ထိုင်းနယ်စပ်တလျှောက် သုံးရက်အတွင်း မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ

၂၀၂၂ ခု၊ ဧပြီ၂၄ ရက်နေနဲ့ ၂၅ ရက်တို့မှာ ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ဝင်ရောက်လာလို့ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ။ ( Photo- Thai Army )


[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် ပြည်နယ် ၇ ခုမှာ ဧပြီလ၂၄ ရက်နေ့ က ဧပြီလ၂၆ ရက်နေ့အထိ ၃ ရက်အတွင်း လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီးမိခဲ့ပါတယ်။ အဖမ်းအဆီးတွေရှိနေတဲ့ကြားက ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူတွေ အစုလိုက်အပြုံလိုက် ဆက်တိုက်ဝင်ရောက်နေတဲ့သတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မူတွေ တကျော့ပြန်များလာတဲ့အတွက် ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်အုပ်ချုပ်ရေမှူးတွေကို လုံခြုံရေးအရ ပိုမိုစောင့်ကြည့် စစ်ဆေး ဖို့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ကတည်းက ညွန်ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုအဝေးနဲ့ ဆက်လက်ဖမ်းဆီးခံနေရပါတယ်။ ထိုင်းမြန်မာနယ်စပ် ပြည်နယ် ၇ ခုဖြစ်တဲ့ ကန်ချနဘူရီ၊ ပရာကျွတ်ခီရီကန်၊ ရာချ်ဘူရီ၊ ရနောင်း၊ ချုံဖွန်၊ ချင်းရိုင်နဲ့ တာ့ခ် ပြည်နယ်တွေမှာ ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီးခံရကြောင်း မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“အခု ၂၀၂၂ ခုနှစ် ဧပြီလ ၂၄၊ ၂၅၊ ၂၆- သုံးရက်အတွင်းမှာ အစုလိုက်အပြုံလိုက် လူပွဲစားတွေက တရားမဝင် မြန်မာတွေကို ခေါ်ဆောင်လာတာကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီကန်နဲ့ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းဖြစ်တဲ့ ကမ်ချနဘူရီနဲ့ ရာချ်ဘူရီမှာပေါ့။ ပြည်နယ် ၃ ခုမှာ တရားမဝင် မြန်မာ ၂၁၈ ယောက်နဲ့ လူပွဲစားလမ်းပြ ၃ ယောက် အဖမ်းခံရတယ်။ အဲဒါနဲ့တဆက်တည်းမှာပဲ အဲဒီ ၃ ရက်အတွင်းမှာပဲ ထိုင်းတောင်ပိုင်း ရနောင်းနဲ့ချုံဖွန်ပြည်နယ်ထဲမှာ ၂၆ ဦး အဖမ်းခံရတယ်။ ချင်းရိုင် ပြည်နယ် မယ်ဆိုင်နဲ့မယ်ဖာလွမ်က နေရာသုံးခုမှာတော့ တရားမဝင်မြန်မာ ၁၈၄ ယောက် အဖမ်းခံရ တယ်။ တာ့ခ်ပြည်နယ် ဝမ်ကျောက်မြို့နယ်မှာတော့ တရားမဝင်မြန်မာ ၃၈ ယောက် အဖမ်းခံရတယ်။ ဒီနေ့ ၂၆ ရက်နေ့မှာတော့ တာ့ခ်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်ထဲမှာတော့ ၂၀ ယောက် အဖမ်းခံရတယ်။ စုစုပေါင်း မြန်မာ ၅၁၂ ယောက် အဖမ်းခံရပါတယ်။”

ဧပြီလဆန်းကစပြီး ၂၆ ရက်နေ့အထိ ဖမ်းမိတဲ့မြန်မာတွေကတော့ တထောင်ကျော်သွားပြီလို့လည်း ဦးမိုးကြိုးက ပြောပါတယ်။ သူတို့တွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရဖို့အတွက် ကျပ်ငွေ ၁၇ သိန်း ကျော်နဲ့ညီမျှတဲ့ ဘတ်ငွေ ၃ သောင်းလောက်ထိ လူပွဲစားတွေကို ပေးပြီး လာခဲ့ကြတာလို့လည်း ဆိုပါတယ်။

“သူတို့တွေဟာ ပွဲစားကို ဘတ်ငွေ ၃ သောင်းလောက်ထိပေးပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဘန်ကောက် ပတ်ဝန်းကျင် အလုပ်လုပ်ရမယ်ဆိုပြီးလာခဲ့ကြတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေကဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ မတ်လကတော့ တလအတွင်း တရားမဝင် ဝင်ရောက်တဲ့မြန်မာ ၁,၆၀၀ ကျော် အဖမ်းခံရပါတယ်။ ဇန်နဝါရီလနဲ့ဖေဖေါ်ဝါရီလထဲမှာတော့ အထောက်အထားမဲ့မြန်မာ တသောင်းလောက် အဖမ်းခံရပါတယ်။ အခုအခါမှာတော့ ထိုင်းနိုင်ငံဘက်က လုံခြုံရေးတင်းကြပ်စွာ ချပြီး ဖမ်းဆီးစစ်ဆေး နေတာပါ။ အဖမ်းအဆီးတွေများနေပေမယ့် လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ရှိနေဆဲမို့ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကိုလည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #HumanTrafficking #VOABurmese #ထိုင်းလူကုန်ကူးမှု #အထောက်အထားမဲ့မြန်မာ #ဗွီအိုအေ #ကိုဗစ်

===========


[[Unicode]]









===========