စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း ကုန်ဆုံးခါနီးလေးမှာပဲ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ ရာထူးအပြောင်းအလဲ လုပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲပြင်းထန်ပြီး အဆင့်မြင့်အရာရှိတွေ အဖမ်းခံကြရတာအပြင် စစ်တိုင်းဌာနချုပ်တချို့ပါ သိမ်းပိုက် ခံရပြီး စစ်ရေးအရ အရေးနိမ့်နေချိန် အခုလို တပ်တွင်းရာထူး အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာပါ။ စစ်ကောင်စီစစ်ရေးကာကွယ်ရေးဌာန ရာထူးအပြောင်းအလဲအပေါ် စစ်ရေးနိုင်ငံရေးလေ့လာသူတွေရဲ့ အမြင်သဘောထား ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။
၂၀၂၄ မကုန်ခင် ၂၀၂၅ နှစ်သစ်မကူးခင်လေးမှာပဲ တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ကို စစ်ကောင်စီ အပြောင်းအလဲ လုပ်လိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ရာထူးက ဖယ်ရှားလိုက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ခန့်အပ် လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တာပါ။ တပ်ထိပ်ပိုင်းအဆင့်တွေဖြစ်တဲ့ စစ်တပ်မှာ နံပါတ်သုံး အဆင့်ရှိတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အပါအဝင် ကာကွယ်ရေးဝန်ကြီး နေရာနဲ့ အပါအဝင် ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်ချုပ်အဆင့်အထိ ရာထူးအပြောင်းအလဲတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
အပြောင်းအလဲအရ စစ်ရေးဆိုင်ရာဆုံးဖြတ်ချက် ချရတဲ့ ထိပ်တန်းအဆင့်ရှိတဲ့နေရာတခုဖြစ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူး အပြောင်းအလဲ လုပ်ခဲ့တာမှာ ရာထူးရယူထားတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ရာထူးကနေဖယ်ရှားလိုက်ပြီး သူ့နေရာမှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက ညှိနှိုင်းကွပ်ကဲရေးမှူးအသစ်ဖြစ်လာပါတယ်။
ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကိုတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကို ကာကွယ်ရေးဝန်ကြီးအပြင် ဒုတိယဝန်ကြီးချုပ်ရာထူးလည်း ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အရင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကတော့ ဒုတိယဝန်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ယူမှာဖြစ်ပြီး စစ်ကောင်စီရဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ယူ ခိုင်းထားပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်သူအသိုင်းအဝိုင်းအပြောအရ ဗိုလ်ချုပ်ကြီးတင်အောင်စန်း လက်ထက်မှာ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်နယ် မြောက် ပိုင်းက နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားသလို ရခိုင်ပြည်နယ်မှာလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့နယ် ၁၂ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားတာကြောင့်အခုလို အပြောင်းအလဲတွေဖြစ်လာတာလို့ သုံးသပ်ကြပါတယ်။
စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ရေးအရ အပြောင်းအလဲတွေ ဘယ် လောက် လုပ်လုပ် လက်ရှိတပ်ပိုင်းဆိုင်ရာ စစ်ရေးဗျူဟာအားနည်းမှုတွေကို ဖာထေးနိုင်ဖို့ ခက်မယ်လို့ သူက မြင်ပါတယ်။
"သူတို့အတွေ့အကြုံ အရည်အချင်းကို မသိနိုင်ဘူး။ သူ့ဖြတ်သန်းမှုနဲ့ သူ့အတွေ့အကြုံအရည်အချင်းကို နားလည်ခွင့်မရတဲ့အခါကျတော့ တဦးတယောက်အနေနဲ့ စစ်ဗိုလ်တယောက်အနေနဲ့ အကဲဖြတ်ဖို့တော့ ခက်ပါတယ်။ ဒါပေမယ့်ကာကွယ်ရေးဝန်ကြီးနေရာတွေ အပြောင်းအလဲလုပ်တာက စစ်ကောင်စီရဲ့ စစ်တပ် တိုက်ပွဲတိုင်းမှာ အဆုံးအရှုံးနဲ့ရင်ဆိုင်နေရတာကို ပြောရမှာပေါ့။ စစ်ကောင်စီမှာပြောင်းလဲရမှာ ကာကွယ်ရေးဝန်ကြီးမဟုတ်ပါဘူး။ ပြောင်းလဲရမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ဖယ်ရှားရမှာပါ။ သူဟာ သူ့စစ်တပ်ကို စစ်လက်နက်တပ်ဆင်ပြီး ပြည့်စုံအောင်လုပ်နိုင်တဲ့ စိတ်ဓါတ် ရေးရာအရ မြင့်မားတက် ကြွအောင်ဘာမှလုပ်မပေးနိုင်တဲ့အပြင် စိတိဓါတ်ရေးရာအရ ဆုံးရှုံး ကျဆင်းစရာ တောက်လျှောက်မြင်တွေ့လာရတဲ့အတွက် သူ့စစ်တပ်မှာ စစ်ကိုတိုက်ချင်တဲ့ စိတ်တွေ နည်းပါးကျဆင်းလာတာဖြစ်တယ်။ ဒါကြောင့်ခုစစ်ပွဲတိုင်းအရှုံးနဲ့ရင်ဆိုင်နေရတာဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဆုံးရှုံးမှုဟာ သူ့ရဲ့ မှားယွင်းတဲ့ မူ ဝါဒတွေနဲ့သဘောထားတွေကြောင့်ဖြစ်လို့ တကယ် အစားထိုးရမှာ ကာကွယ်ရေးဝန်ကြီးမဟုတ်ဘူး။ စစ်ဦးစီးချုပ်နေရာသာဖြစ်တယ်လို့ ကျနော်တော့ခုလိုမြင်ပါတယ်။"
စစ်ရေးကိစ္စတွေမှာ အဓိကဆုံးဖြတ်တဲ့နေရာတွေက တပ်မတော်ကာကွယ်ရေးပိုင်းနဲ့ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)နေရာတွေဖြစ်တာမို့ ဒီအပြောင်းအလဲအပေါ် အခုလိုရှုမြင်ကြတာပါ။ လာမယ့်ဇန်နဝါရီလကုန်မှာကုန်မယ့် အရေးပေါ်ကာလသက်တမ်းကုန်ဆုံးခါနီးလေးမှာတပ်ပိုင်းမှာ အပြောင်းအလဲလုပ်လေ့ရှိစမြဲပါ။
စစ်အာဏာသိမ်းကာလအတွင်း မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ရာထူးအပြောင်းအလဲများစွာ ရှိခဲ့တာပါ။ လက်ရှိထိပ်ပိုင်းအပြောင်းအလဲအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးကတော့ ခုလိုမြင်ပါတယ်။
“တကယ်တော့ညှိကွပ်ရာထူးက ကာကွယ်ရေးဦးစီးချုပ်အငယ်စားပါပဲ။ စစ်တပ်မှာနံပါတ် ၃ ဖြစ်လို့ အရေးကြီးတဲ့ရာထူးလို့ပြောရပါလိမ့်မယ်။ ဦးနေဝင်းလက်ထက်ကစလို့ စစ်အာဏာရှင်အဆက်ဆက်က ဆီလျှော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ ရာထူးတာဝန်တွေကို စိတ်တိုင်း ကျထင်သလို ရွှေ့ပြောင်းဖြုတ်ထုတ်သတ်လုပ်ခဲ့ကြတာပါပဲ။ ခုက ကြာလေဆိုးလေတောင် ပြောရမယ်။ ခုကစစ်ရှုံးလို့ အပြောင်းအလဲ လုပ်တာလို့ သုံးသပ်ကြပေမယ့်လို့ တခြားအကြောင်းတွေလည်း ရှိနိုင်ပါ တယ်။ သေချာတာကတော့ဦးမင်းအောင်လှိုင်က သူယုံကြည်စိတ်ချရတဲ့သူလက်ထဲ တပ်ကိုအပ်တာ ဖြစ်မယ်။ ကြားရတဲ့သတင်းတွေအရ အခြေအနေတွေက ဒီထပ်လည်းရှုပ်ထွေးနိုင်တယ်။ စစ်တပ်နဲ့ တိုင်းပြည်အတွက်ကတော့ ထူးပြီးကောင်းလာစရာအကြောင်းမရှိဘူးလို့ပဲ ကျနော်မြင်တယ်။”
