှာလည်း အစိုးရအဖွဲ့ ဖွဲ့စည်းရာမှာ Starlink ကို အသုံးပြုနေကြောင်း တာအယ်စိုးက ပြောပါတယ်။

"Starlink ဟာ အခုလက်ရှိမှာ အင်တာနက်အသုံးပြုနိုင်ဖို့ တခုတည်းသောနည်းလမ်းပါ။ .. အင်တာနက်ဆက်သွယ်ရေးဟာ အင်မတန်အရေးကြီးပါတယ်" လို့ သူကဆိုပါတယ်။

ဒါပေမယ့် တချိန်ထဲမှာပဲ တော်လှန်ရေးအဖွဲ့တွေနဲ့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေအပြင် ရာဇဝတ်မှုကျူးလွန်သူတွေကလည်း Starlink ကို စတင်အသုံးချလာကြပါတယ်။

အမေရိကန်အစိုးရ ရန်ပုံငွေနဲ့ လည်ပတ်တဲ့ United States Institute of Peace က လွန်ခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံကနေ ကမ္ဘာတဝှမ်းက သားကောင်တွေကို လိမ်လည်လှည့်ဖျားဖို့ Starlink စနစ်ကို ပြောင်းလဲအသုံးပြုလာကြောင်း တွေ့ရှိရပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယကိုယ်စားလှယ် ဘန်နီဒစ်ဟော့ဖ်မန်းက ဆိုက်ဘာမှုခင်းကျူးလွန်သူတွေကြား Starlink အသုံးပြုမှုဟာ တိုးပွားလာဖွယ်ရှိပြီး၊ ရာဇဝတ်သားတွေအတွက် အရေးပါတဲ့ ကိရိယာတစ်ခု ဖြစ်လာနေကြောင်း ဗွီအိုအေကို ပြောပါတယ်။

"တခြား နည်းပညာတွေလိုပဲ ရာဇဝတ်သားတွေက သူတို့လုပ်ငန်းတွေ ပိုကြီးလာအောင်နဲ့ ပြင်ပဖိအားတွေကို ရှောင်ရှားဖို့ Starlink ကို အသုံးချလာတာ အသေအချာပါပဲ" လို့ သူက ဗွီအိုအေကို ပြောပါတယ်။

ဒါကြောင့် Starlink ကို မြန်မာနိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာနိုင်သလို၊ အိမ်နီးချင်းနိုင်ငံတွေကလည်း မှောင်ခိုသမားတွေကို ပိုမိုဖိနှိပ်လာနိုင်ပါတယ်လို့ သူက ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို သယ်ဆောင်လာတဲ့ Starlink စက် ဒါဇင်နဲ့ချီ ဖမ်းဆီးရမိထားပြီး လူတချို့ကိုလည်း ဖမ်းဆီးထားပါတယ်။ တိုးပွားလာတဲ့ ဝယ်လိုအားကြောင့် တချိန်ချိန်မှာ အင်တာနက်လိုင်း နှေးကွေးလာနိုင်ကြောင်းလည်း Myanmar Internet Project အဖွဲ့က သုံးသပ်ပါတယ်။

SpaceX ကုမ္ပဏီကတော့ ဗွီအိုအေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။