ဒီကနေ့ ကျရောက်တဲ့ ၇၂နှစ်မြောက်ပြည်ထောင်စုနေ့မှာ မြန်မာအပါအဝင် တိုင်းရင်းသားတွေအားလုံး လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အဓိက ကျနေကြောင်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မဆောင်ရွက်နိုင်သေးရင်လည်း ဗဟိုချုပ်ကိုင်မှုကို လျော့ချပြီး ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ပိုပေးဖို့ လိုအပ်နေကြောင်း နိုင်ငံရေးခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
၇၂နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံက မြို့ကြီးတွေမှာ ကျင်းပဆောင်ရွက်နေချိန်မှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တောင်းဆိုသူတွေက ဒါဟာ ပြယုဂ်သက်သက်အဖြစ် ဝေဖန်တာတွေ ရှိနေတာဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူတွေလိုလားတောင်းဆိုနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ရပ်ဖြစ်ပေါ်ရေးနဲ့ပတ်သက်ပြီး လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားအမြင်ကို အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အခုလို ပြောဆိုပါတယ်။
“ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒီ အဖွဲ့ချုပ်က အတွင်းရေးမှုးအဖွဲ့ဝင် အန်ကယ် ဦးဉာဏ်ဝင်း ပြောသွားတဲ့စကားလေးပဲ ကျနော်ပြန်ပြီး ကိုးကားချင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ လူမျိုးကြီးဝါဒကော၊ လူမျိုးငယ်အဖြစ် အစွဲသန်တဲ့ ဝါဒကော ဒီအစွန်း၂ဖက်လုံးကို ရှောင်ရှားနိုင်မှ ကျနော်တို့ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းနိုင်မယ်။ အဲဒါမှလည်း ပြည်သူအားလုံးရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးအမှားတွေ နောက် ပြည်တွင်းစစ်ဘေးဒုက္ခတွေ အားလုံးက ချုပ်ငြိမ်းမယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”
ဒီလို ဖော်ဆောင်ဖို့ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးဟာလည်း အဓိက အခန်းက ပါဝင်ကြောင်း ဒေါက်တာမျိုးညွှန့်က ဆက်ပြောပါတယ်။
“ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ ၂၀၀၈ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ကိုယ်စားမပြုပါဘူး။ တကယ်တမ်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးတောက်လောင်နေတာကလည်းစစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို မတည် ဆောက်နိုင်လို့ပဲ ဖြစ်ပါတယ်။အဲတော့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်မှ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတော်ဖြစ်မယ်။ အဲဒါမှလည်း ပြည်တွင်းစစ်ချုပ်ငြိမ်းမယ်။ နိုင်ငံရဲ့ ရေရှည်တည်တံတဲ့ ငြိမ်းချမ်းတဲ့ ညီညွတ်တဲ့ ပြည်ထောင်စုဖြစ်မယ်လို့ ကျနော် ပြောချင်ပါတယ်။ ”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကတော့ ပင်လုံကတိကဝတ်နဲ့ ပင်လုံစာချုပ်ရဲ့ အရေးပါမှုကို အခုလို ပြောပါတယ်။
