သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ ပြည်ပရောက် တိုင်းရင်းသားတွေအမြင်


 ပြည်ထောင်စုနေ့ (၂၀၁၈)
ပြည်ထောင်စုနေ့ (၂၀၁၈)

ဒီကနေ့ဟာ ၇၂ကြိမ်မြောက်ပြည်ထောင်စုနေ့ဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်း တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရတပ်တွေအကြားဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကတော့ ပြည်ထောင်စုနေ့တဝိုက်မှာကိုပဲ ဖြစ်ပွါးနေတာပါ။ နှစ်ပေါင်း၇၀ကျော်ကြာ လာပေမဲ့လည်း တိုင်းရင်းသားတွေအကြားမှာ ငြိမ်းချမ်းမှုမရနိုင်တဲ့အပေါ် တော်တော်များများကလည်း စိတ်ပျက်နေကြပါတယ်။ ဒါပေမဲ့လည်းအဆိုးထဲကအကောင်းမျှော်လင့်လို့ရနိုင်မယ့် အချက်တချို့ရှိနေတယ်လို့မြင်တဲ့သူတွေလည်းရှိနေပါသေးတယ်။ ပြည်ပရောက် တိုင်းရင်းသားတချို့ရဲ့အမြင်တွေကို သိနိုင်ဖို့ ကိုကျော်အောင်လွင် ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်ထောင်စုနေ့အကြောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းနဲ့ စချင်ပါတယ်။ ပင်လုံစာချုပ်ချုပ်ဆိုပြီးမကြာခင်မှာပဲ တိုင်းရင်းသားအချင်းချင်းသွေးစည်းညီညွတ်ရေးရဖို့ ဗိုလ်ချုပ်ပြောခဲ့တဲ့မိန့်ခွန်းပါ။

"တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သူလူထု အချင်းချင်းညီညွတ်ရေး၊ အဲဒီညီညွတ်ရေးမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်သော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ် ဖာသည် တိုင်းပြည်ဖြစ်နေပါသေးတယ်။ ကျနော်ပြောချင်ပါတယ်။ အဲဒီတော့ ဒီ ၂ ခုကိုခင်ဗျားတို့ မပျက်ပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါအင်မတန်အရေးကြီးပါတယ်။ "

မြန်မာပြည်လွတ်လပ်ရေးရဖို့ တိုင်းရင်းသား တွေညီညွတ်မှုရှိကြောင်းပြသခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တာ ဒီကနေ့ဆိုရင် ၇၂နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ အခုချိန်ထိ ဗမာ တွေကြီးစိုးတဲ့တပြည်ထောင်နိုင်ငံလိုဖြစ်နေတယ်လို့ ခံစားနေရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ကလ်လီဖိုးနီးယား ပြည်နယ်ရောက် ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်ကပြောပါတယ်။

"ပြည်ထောင်စုဆိုတာ ပြည်ထောင်တွေစုထားတဲ့ နိုင်ငံပါ။ ပြည်ထောင်စုထဲမှာပါတဲ့ ပြည်ထောင်တွေအားလုံး တန်းတူညီမျှရှိရမယ်ဗျာ ။ ဘယ်သူက ဘယ်သူ့အပေါ်မှာ မရှိရဘူး။ ရစရာရှိရင် တန်းတူညီမျှရရမယ်။ ပေးစရာရှိရင်လည်း တန်းတူညီမျှပေးရမယ်။ အခုဟာက ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ပြောပြီးတော့ အနစ်သာရမရှိတဲ့ပြည်ထောင်စုလိုဖြစ်နေတယ်။ မြန်မာပိုင် တပြည်ထောင်လိုဖြစ်နေတယ်လို့ ကျနော်တို့မြင်တယ်။ ကျန်တဲ့ ပြည်ထောင်တွေက ဗမာအောက်မှာရောက်နေသလိုပဲလို့ ခံစားမိတယ်ခင်ဗျ။ "

