(Zawgyi/Unicode)
ကမ္ဘာတဝှမ်း COVID-19 ရောဂါဆိုးကြီး ကာကွယ် တားဆီးရေးနဲ့ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ အမျိုးသမီးကျန်းမာရေး ဝန်ထမ်းတချို့ အကြောင်းကို ပြီးခဲ့တဲ့သီတင်းပတ်က တင်ပြခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ မြန်မာနိုင်ငံတွင်းက အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတချို့ ပြောပြတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေနဲ့ ဒီရောဂါတိုက်ဖျက်ရာမှာ ရှေ့တန်းကနေ ဘယ်လိုရဲရဲဝံ့ဝံ့ ပါဝင်နေကြသလဲ ဆိုတာတွေကို မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။
ကမ္ဘာတဝှမ်း ပျံ့နှံ့ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ကူးစက်မှုတွေကနေ မြန်မာနိုင်ငံလည်း ပြေးမလွတ်ခဲ့ပါဘူး။ ရောဂါရှိမရှိ ဓာတ်ခွဲစမ်းသပ်နမူနာ ၁၀,၀၀၀ ကျော် လုပ်ခဲ့တဲ့အထဲမှာ ၁၇၀ ကျော်မှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထားပြီး သေဆုံးသူ ၆ ယောက် ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတွင်း ကူးစက်မှုနှုန်းဟာ ဒီရောဂါစတင်ဖြစ်ပွားတဲ့ အိမ်နီးချင်း တရုတ်အပါအဝင် တခြား ဒေသတွင်းနိုင်ငံတွေလောက်တော့ ကူးစက်မှု မများပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ ကျန်းမာရေးပညာရှင်တွေကတော့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာေ ရာဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ရောဂါ ရှာဖွေ ဖော်ထုတ် စာရင်းကောက်ယူမှု အားနည်းတာတွေကြောင့် ကူးစက်မှုနှုန်း နည်းတာဖြစ်နိုင်တယ်လို့ သတိပေးကြတာရှိသလို၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက လူတွေမှာ ဒီရောဂါကို ခုခံနိုင်စွမ်းအား တခြားနိုင်ငံတွေက လူတွေထက် ပိုပြီး ရှိနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ တွက်ဆ ပြောဆိုကြတာတွေလည်း ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီရောဂါဟာ အချိန် နေရာမရွေး၊ လူမျိုး၊ အသက်အရွယ် ကျားမ မရွေး လူတိုင်းကို ကူးစက်နိုင်တဲ့ အန္တရာယ် ရှိတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ဒီရောဂါကို ခုခံ တွန်းလှန်နိုင်တဲ့ သူတွေအတွက် ရောဂါလက္ခဏာ ခံစားရတာ နည်းနိုင်ပေမဲ့၊ မခံနိုင်တဲ့သူတွေ အတွက်တော့ အသက်အန္တရာယ်ပါ ဖြစ်စေတာပါ။ ဒါကြောင့် ကိုယ်က ရောဂါ ကူးစက်ခံရလို့ ခံနိုင်ရည်အားရှိတယ်ဆိုရင်တောင် ကိုယ်ကနေ ခံနိုင်ရည် နည်းသူတွေထံ ရောဂါ ထပ်ဆင့် မဖြန့်မိအောင် သတိထားရမယ့် တာဝန် အားလုံးမှာ ရှိနေပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ပေါ့ပေါ့ဆဆ မနေမိဖို့က သိပ်ကို အရေးကြီးပါတယ်။ ကျန်းမာရေးဌာနတွေကနေ ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို အပြည့်အ၀ လိုက်နာပြီး ခုလိုအချိန်မှာ ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြဖို့ လိုအပ်တယ်လို့ လက်ရှိ မြန်မာနိုင်ငံတွင်း ဒီရောဂါ ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာ ရှေ့တန်းက ပါဝင်နေတဲ့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်ကေ ပြောပါတယ်။