“ဒီနေ့ ဒီအချိန်မှာ ပြောပြောနေတဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်က အရေးမကြီးဘူး။ ပင်လုံစိတ်ဓါတ်သာလျှင်အရေးကြီးတယ်ဆိုတာကလည်း မူရင်းအဓိပါ္ပယ်နဲ့ ကွဲလွဲနေတယ်။ မူရင်း တိုင်းရင်းသားတွေ လက်ခံကျင့်သုံး ခံယူထားတာနဲ့ တလွဲစီဖြစ်နေပါတယ်ခင်ဗျ။ တကယ်တော့ ကျနော်တို့ တိုင်းရင်းသားတွေ ရှမ်း၊ကချင်၊ချင်း၊ ဗမာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပူးပေါင်းပြီးတော့မှ လွတ်လပ်ရေးကို အတူလက်တွဲယူရအောင်ပြောတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က ကျတော့ သူတို့ရဲ့ ရှိရင်စွဲမူလအခွင့်အရေးတွေ ဆုံးရှုံးမှာစိုးလို့ ချက်ချင်းလက်ငင်း သဘောမတူဘူး။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က ဗမာလူမျိုးတွေနဲ့အတူ ၁၀နှစ် အတူပူးတွဲနေကြည့်ကြပါ။ စိတ်အခန့်မသင့်ဘူး၊ ကျေနပ်စရာမရှိဘူးဆိုရင် ပြန်လည် ခွဲထွက်နိုင်တယ်။ အဲဒီခွဲထွက်ပိုင်ခွင့်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲပေးမယ်လို့ ကတိကဝတ်ပြုခဲ့တယ်။ အဲဒါကြောင့်မို့လို့ ပင်လုံကတိကဝတ်နဲ့ ပင်လုံစာချုပ်ဟာ ကျနော်တို့ သမိုင်းမှာ ဒါဟာ ဖျောက်ဖျက်လို့ မရတဲ့ မော်ကွန်းတစ်ရပ်လု့ိပဲ ပြောချင်ပါတယ်။”
တိုင်းရင်းသားတွေဘက်က ခွဲထွက်ရေးကို တောင်းဆိုတာမရှိခဲ့ဘဲ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် တောင်းဆိုခဲ့ကြောင်း ဦးစိုင်းလိတ်က ဆက်လက်ပြောဆိုပြီး လက်ရှိ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ်သူ့အမြင်ကို အခုလို ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးခြင်းက အဖြေပါပဲခင်ဗျ။ တပ်မတော်ရယ်၊ လက်ရှိ အစိုးရရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ် သုံးဘက် သုံးတန် တွေ့ဆုံဆွေးနွေးပြီးမှ ဖက်ဒရယ်လမ်းကြောင်း ရောက်အောင် ပြည်ထောင်စုဆိုတဲ့ သဘောသဘာဝကို ခြုံငုံမိအောင် ပြန်လည်ပြီးတော့မှ နိုင်ငံရေးအရ ဆွေးနွေးရပါမယ်။ အဲဒီဆွေးနွေးလို့ ရလာတဲ့အချက်အပေါ် အခြေခံပြီးတော့မှ ဖွဲ့စည်းပုံအသစ် သို့တည်းမဟုတ် ၂၀၀၈ပြင်ဆင်ရေး ပေါ့နော် လုပ်ဖို့ ကိစ္စကို မလွဲမသွေလုပ်ရပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲနဲ့ ကျနော်တို့ NCA နဲ့ပဲ ချဉ်းကပ်ချဉ်းကပ် လွှတ်တော်ထဲကနေပဲ ပြုပြင်ဖို့ ကြိုးစားကြိုးစား ဒါ ရောက်ဖို့ အတွက် ကို အချိန်အများကြီး အကုန်ခံရပါ လိမ့်မယ်။ အဲဒါကြောင်မို့ မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စကတော့ တန်းတူရည်တူ ဆက်ဆံပိုင်ခွင့်ရှိတဲ့၊ ပွင့်လင်းမြင်သာစွာဆွေးနွေးပိုင်ခွင့်ရှိတဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အခုချက်ချင်းလက်ငင်း လုပ်ဖို့ လိုအပ်တယ်လို့ပဲ မြင်ပါတယ်။”
ရခိုင်အမျိုးသားပါတီ ANP ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးလှစောက-
“ကျနော်တို့ ငယ်ငယ်တုံးက ပြည်ထောင်စုနေ့ဆိုတာကို တမြတ်တနိုး တန်ဖိုးထားလာတယ်။ အခု ဒီမိုကရေစီပွင့်လင်းလာခါမှ ပြည်ထောင်စုနေ့က ပိုပြီးတန်ဖိုးမဲ့လာတယ်လို့ ကျနော် ခံစားလာရတယ်။ ဘာလို့လည်း ဆိုတော့ လက်တွေ့ပြဿနာပါဗျာ။ တိုင်းရင်းသားတွေက သဘောထားတွေက အရမ်းတင်းမာလာတယ်။ ရခိုင်မှာ ပြဿနာဖြစ်၊ ကချင်မှာ ပြဿနာဖြစ်၊ အခု ကယားမှာ ပြဿနာဖြစ်တယ်ဆိုတော့ လက်ရှိအစိုးရရဲ့ စီမံခန့်ခွဲမှုအပေါ်မှာ တိုင်းရင်းသားလူမျိုးစု တွေအပေါ်မှာ တိုင်းရင်းသားဒေသတွေအပေါ်မှာ ထားတဲ့ သဘောထားတွေကိုတော့ တိုင်းရင်းသားတွေက အမြင်မကြည်လင်တော့ဘူးဗျ၊ ရှမ်းမှာရော၊ ရခိုင်မှာရော အကုန်လုံးက မကြည်လင်ဘူး။ အဲဒါကို လက်ရှိအစိုးရအနေနဲ့ ပြန်သုံးသပ်ဖို့ ကောင်းတယ်။ ပြည်ထောင်စုပွဲတွေကို ဟိုမှာလုပ်၊ ဒီမှာလုပ် ၊ ညစာစားပွဲတွေလုပ်၊ အဲဒါလောက်နဲ့တော့ မရတော့ဘူး။ ”
ဖက်ဒရယ်တည်ဆောက်ရေးမှာ ၂၀၀၈ဖွဲ့စည်းပုံက အဟန့်အတားရှိနေပေမဲ့ အဓိက တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ တန်းတူရေးကို ဖော်ဆောင်တာဟာ ဖက်ဒရယ်ရဲ့ အနှစ်သာရအဖြစ်ရှုမြင်ကြောင်းလည်း ဦးလှစောက ဆက်ပြောပါတယ်။
“ အဓိက ကျနော်တို့ ၂၀၀၈ အဟန့်အတားရှိတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ ၂၀၀၈ကနေ ဖက်ဒရယ်စနစ်ကို မကူးပြောင်းခင်ကာလမှာ ကြံ့ခိုင်ရေးပဲ တက်တက်၊ NLD ပဲ တက်တက်၊ ညွှန့်ပေါင်းပဲ တက်တက်၊ ဘယ်သူပဲ တက်တက် တိုင်းရင်းသားတွေကို ဦးစားပေးတဲ့၊ တိုင်းရင်းသားတွေကို တန်ဖိုးထားတဲ့ ဗဟိုချုပ်ကိုင်မှုတွေ လျော့ချပြီးတော့ တိုင်းရင်းသားတွေကို လုပ်ပိုင်ခွင့်တွေ ပိုမိုတိုးမြှင့်ပေးရမယ်။ အဲဒါမပေးဘဲနဲ့ တိုင်းရင်းသားတွေမှာ ရှိတဲ့ ဘက်ဂျက်ကအစ လူမှုစီးပွားဖွံ့ဖြိုးမှုတွေက အစ တိုင်းရင်းသားတွေကို ဦးစားမပေး၊ တိုင်းရင်းသားတွေကို တန်းတူရေးခံစားခွင့်မပေးဘဲနဲ့ အဲဒီ ဖက်ဒရယ်စနစ်ကို သွားတာတို့ ဆိုတာက ဖွဲ့စည်းပုံပြောင်းမှာတို့ ဆိုတာက ဘာမှ အနှစ်သာရမရှိဘူးလို့ ကျနော်မြင်တယ်။ လက်တွေ့ပြကြပါ။ ဗဟိုချုပ်ကိုင်မှုကို လျော့ချပြီးတော့ တိုင်းရင်းသားဒေသတွေမှာ လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေ၊ ခံစားပိုင်ခွင့်တွေ ပေးရမယ်။ ငါ့ပါတီနိုင်နေတယ်၊ ငါ့ပါတီက လုပ်ချင်တာလုပ်မယ်၊ တိုင်းရင်းသားတွေက မအော်နဲ့ မထနဲ့ မတောင်းနဲ့ အဲဒါမျိုးတွေကတော့ sorry ပဲ။ အဲဒါကြီးနဲ့တော့ ပြည်ထောင်စု တည်ဆောက်လို့ မရပါဘူး။ ”
နိုင်ငံတော်သမ္မတက ဒီကနေ့ ပေးပို့တဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံဟာ တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်း ၇၀ကျော် မျှော်လင့်နေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အိပ်မက်ကို လက်တွေ့ကျကျ တည်ဆောက် ပုံဖော်နိုင်အောင် ကြိုးပမ်းနေတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တဆက်တည်းမှာပဲ ၇၂နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ၅ရပ်ကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5