ပြည်ထောင်စု အခြေအနေကတော့ အခုအစိုးရလက်ထက်မှာ ပိုဆိုးလာနေတယ်လို့မြင်တဲ့ သူကတော့ ဂျာမဏီနိုင်ငံရောက် ဘာလင်တက္ကသိုလ် မြန်မာ့ရေးရာကထိကဟောင်း ရခိုင်အမျိုးသား ဦးခင်မောင်စောပါ။

"အခုလက်ရှိ NLD အစိုးရလက်ထက်မှာ ပြည်ထောင်စုက ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကထက် ပိုဆိုးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ရခိုင်ပါတီတွေ ရှမ်းပါတီတွေအများဆုံးအနိုင်ရတယ်၊ သူတို့ကို လုံးဝအစိုးရဖွဲ့ခွင့်မပေးဘူး။ ဗဟိုကနေခန့်ပေးလိုက်တဲ့သူတွေက သူတို့အစိုးရနဲ့ သူတို့ ဗဟိုချုပ်ကိုင်မှု။ နောက်တချက်က ပြည်နယ်သားတွေရဲ့ ဆန္ဒကိုမယူပဲနဲ့ နိုင်ငံတကာမှာ ဗိုလ်ချုပ်ရုပ်တုလုပ်တယ်။ နေရာတကာမှာ ဗိုလ်ချုပ်အောင်ဆန်းတံတားတွေလုပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာက မြန်မာပြည်ရဲ့ လွပ်လပ်ရေးဗိသုကာပါ။ လူတိုင်းလေးစားပါတယ်။ ဒါပေမယ့် ပြည်နယ်တွေမှာ သွားလုပ်မယ်ဆိုရင်တော့ မွန်ပြည်နယ်မှာ အားလုံးဝိုင်းဆန္ဒပြနေတာကို အတင်း ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီးလုပ်တယ်။ ပေးစရာနာမည်တွေ တပုံကြီးပဲ။ ရာဇဝင်ထဲမှာ ပါနေတဲ့မွန်နာမည်တွေ၊ မွန်တွေကို မင်းတို့စိတ်ကြိုက်ပေးလိုက်ပါဆိုရင် မွန်တွေဘယ်လောက် ဝမ်းသာမလဲ။ နောက် မနေ့တနေ့ကလည်း ကယားပြည်နယ်မှာ လွိုင်ကော်မှာ ဗိုလ်ချုပ်ရုပ်ထုထားခွင့်မပြုလို့ဆိုပြီးတော့ အတင်းအင်အားသုံးပြီးတော့ ဝင်ဖြိုတယ်။ အဲဒါတွေက ပြည်ထောင်စု အနစ်သာရလုံးဝမရှိဘူး။"

ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး ပင်လုံစာချုပ်နဲ့ တိုင်းရင်းသားတွေညီညွတ်ကြောင်းပြသနိုင်ခဲ့ပေမဲ့လည်း အခုချိန်ထိ တိုင်းရင်းသားတွေနဲ့အုပ်ချုပ်သူတွေအကြားပြေလည်မှုမရနိုင်သေးလို့ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ၂၁ရာစုပင်လုံဆိုတာကို ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့လည်း ထူးခြားတဲ့ပြေလည်မှုတွေဖြစ်မလာတဲ့အပေါ် အားမလိုအားမရ ဖြစ်မှုတွေလည်းရှိနေပါတယ်။ ပင်လုံစာချုပ်ကို အကောင်အထည်မဖေါ်နိုင်လို့ မြန်မာနိုင်ငံမငြိမ်းချမ်းပဲဖြစ်နေတာလို့ ဒေါက် တာစိုင်းထွေးမောင်ကသုံးသပ်ပါတယ်။