“ ဒီ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပြည်သူတွေက အဓိက ပါရှင့်။ ပြည်သူတွေ အားလုံး လိုက်နာမှသာလ ျှင် ကျမတို့ရဲ့နိုင်ငံအတွင်းမှာ ပျံ့နှံ့မှုတွေ၊ ဖြစ်ပွားမှုတွေ၊ သေဆုံးမှုတွေကို လေ ျှာ့ချနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ ကျမတို့က ပထမအဆင့်အနေနဲ့ နိုင်ငံခြားက ပြန်လာတဲ့သူတွေကို Quarantine ထည့်ကြတယ်။ အခုနောက်ပိုင်းမှာဆိုလို့ရှိရင် ဖြစ်ပွားတဲ့ ကိုယ့်တိုင်းပြည်တွင်းမှာကိုပဲ ဒေသတွင်း ကူးစက်မှုတွေ ရှိပြီးတော့မှ၊ အဖြစ်များတဲ့မြို့နယ်တွေ ကနေ လာခဲ့လို့ရှိရင် တိုင်းရဲ့အစီအမံတွေနဲ့ စီမံခန့်ခွဲမှုတွေ လုပ်ပြီး ကန့်သတ် ထိန်းချုပ်တဲ့နေရာတွေမှာ အဲ့ဒီလို ဆောင်ရွက်ရတဲ့ နေရာတွေမှာတော့ ကျမတို့မှာ အခက်အခဲတွေ ရှိပါတယ်။ ဒါက ဌာနဆိုင်ရာများရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင်ရွက်ရတဲ့အခါမှာ ပြည်သူလူထုများဟာ အဲ့ဒီနေရာဒေသတွေမှာ နေထိုင်ရတာဟာ သူတို့အတွက် အဆင်မပြေမှုလေးတွေတော့ ဒါဟာ ကြုံတွေ့ရပါတယ်။ ဒီအပေါ်မှာ ကျမတို့ စီမံခန့်ခွဲမှု လုပ်ရတာလေးတွေကတော့ နည်းနည်းလေးတော့ အခက်အခဲ ရှိပါတယ်။ ဆက်သွယ်မှုလေးတွေပေါ့နော်။ ဆက်သွယ် ရှင်းပြမှုလေးတွေ မှာတော့ ဒါလေးတွေတော့ အခက်အခဲ ရှိပါတယ်။”
ဒေါက်တာ သန်းသန်းမြင့်ဟာ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကာကွယ် ဟန့်တားနိုင်ဖို့ ကြိုးစားတဲ့နေရာမှာရော ကုသမှုပိုင်းမှာပါ ရှေ့တန်းကနေ ပါဝင်နေတဲ့ အမျိုးသမီး ဆေးဝန်ထမ်း တယောက်ပါ။ လက်ရှိ မြန်မာနိုင်ငံတွင်း COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေ အများအပြား ရှေ့တန်းက ပါဝင်နေတာကိုလည်း ဒေါက်တာ သန်းသန်းမြင့်က ပြောပြပါတယ်။
“ ဒီ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အဓိက ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေကြတာလည်း ကျမတို့ရဲ့ အကြီးတန်း ကျန်းမာရေး ဝန်ထမ်းတွေ၊ ပရော်ဖက်ရှင်နယ်တွေ ဖြစ်တဲ့ သားဖွားဆရာမများပေါ့နော်။ အဲ့ဒီသားဖွား ဆရာမများက အဓိက ဒီ COVID-19 တိုက်ဖျက်ရေးမှာ ပြည်ပကပြန်လာတဲ့သူတွေ၊ ပြည်တွင်းမှာပဲ နေရပ် ပြန်လာကြတဲ့သူတွေ၊ ဒါတွေနဲ့ ထိစပ်တဲ့ fever service လုပ်ငန်းတွေ၊ quarantine လုပ်ငန်းတွေ၊ contact tracing လုပ်ငန်းတွေ။ ဒါတွေအားလုံးကို ဘာဖြစ်ဖြစ် ဆောင်ရွက်နေတာဟာ ကျမတို့ရဲ့ ဝန်ထမ်း အင်အားဦးရေအရ အမျိုးသမီးတွေ ခန့်ထားမှုက တော်တော်များပါတယ်။”
