အတိုင်ပင်ခံမိန့်ခွန်း မြို့ကြီးတွေမှာ လူထုစုဝေးနားဆင်နိုင်အောင်စီစဉ်

နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းအတွက် ပြင်ဆင်နေကြစဉ်-Myanmar State Counsellor Office

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကိုပြောမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံအခြေပြမိန့်ခွန်းကို ရန်ကုန်၊ မန္တလေးနဲ့ မုံရွာစတဲ့ မြို့ကြီးတွေက လူစည်ကားရာအရပ်တွေနဲ့ လူထုစုဝေးပွဲ ကျင်းပရာကွင်းတွေမှာ စုဝေးလာတဲ့ အလွှာအသီးသီးက လူထုတွေ တပြိုင်တည်းနားဆင်နိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ စီစဉ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောချိန်နဲ့တပြိုင်တည်း မန္တလေးက မနော်ရမ္မံကွင်းမှာ ရခိုင်အရေး ဆန္ဒပြပွဲတွေ စီစဉ်လာတဲ့အပေါ်မှာတော့ မန္တလေးအစိုးရအဖွဲ့ဘက်ကတော့ ခွင့်မပြုထားဘူးလို့ဆိုပါတယ်။ မဆုမွန် တင်ပြထားပါတယ်။

မနက်ဖြန် စက်တင်ဘာလ ၁၉ရက်နေ့ အင်္ဂါနေ့ မနက် ၁၀နာရီမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာမိန့်ခွန်းကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြောကြားမှာဖြစ်ပြီး သူ မိန့်ခွန်းပြောနေတဲ့ တပြိုင်နက်တည်း အစိုးရရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေတိုက်ရိုက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့အချိန်နဲ့တပြိုင်နက်တည်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြည်သူလူထု တစုတဝေးတည်း နားဆင်နိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြသပေးဖို့ စီစဉ်ထားပြီး လူထုလူတန်းစားအလွှာအသီးသီးနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေပါ စုဝေးနားဆင်ကြဖို့ပြင်ဆင်နေကြတဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်က ပြောပြပါတယ်။

“မြို့တော်ခန်းမရှေ့မှာ LDE ဘုတ်ခေါ်မှာပေါ့နော် အဲဒီကနေပြီးတော့ အန်တီရဲ့ Speech ကို ထုတ်လွှင့်မယ်လို့ပြောပါတယ်ခင်ဗျ။ မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးလာကြပါလိမ့်မယ်။ ဒါတချက် နောက်တချက်က အမျိုးသားရင်ကြားစေ့ရေးနဲ့ အခုလက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ အခြေအနေတွေကို တည်တည်းငြိမ်ငြိမ်နဲ့ ပူးပေါင်းဖြေရှင်းကြမယ် ဆိုတဲ့အယူအဆပါပါလိမ့်မယ်။ တချို့ကျနော်တို့တိုင်းပြည်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ သတင်းအမှားတွေကို အန်တီ့မိန့်ခွန်းက ပြန်လည်ချေဖျက်ပါလိမ့်မယ်။ အထင်အလွဲမှားပြီးတော့ မှတ်ထားတာတွေကနေပြီးတော့ အဖြစ်အမှန်ကို ပြအောင်လည်း ဒီမိန့်ခွန်းကနေပြီးတော့ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူလူထုတွေ အားလုံး သူတို့တွေသွားကြလိမ့်မယ်လို့ ကျနော်တို့ သတင်းစကားကြားထားပါတယ်ခင်ဗျ။”

မန္တလေးမြို့မှာတော့ မန္တလေး မဟာအောင်မြေမြို့နယ်တွင်းက လူထုစုဝေးရာကွင်းဖြစ်တဲ့ မနော်ရမ္မံကွင်းထဲမှာ မန္တလေးမြို့မိမြို့ဖတွေ၊ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ မန္တလေးတိုင်းတွင်းက ဒီမိုကရေစီအင်အားစုတွေနဲ့အတူ မန္တလေးလူထုက စုဝေးပြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့အချိန်နဲ့တပြိုင်နက်တည်း နားဆင်နိုင်အောင် စီစဉ်နေကြတယ်လို့ မန္တလေးမြို့ သတင်းသမားတဦးဖြစ်တဲ့ ဦးမင်းထက်ငြိမ်းချမ်းက အစီအစဉ်တွေကိုပြောပြပါတယ်။

“မနော်ရမ္မံမှာ LED ဘုတ်နဲ့ ပြမယ်။ ဝိုင်းရံတဲ့သူတွေက လူစည်ကားအောင် အကျွေးအမွေးတွေ၊ ထပ်တရာတွေ ကျွေးတာမွေးတာ တွေလုပ်ကြမယ်။ တချို့တွေလည်း T-shirt တွေနဲ့ တခြားမြို့တွေ စီစဉ်သလိုပဲ ရန်ကုန်တို့ ၊ မုံရွာတို့၊ တခြားမြို့ကြီးတွေမှာ စီစဉ်သလိုပဲ မန္တလေးမှာလည်း မနော်ရမ္မံကွင်းမှာ အစောကြီးကတည်းကလုပ်ထားတယ်။ ဒီနေ့ဆိုရင်လည်း LED ဘုတ်တွေနဲ့ စီစဉ်နေပြီလေ။ ပထမတော့ မြန်မာဘာသာပြန်ပါ ပါမယ်လို့ကြားထားတာ ၊ အခုတော့ မြန်မာဘာသာပြန်မပါနိုင်တော့ဘူးလို့ပြောတယ်၊ တော်တော်များများ အဲဒီမှာတော့ ပြည့်လျှံနေမှာပါ။ မနက်ဖြန်အားလုံးကတော့ မိန့်ခွန်းကနေ မျှော်လင့်နေကြတာပေါ့လေ။ အဓိကတော့ ၁၉ ရက်နေ့ မိန့်ခွန်းအတွက် နားစဉ်ချင်သလို အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ ပြည်သူတွေ တသားတည်းရှိတယ်ဆိုတာကို ပြသဏ္ဍာန်အမျိုးမျိုးနဲ့ ပြကြမှာပါ။”

အင်္ဂါ မနက် ၁၀နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောမယ့်အချိန်နဲ့ တပြိုင်နက်တည်း မနော်ရမ္မံကွင်းထဲမှာပဲ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုရှုတ်ချဆန္ဒပြပွဲကျင်းပဖို့ စီစဉ်လာတဲ့အပေါ် မန္တလေးတိုင်းဒေသကြီးဘက်က ခွင့်ပြုချက်မပေးခဲ့ဘူးလို့လည်း မန္တလေးဒေသခံ ဦးမင်းထက်ငြိမ်းချမ်းက ပြောပြပါတယ်။

“ကွင်းမှာလာပြီးလုပ်မယ့်ဟာလည်း တိုင်းကလည်း ခွင့်ပြုချက်ကို ငြင်းထားတယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိန့်ခွန်းပြောချိန်နဲ့ တိုက်ဆိုင်နေလို့လေ အဓိကတော့ တောင်တွင်းကြီးက ဒေါက်တာကျော်ဆွေတို့ ၊နောက် ဘူလက်လှဆွေတို့ အဲဒါမျိုးတွေအပါအဝင်ပေါ့လေ မဘသ မစိုးရိမ်တိုက်အဟောင်းက ဆရာတော်တွေ ၄ ဦးဟောမယ့်အစီအစဉ်တွေရှိတယ်။ နောက်ပြီးတော့ သူတို့ ဆန္ဒပြပို့စတာတွေပေါ့လေ အဓိကတော့ ရခိုင်အရေးကိုပါပဲ အကြမ်းဖက်မယ်ကို ရှုတ်ချတဲ့ဟာတွေပေါ့လေ။ သို့သော်လည်း အဲဒီအစီအစဉ်တွေက သူတို့ကတော့ ၈ နာရီခွဲကတည်းက စဖို့တော့ မူလကတော့ ကြေညာထားတာတွေ့ရတယ်။ ဒါပေမယ့် ဒီမှာက ၁၀ နာရီစမှာဆိုတော့ အချိန်က သိပ်ကပ်နေတယ်။ နောက်ပြီးတော့ လုပ်မယ့်နေရာကလည်း မနော်ရမ္မံကွင်း ဆိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ဒီအတွက် ခွင့်ပြုချက်ကို မပေးထားဘူးလို့ပြောပါတယ်။”

ရန်ကုန်မြို့မှာ မြို့တော်ခန်းမရှေ့၊ မန္တလေးမြို့မှာ မနော်ရမ္မံကွင်း၊ ကျောက်ပန်းတောင်း မြို့နယ် အားကစားခန်းမ၊ စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ မုံရွာမြို့ နာရီစင်ရှေ့၊ ပဲခူးတိုင်းမှာတော့ ရွှေမောဓောဘုရားရှေ့က မော်တော်ယာဉ် ရပ်နားကွင်းနဲ့ ထားဝယ်မြို့မှာတော့ မြိတ်တန်းလမ်းဆုံ၊ ကော့သောင်းမြို့၊ မော်လမြိုင်မြို့စတဲ့မြို့ကြီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်မှု စုပေါင်းနားထောင်ပွဲတွေ ကျင်းပဖို့ စီစဉ်နေကြပါတယ်။

နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ့် အခမ်းအနားကိုတော့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံတွေ၊ သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားထားပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ့် အဲ့ဒီ့အခမ်းအနားကိုတော့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံတွေ၊ သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားထားပါတယ်။

Your browser doesn’t support HTML5

အတိုင်ပင်ခံမိန့်ခွန်း မြို့ကြီးတွေမှာ လူထုစုဝေးနားဆင်နိုင်အောင်စီစဉ်