"ပင်လုံစာချုပ်ကြောင့်မို့လို့ ပြည်ထောင်စုနေ့ဆိုတာ ဖြစ်လာတာ အဲဒီ ပင်လုံစာချုပ်အတိုင်း မလိုက်နာဘူးဆိုရင် ပြည်ထောင်စုလည်း ပျက်ပါပြီ။ ပင်လုံစာချုပ်အတိုင်းအကောင်အထည်ဖော်မယ်။ တန်းတူညီမျှခွင့်ပေးမယ်။ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်တွေရှိမယ် ဆိုရင် တော်လှန်ရေးလည်းရှိမှာမဟုတ်တော့ဘူး။ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံလည်း အဓိပ္ပါယ်ရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ပြီးတော့ အေးချမ်းသာယာတဲ့နိုင်ငံဖြစ်လာနိုင်တယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် အခုလုပ်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံဟာ ၂၀ ရာစုပင်လုံ ကတိကဝတ်ကို အကောင်အထည်မဖော်ဘူးဆိုရင် ပြည်ထောင်စုမှာ ငြိမ်းချမ်းရေးဘယ်လိုမှ ရနိုင်မယ်လို့ ကျနော်မထင်ဘူး။"

ဦးခင်မောင်စောကတော့ ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့ ၂၁ရာစု ပင်လုံကို သိပ်ပြီးအားမရပါဘူး။

"၂၁ရာစု ပင်လုံတွေလုပ်နေပေမယ့် အခုထိတော့ မယ်မယ်ရရတော့ ဘာမှ သိပ်မမြင်သေးဘူး။ကျနော်မြင်ရသလောက်ပြောမယ်ဆိုရင်လည်း သိပ်အောင်မြင်မယ်လို့ ကျနော်မထင်ဘူး။

မေး။ ။ ဘာကြောင့်ပါသလဲ။ ဘယ်အချက်ကြောင့်လဲခင်ဗျ။

ဖြေ၊ ။ ဗိုလ်ချုပ်အောင်ဆန်း ခေတ်တုန်းကတော့ သူတယောက်တည်းလုပ်လို့ရတယ်။ ဗဟိုကော်မတီတွေကို မတိုင်ပင်ပဲ လုပ်လာတာတွေလည်း ရှိတာပဲ။ ရှိပေမယ့် အားလုံးက သူဆုံးဖြတ်ရဲတယ်။ အခုဒေါ်အောင်ဆန်းစုကြည်မှာကတော့ ဗိုလ်ချုပ်အောင်ဆန်းလောက် လွတ်လွတ်လပ်လပ်လုပ်လို့မရဘူး။ သူလုပ်ချင်သည့်တိုင်အောင် လုပ်လို့ရမှာလည်း မဟုတ်ဘူး။"

ပြည်ထောင်စုနေ့ဆိုတာကို တော်တော်စိတ်ပျက်နေတဲ့အထဲမှာ ဗြိတိန်နိုင်ငံ ရောက် KNO ကချင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံခြားရေးတာဝန်ခံ ခန်းဖါဆာဒန်လည်းပါဝင်ပါတယ်။

"အရင်တုန်းကလည်း မျောက်ပြဆန်တောင်ပုံစံလိုပေ့ါနော်။ ကျနော်တို့တိုင်းရင်းသားတွေကို ဝတ်စုံဝတ်ခိုင်း စင်ပေါ်တက်ကခိုင်းလုပ်တယ်။ အခုလည်း အဲလိုပါပဲ။"

ပြည်ထောင်စု ဆိုတာကို စိတ်မဝင်စားတော့ပဲ သီးခြားလွတ်လပ်တဲ့ ကချင်နိုင်ငံထူထောင်ဖို့ကိုတောင်ဆုံးဖြတ်ထား ပြီလို့ ခန်းဖါဆာဒန်ကဆက်ပြောပါတယ်။

