COVID-19 ကြောင့် အထည်ချုပ်လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်နေ

ရန်ကုန်မြို့ လှိုင်သာယာ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေကြသော ဝန်ထမ်း တချို့ (မှတ်တမ်းဓာတ်ပုံ - မတ် ၁၀၊ ၂၀၁၀)

(Zawgyi/Unicode)

အထည်ချုပ်လုပ်ငန်းတွေမှာ ပြည်ပအမှာတွေ ရပ်တန့်တာကြောင့် အထည်ချုပ် စက်ရုံတွေမှာ လုပ်သား လျှော့ချနေတဲ့အကြောင်းတွေ တင်ဆက်ပါမယ်။

အလုပ်သမား ၅,၀၀၀ ထောင်လောက်ရှိတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က မြန်မာနစ်တင်း အထည်ချုပ်ဟာ သူ့ရဲ့ ဝန်ထမ်းထက်ဝက်ကျော်ကို လျှော့ချလိုက်ပါတယ်။ အထည်ချုပ်လုပ်ငန်းအများစုဟာ တလကျော်လောက် ကုန်ကြမ်းအလုံအလောက် မရတာ၊ ပြည်ပအမှာတွေရပ်တန့်နေတာကြောင့် စက်ရုံလုပ်သားတွေ လျှော့ချတာ၊ စက်ရုံပိတ်သိမ်းတာတွေ တဖြည်းဖြည်းလုပ်လာနေပါတယ်။

အလုပ်သမားတွေကို ဥပဒေအတိုင်း နစ်နာကြေးပေးပြီး ပိတ်လိုက်တဲ့ စက်ရုံက ရန်ကုန်နဲ့ မန္တလေးမှာ ၁၅ ရုံ၊ ပုသိမ်မှာ ၃ ရုံ ရှိပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့အညီ မလုပ်ဘဲ ပိတ်သိမ်းတဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။

“အဓိက က ဘာလဲဆိုတော့ ဒီအချိန်မှာက ကုန်ကြမ်းတွေ ရပေမဲ့လည်း ကုန်ချောတွေ ပို့ရမဲ့ အနောက်ဥရောပနိုင်ငံရဲ့ အခက်အခဲတွေ အများကြီး ရှိနေတယ်ပေါ့နော်။ အဲဒါကြောင့်မို့ လူအင်အား လျှော့ချတာတွေက တောက်လျှောက်ဖြစ်နေတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ အစိုးရအနေနဲ့ ဘယ်လိုကုစားပေးမလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင် ပြောသွားတာ ဖြစ်ပါတယ်။

မတ်လ ၂၅ ရက် နေပြည်တော်မှာ လုပ်တဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ပွဲမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီအခက်အခဲတွေအတွက် အစိုးရရံပုံငွေကို သုံးစွဲသွားဖို့ရှိတယ်လို့ ပြောပါတယ်။ အလုပ်ရှင်တွေဘက်ကတော့ အခုဖြစ်နေတဲ့ ပြဿနာကို အစိုးရကထိထိရောက်ရောက် ဖြေရှင်းပေးဖို့ လိုလားနေပါတယ်။

“ဘယ်လိုခေါ်မလဲ အခုချုပ်ပြီးတဲ့ဟာနိုင်ငံတကာက order တင်လို့ မရတော့ဘူး၊ ရပ်သွားပြီ။ ဂိုထောင်မှာပဲ ထားပါဆိုတော့ ကျနော်တို့ ဘယ်လိုဆက်သွားမလဲ။ ကုန်ကြမ်းမရဘူးတဲ့၊ ကျနော်တို့ကုန်ကြမ်း မရ ရအောင်လုပ်ပြီး ရောက်နေပြီ။ အခုချုပ်ပြီးတဲ့ အခါကျတော့ တင်လို့မရပြန်ဘူး။ အခု ဥရောပပို့မယ့် အမှာစာတွေ အကုန်ရပ်ခိုင်းပြီ၊ ကုန်တင်တာမှာ တန်းစီပြီး ပို့လို့မရဘူး သင်္ဘောမှာ၊ ဘယ်လိုဆက်သွားမလဲ။ အဲဒါကြောင့်မို့ နိုင်ငံတော်အနေနဲ့တခုခုတော့ လုပ်ပေးသင့်ပြီလို့တော့ ကျနော်မြင်ပါတယ်။”

ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်း ပြောသွားတာ ဖြစ်ပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ် COVID-19 သက်ရောက်မှုကြေင့် ကုန်ကြမ်းတွေဖြတ်၊ ပြည်ပအမှာတွေ မရှိသလောက်ဖြစ်နေချိန်မှာ အလုပ်သမားတွေ လုပ်ခလစာအပြည့်နဲ့ အိမ်နေထိုင်ခွင့်ရဖို့ အလုပ်သမားသမဂ္ဂတွေက ညှိနှိုင်းနေပါတယ်။ အလုပ်ရှင်တွေဘက်ကတော့ လစာမပေးရတဲ့ အလုပ်နားခွင့်ကို ပိုလိုလားပြီး ဒီအပေါ်မှာ သဘောတူညီမှု မရကြသေးပါဘူး။

Your browser doesn’t support HTML5

COVID-19 ကြောင့် အထည်ချုပ်လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်နေ


[Unicode Version]