လက်ရှိ မြန်မာနိုင်ငံတွင်း ကူးစက်မှု အများဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုဆဲ နိုင်ငံတခုဖြစ်တဲ့ မြန်မာလို နိုင်ငံငယ်တွေမှာ ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကို ပမာဏများများ မလုပ်နိုင်သေးသလို၊ အစောပိုင်းကာလတွေကဆိုရင် ဓာတ်ခွဲ စစ်ဆေးမှု နမူနာတွေကို ပြည်ပနိုင်ငံတွေအထိ ပို့ပြီး စစ်ခဲ့ရတာပါ။ လက်ရှိ ပြည်တွင်းမှာ စစ်ဆေးလာနိုင်တဲ့ အချိန်မှာလည်း ဓာတ်ခွဲနမူနာ နေ့စဉ် ပျမ်းမ ျှ ၃၀၀ ကနေ ၄၀၀ လောက်ကိုပဲ စမ်းသပ်စစ်ဆေးနိုင် သေးတာ ဖြစ်ပါတယ်။ လက်ရှိ ကျန်းမာရေးဝန်ထမ်းတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ နဲ့ပတ်သက်လို့တော့ အင်းစိန်ပြည်သူ့ ဆေးရုံက သင်ကြားရေးနဲ့ ကုသရေး ဆိုင်ရာ ပါမောက္ခ ဒေါက်တာ မာမာကြည်က ခုလို ပြောပြပါတယ်။
“အစ်မတို့အနေနဲ့ စိန်ခေါ်မှုကတော့ ဘာအခက်အခဲရှိလဲဆိုရင် ကိုယ့်ကို ကာကွယ်မယ့် PPE တွေ လုံလောက်စွာ ရရှိဖို့ပါပဲနော်။ အဲ့ဒီတော့ နိုင်ငံတော်အစိုးရက မပေးဘူးလားဆိုရင် ပေးပါတယ်။ နည်းတာပေါ့နော်။ ခန္ဓာကိုယ်တခုလုံးဝတ်တဲ့ PPE ပေါ့။ cover all ဆိုတာလိုတယ်။ နောက်ပြီးတော့ respirator လို့ခေါ်တဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်တဲ့ N95 လို့ ခေါ်တာပေါ့နော်။ အဲ့ဒတွေလိုတယ်။ ဆိုတော့ အစ်မတို့ကတော့ ဆေးရုံအုပ်ကြီး ဆီမှာလည်း အစ်မတို စာရေးပြီး တောင်းတယ်။ ဆေးရုံအုပ်ကြီးကလည်း နေပြည်တော်ကို တောင်းတယ်။ ကံအားလျော်စွာပဲ တတိယမြောက် COVID-19 case က အစ်မတို့ဆေးရုံက တွေ့တာ ဖြစ်နေတယ်။ case က တွေ့သွားတယ် ဆိုတာနဲ့ အင်းစိန်ဆေးရုံမှာ ကြောက်တာလည်း ရှိတယ်။ ဒါပေမဲ့ ဟာ...အင်းစိန်ဆေးရုံမှာ တွေ့တယ်ဆိုတာနဲ့ ပြည်သူတွေက အားတက်သရော လာလှူကြတယ်။ အဲ့ဒီတော့ အစ်မတို့ စိတ်ပူနေတဲ့ N95 တွေလည်း လှူတယ်။ PPE တွေလည်း လှူတယ်။ ဝတ်စုံတွေ နှာခေါင်းစည်းတွေကအစ လှူကြတယ် ဆိုတော့ ယှဉ်လို့ရှိရင်တော့ ရန်ကုန်ထဲက ဆေးရုံတွေမှာ အစ်မတို့ ဆေးရုံက နည်းနည်းလေး လှူဒါန်းတာကို ခံရတယ်ပေါ့နော်။”
ခုချိန်မှာ ကူးစက်မှုတွေ အလွန်အကျွံကြုံရတဲ့ အခြေအနေမဟုတ်သေးတာကြောင့် ကိုင်တွယ်နိုင်တဲ့ အနေအထား ရှိနေသေးပေမဲ့၊ နောက်ပိုင်း လူနာတွေ များလာရင်တော့ အခက်အခဲတွေ ပိုကြုံလာရနိုင်တယ်လို့ ပြောပြသူကတော့ ရန်ကုန် အနောက်ပိုင်းခရိုင် ဆေးရုံကြီးမှာ တာဝန်ထမ်းနေတဲ့ သူနာပြုဆရာမ မလှတင်ရီဦး ပါ။ သူကတော့ COVID-19 လူနာတွေကို အဓိက ကုသပေးနေတဲ့ ဝေဘာဂီ ဆေးရုံမှာ COVID-19 လူနာတွေ များနေတဲ့အချိန် ဝန်ထမ်း အင်အားဖြည့် သွားရောက် တာဝန်ထမ်းခဲ့ပြီး မကြာခင်ရက်ပိုင်းကမှ သူ့ရဲ့မူရင်း ဌာနေဆေးရုံကို ပြန်ရောက်လာတဲ့သူပါ။