"အရင်တုန်းက ကျနော်တို့ ဘိုးဘွားတွေပေါ့နော်။ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ်ကို ချုပ်တဲ့အချိန်တုန်းကဆိုရင် သူတို့ ရည်မှန်းချက်တွေက အရမ်းအဓိပ္ပါယ်ရှိတယ်ခင်ဗျ။ မြန်မာပြည်လွှတ်လပ်ရေးရပြီးတဲ့ နောက်မှာ တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာအတူနေထိုင်ပြီးတော့မှ တန်းတူညီမျှတဲ့ ပြည်ထောင်စုကြီး တည်ထောင်ဖို့ဆိုတဲ့ သူတို့ရည်ရွယ်ချက်ကို သူတို့ လုပ်ထားခဲ့တယ်ခင်ဗျ။ ဒါပေမယ့်လည်း အဲဒီနောက်ပိုင်းမှာ ပြည်ထောင်စုကနေ ဗဟိုချုပ်ကိုင်တဲ့ တပြည်ထောင်စနစ်ကိုရောက်သွားတော့ အဲဒီပြည်ထောင်စုဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်မရှိဘူးဖြစ်သွားတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ ကချင်လူမျိုးတွေကတော့ လွန်ခဲ့တဲ့ ဇန်နဝါရီလ ထိုင်းနိုင်ငံမှာ ညီလာခံလုပ်ကြတယ်ခင်ဗျ။ အားလုံးသဘောတူတဲ့ အချက်တခုကတော့ ကျနော်တို့ လွတ်လပ်တဲ့ ကချင်နိုင်ငံတည်ထောင်မယ်။ အဲဒီကချင်နိုင်ငံက ပြည်သူတွေအပေါ်မှာ အချုပ်အချာအာဏာအားလုံးထားတဲ့ လွတ်လပ်တဲ့ ကချင်နိုင်ငံတော်တည်ထောင်ဖို့ဆိုပြီးတော့မှ ကျနော်တို့ တူညီတဲ့သဘောတူညီချက်ကို ရခဲ့တယ်ခင်ဗျ။ အဲဒါကို ကြည့်ချင်းအားဖြင့် ကျနော်တို့က ကျနော်တို့ ဘိုးဘွားတွေ ၇၂ နှစ်တိုင်အောင်ကြိုးစားခဲ့တယ်။ ကျနော်တို့ အတူနေထိုင်ဖို့ကြိုးစားခဲ့တာ အခုအချိန်အထိ မဖြစ်လာနိုင်ဘူးဆိုတာက အဲဒါကြောင့် အရင်တုန်းက ကျနော်တို့ လွတ်လပ်ရေးမရခင်ကအချိန်အတိုင်းကို ပြန်သွားမယ်ဆိုပြီးတော့မှ သဘောတူညီချက်ရခဲ့တယ်။ လွတ်လပ်တဲ့ ကချင်နိုင်ငံတော်တည်ထောင်ဖို့ကိုပဲ ကျနော်တို့ စိတ်ဝင်စားတော့တယ်ခင်ဗျ။"

ဒေါက်တာစိုင်းထွေးမောင်ကတော့ စိတ်ပျက်ဖို့ကောင်းတဲ့အခြေအနေ တွေအကြားမှာပဲ အကောင်းဘက်ကမျှော်လင့်နိုင်မယ့်အချက်တချို့တော့ ရှိနေသေးတယ်လို့ဆိုပါတယ်။

"အဆိုးဘက်က အကောင်းကြည့်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ကြားမှာ ဆွေးနွေးဖို့ရန်အတွက် ကမ်းလှမ်းမှုတွေရှိတယ်။ ဆွေးနွေးနေတယ် ဒါက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ လမ်းကြောင်းအပေါ်မှာ သူတို့ရောက်နေကြတယ်ဆိုတာ ကျနော်တို့အနေနဲ့ နည်းနည်းလေးတော့မျှော်လင့်ချက်ရှိတယ်။"

တိုင်းရင်းသားတွေအချင်းအချင်းအကြား ယုံကြည်မှုတကယ်ရရင် ပြည်ထောင်စုဆိုတာ တကယ်ဖြစ် မယ် လို့ ဦးခင်မောင်စောက ပြောပါတယ်။ တကယ်တော့ ယုံကြည်မှုရဖို့ဆိုတာက လူ့အဖွဲ့အစည်းမှာ အခက်ခဲဆုံး ကိစ္စ တခုပါ။ နှစ်ပေါင်း၇၂အထိမရနိုင်သေးတဲ့ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရင် ဖြစ်နိုင်မလဲဆိုတာကတော့ အဓိက အကျဆုံးမေးခွန်းဖြစ်ပါလိမ့်မယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG