ရုရှားကို မြောက်ကိုရီးယားတပ်တွေ စေလွှတ်နေ

မြောက်ကိုရီးယားစစ်စခန်းတခုကို မြောက်ကိုရီးယားခေါင်းဆောင် လာရောက်ခဲ့ကြောင်း KCNA သတင်းဌာနက ထုတ်ပြန်သည့် မှတ်တမ်းပုံ (အောက်တိုဘာ ၁၇၊ ၂၀၂၄)

ယူကရိန်းစစ်ပွဲမှာ ဝင်တိုက်ဖို့ ရုရှားကို မြောက်ကိုရီးယားက တပ်တွေ ရုရှားကို စေလွှတ်တာဟာ နိုင်ငံတကာ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီရဲ့ သီးခြား ထုတ်ပြန်ချက်မှာလည်း မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ပါဝင်နေပြီး အထူး တပ်ဖွဲ့တွေ အပါအဝင် တပ်ဖွဲ့ဝင် ၁၂,၀၀၀ စေလွှတ်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း တောင်ကိုရီယား Yonhap သတင်းက ဖော်ပြပါတယ်။

ပထမတသုတ် အနေနဲ့ ရုရှားနိုင်ငံ Vladivostok မြို့ကို မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင် ၁,၅၀၀ စေလွှတ်ခဲ့ပြီးပြီလို့လည်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက (satellite) ဂြိုဟ်တုကနေ အသေးစိတ် ရိုက်ယူထားတဲ့ ပုံတွေနဲ့အတူ ဒီကနေ့ ထုတ်ပြန်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယား ခုလို ပါဝင်လာတဲ့ ကိစ္စနဲ့ပတ်သက်လို့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol နဲ့ ထိပ်တန်း ထောက်လှမ်းရေး အရာရှိတွေ၊ စစ်တပ်နဲ့ အမျိုးသားလုံခြုံရေး အရာရှိတွေ ဒီကနေ့ လုံခြုံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားကြား ဆက်ဆံရေးမှာ စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးတဲ့ အဆင့်ထက်ကို ကျော်ပြီး တပ်ဖွဲ့ဝင်တွေ စေလွှတ်တဲ့အထိ ဖြစ်လာတာက တောင်ကိုရီးယား နိုင်ငံအတွက်သာမက နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးရဲ့ လုံခြုံရေးကိုပါ အကြီးအကျယ် ခြိမ်းခြောက်တာ ဖြစ်တယ်ဆိုတာကို ဒီဆွေးနွေးပွဲ တက်ရောက်သူ အားလုံးက လက်ခံကြတယ်လို့လည်း ပြောထားပါတယ်။

မြောက်ကိုရီးယား တပ်ဖွဲ့တွေ ရုရှားကို စေလွှတ်နေတာနဲ့ပတ်သက်လို့ အစောပိုင်း ကနဦး အဆင့်တွေမှာကတည်းက တောင်ကိုရီးယားအနေနဲ့ မဟာမိတ်တွေနဲ့အတူ လက်တွဲပြီး အနီးကပ် စောင့်ကြည့် စုံစမ်းခဲ့တဲ့အကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ ဘယ်ဒေသတွေမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို နေရာ ချထားသလဲ၊ ရှေ့တန်း တိုက်ခိုက်မှုတွေမှာရော မြောက်ကိုရီးယား တပ်ဖွဲ့တွေ ပါဝင်နေသလား ဆိုတဲ့ အချက်အလက်တွေကိုတော့ အသေးစိတ် မပြောထားပါဘူး။

Your browser doesn’t support HTML5

ရုရှားကို မြောက်ကိုရီးယားတပ်တွေ စေလွှတ်နေ