“ကုသရေးပိုင်းမှာတော့ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ စုံဖို့၊ ပြီးလို့ရှိရင်လည်း ဒီလူနာတွေ ထားဖို့ဆိုရင်လည်း ဒီရောဂါပိုးရှိတဲ့ လူနာမျိုးတွေကို ထားဖို့အဆင်ပြေနိုင်လောက်တဲ့ အခန်းပုံစံမျိုးပေါ့နော်။ အဲ့ဒီလိုမျိုးတွေ ဖြစ်ဖို့။ အခုကတော့ ဝေဘာဂီ က ကြာပြီဆိုတော့ ကျမတို့ဆီမှာ အသစ်ဆောက်ထားတာက၊ positive လူနာတွေကိုထားဖို့ အသစ်ဆောက်ထားတဲ့ သုံးထပ်ဆောင်က လူနာအများကြီး မဆန့်ဘူးလေ။ ၃၀ လောက်ပဲ ရှိတယ်။ ဝေဘာဂီရဲ့ capacity က ၉ ၀ လောက် လက်ခံရတာဆိုတော့ ကျန်တဲ့နေရာတွေကတော့ နည်းနည်းလေး အခက်အခဲရှိတယ်။ ပစ္စည်းတွေကလည်း နောက်ပိုင်း အများကြီး လိုနိုင်တယ်။ ဥပမာ PPE တို့၊ ကျန်းမာရေးဝန်ထမ်းတဲ့ ဝင်တဲ့အခါမှာသုံးတဲ့ ပစ္စည်းမျိုးတွေေပေါ့နော်။ အဲ့ဒါတွေက လူနာများရင် များလာသလို ကျမတို့က အထဲဝင်ရတဲ့ကြိမ်ရေတွက်လည်း များလာနိုင်တယ်။ ပြီးရင် လူများများ၊ ဆရာဝန် ဆရာဝန်မ အင်အားများများလည်း သုံးရမယ်ဆိုတော့ ဒီ PPE တွေ၊ တခြားပစ္စည်းတွေကိုလည်း ထပ်ပြီးတော့ဖြည့်ပေးနိုင်ရင်တော့ ပိုအဆင်ပြေမှာပေါ့။”
လိုအပ်တဲ့ ဆေးဝါးထောက်ကူ ပစ္စည်းတွေ မရှိတဲ့အခါ ကုသမှုပိုင်းမှာ အခက်အခဲတွေပိုဖြစ်ရသလို၊ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ် ပိုများတယ်ဆိုတာ ကတာ့ ပြည် ခရိုင်ဆေးရုံက မေ့ဆေးဆရာဝန် ဒေါက်တာမြင့်မြင့်စိန်ရဲ့ ဖြစ်ရပ်က သက်သေပဲဖြစ်ပါတယ်။ ကုသရေး ပစ္စည်းကိရိယာ အလုံအလောက်မရှိတဲ့ကြားက COVID-19 လူနာတယောက်ရဲ့ အသက်ကို ကယ်ဖို့ကြိုးစားရင်း ဒေါက်တာမြင့်မြင့်စိန် ရောဂါ ကူးစက်ခံခဲ့ရတာပါ။ သူ့လိုပဲ အခက်အခဲတွေ ကြားမှာ လူနာတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ အမျိုးသမီး ဆေးဝန်ထမ်းတွေ ခုချိန်မှာ အများအပြား ရှိနေပါတယ်။
အင်းစိန်ဆေးရုံက ဒေါက်တာ မာမာကြည် ကတော့ သူကိုယ်တိုင် ဦးဆောင်ပြီး Community Fever clinic လို့ ခေါ်တဲ့ ကိုယ့်ရပ်ရွာတွင်း အခမဲ့ ဆေးခန်းတွေ ဖွင့်ပြီး COVID-19 ဖြစ်နေချိန်မှာ သာမန်ဖျားနာသူတွေကို ကုသပေးတဲ့အပြင် ဒီရောဂါ ကူးစက်ခံထားရနိုင်ဖွယ် ရှိတဲ့ သူတွေကိုလည်း သက်ဆိုင်ရာ ဆေးရုံဆေးခန်းတွေမှာ လိုအပ်တဲ့ ရောဂါစမ်းသပ်စစ်ဆေးမှုတွေ နဲ့ ကုသမှုတွေ ခံယူနိုင်အောင် ကူညီပေးနေသူ ဖြစ်ပါတယ်။ ဘယ်လို ခံယူချက်တွေနဲ့ ခုလို လုပ်ဆောင်ဖြစ်တာပါလဲ။
“ ဘာတွေက motivation (စေ့ဆော်တဲ့အကြောင်းရင်း) လဲလို့ ဆိုရင်တော့ responsibility (တာဝန်) ယူတယ်လို့ပဲ ယူဆပါတယ်။ ကိုယ်ကတော့ တတ်နိုင်သလောက် ကြိုးစားပြီး တာဝန်ထမ်းဆောင်တယ်လို့ပဲ ယူဆပါတယ်။”
ကျန်းမာရေးဝန်ထမ်းတယောက်အနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ် ဆိုတဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ပဲ COVID-19 ကာလမှာလည်း တာဝန်ကျေချင်တယ်လို့ သူနာပြုဆရာမ မလှတင်ရီဦး ကလည်း ပြောပါတယ်။
“အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် ကျမတို့က ကျရာတာဝန်ကို အချိန်မရွေး ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေရမှာပေါ့နော်။ အဲ့ဒီတော့ မိသားစုဆိုတာမျိုးကလည်း ကျမတို့က အဝေးမှာပါ။ အခု ကျမတို့ မိသားစု ဆိုရင် နယ်မှာပါ။ ကျမ ကတော့ အခု ရန်ကုန်မှာပေါ့။ အဲ့ဒီတော့ အဝေးကနေပဲ ပြုစုရတာမျိုး မှာကြားရတာမျိုးတွေ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျမတို့ကတော့ ကျန်းမာရေးဝန်ထမ်း ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ပြည်သူလူထု အပေါ်မှာ၊ ဖြစ်နေတဲ့ ဒီရောဂါတွေနဲ့ပတ်သက်လို့ ကာကွယ်ဖို့တာဝန်က ကျမတို့မှာ ရှိထားပြီးသားလေ။”
မြန်မာနိုင်ငံမှာ သူနာပြုအများစုဟာ အမျိုးသမီးတွေပါ။ ခုလို COVID-19 ရောဂါကြုံလာရတဲ့အချိန်မှာ လူနာတွေနဲ့ နေ့စဉ် တိုက်ရိုက်ထိတွေ့ ကုသမှု ပေးနေတာတွေကလည်း ဒီလို သူနာပြုတွေပဲ ဖြစ်ပါတယ်။ အလားတူ COVID-19 ကာကွယ်တားဆီးရေးနဲ့ တိုက်ဖျက်ရေး လုပ်ငန်း အဆင့်ဆင့်မှာ အမျိုးသမီး ဆေးဝန်ထမ်းတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ရှေ့တန်းမှာ ရှိနေပါတယ်လို့ ဒေါက်တာ သန်းသန်းမြင့်ကလည်း ပြောပါတယ်။
“ဒီအချိန်မှာ ကိုယ့်ရဲ့ ကျရာတာဝန်၊ ကျရာအခန်းကဏ္ဍမှာ ကျမတို့ ဆောင်ရွက်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့အမျိုးသမီးတွေကလည်း ဘာပဲဖြစ်ဖြစ် အမျိုးသားများနဲ့အတူ တန်းတူဆောင်ရွက်နိုင်တာပဲလေ။ quarantine site တွေမှာရော၊ fever service လုပ်ငန်းတွေမှာရော၊ contact tracing လုပ်ငန်းတွေမှာလည်း ဘာပဲဖြစ်ဖြစ် ကျမတို့ အမျိုးသမီးများဟာ သွားရောက်ပြီးတော့၊ ရွာတွေအထိ သွားရောက်ပြီးတော့ ဒီလုပ်ငန်းတွေကို ဆောင်ရွက်နေကြရတာပါ။ ဒီကဏ္ဍမှာတော့ အားလုံး အမျိုးသားများ နည်းတူ ကျမတို့ ဘာပဲဖြစ်ဖြစ် ရှေ့တန်းကနေ ဆောင်ရွက်နေတယ်လို့ ပြောရမှာပါ။”
COVID-19 ရောဂါ တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ဒီလို အမျိုးသမီး၊ အမျိုးသား ဆေးဝန်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေကတော့ လေးစား အသိအမှတ် ပြုစရာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ခေါင်းဆောင် အများအပြားကပါ သူတို့ကို ဂုဏ်ပြု ပြောကြားကြတာတွေရှိသလို၊ နိုင်ငံအတော်များများက မြို့ကြီးတွေမှာ ဆေးဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူတွေကလည်း လက်ခုပ်တီးပြီး ကျေးဇူးတင်ကြောင်း ပြသလာကြတာတွေလည်း တွေ့နိုင်ပါတယ်။ ကိုယ့်အပေါ် အလွယ်တကူ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်တွေကြားမှာပဲ ဒီကနေ့ မြန်မာ အမျိုးသမီး ဆေးဝန်ထမ်းတွေ အများအပြားဟာလည်း COVID-19 တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေး ပါရှင်။
Your browser doesn’t support HTML5
==========================
[Unicode Version]