လက်ရှိ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ်မှာ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အဖြစ်ကနေ စစ်တပ်အာဏာ သိမ်းတဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလမှာတော့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်ခံ ခဲ့ရတာပါ။ အခုလေးနှစ်နီးပါးအကြာမှာ ကာကွယ်ရေးဝန်ကြီးတာဝန် ပေးအပ်ခံရတာဖြစ်ပါတယ်။
နောက်ထပ်စစ်ရေးအရ အရေးပါတဲ့နေရာတခုကတော့ တပ်မှာ နံပါတ်သုံး အဆင့်ရှိတဲ့ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)နေရာပါ။ အဲဒီနေရာကိုတော့ စစ်တက္ကသိုလ်အပတ်စဉ် (၃၅) ဆင်းတဦး ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ခန့်အပ်လိုက်တာပါ။ သူက နဝတ ဒုတိယဥက္ကဋ္ဌနဲ့ ဒုတိယကာကွယ် ရေးဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိဟောင်း လည်းဖြစ်ပါတယ်။ ဒီနေရာရသူတွေဟာ အနာဂါတ်မှာ စစ်ဦးစီးချုပ်ဖြစ် မယ့်သူလို့နာမည်ဂုဏ် သတင်းကြီးသူတွေပါ။ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ဒီရာထူးကို ရယူခဲ့ဖူးပါတယ်။ ဒီနေရာရသူအများစု ကလည်း စစ်ဦးစီးချုပ်တွေရဲ့သစ္စာခံသူ အများစုပဲ နေရာရကြတာများပါတယ်။
လက်ရှိရာထူးရသွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကလည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချခံရသူတဦးဖြစ်ပြီး တပ်ထဲမှာ ရာထူးတက်မြန်သူဖြစ်ပါတယ်။ နောက်ပြီး နဝတ ဒုတိယဥက္ကဋ္ဌနဲ့ ဒုတိယကာကွယ် ရေးဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက အထူးနေရာပေးဖို့အညွှန်းခံရတဲ့သူတဦးဖြစ်တယ်လို့ စစ်ကောင်စီနီးစပ်သူတွေက ပြောပါတယ်။
နောက်ထပ်အပြောင်းအလဲတွေကတော့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) နေရာကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး နေရာကိုဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း ကို နိုင်ငံခြားရေးဝန်ကြီးဌာနပြောင်းလဲလိုက်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်နေရာကို ဗိုလ်မှူးချုပ် စိုးကျော်ထက်ကို တာဝန်ပေးခဲ့ပါတယ်။
အခုလိုစစ်ရေးနဲ့ပတ်သက်တဲ့ အရေးပါတဲ့နေရာတွေအပြောင်းအလဲလုပ်တာ၊ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ပေးနိုင်တဲ့နေရာတွေ အပြောင်းအလဲလုပ်လိုက်တဲ့အပေါ်မှာ စစ်ရေးမှာ အထိနာနေမှုကို ပြောင်းလဲနိုင်မယ်လို့ ယူဆလို့ ပြောင်းလဲတာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ တိုင်းရင်းသားတွေနဲ့စစ်ရေးတင်းမာမှုတွေမှာ စစ်ရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်တွေကို စစ်တပ် ထောက်ခံသူတပ်လော်ဘီတွေကပါ ဝေဖန်နေတာပါ။ စစ်ကောင်စီရဲ့မကြာခဏဆိုသလို ထိပ်ပိုင်း ခေါင်းဆောင်တွေအပြောင်းအလဲလုပ်တာက စစ်ကောင်စီအဖွဲ့အတွင်းမှာ မတည်ငြိမ်မှုနဲ့ အက်ကွဲမှုကို ပြသရာရောက်တယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။ လက်ရှိမှာတော့ ဒီလို အပြောင်းအလဲကြောင့် တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရှိန်မြင့်တက်လာမလာ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ သုံးသပ်သူတွေကဆိုပါတယ်။
Your browser doesn’t support HTML5