အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာတွေပို့ကြ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

(၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ။

၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော်(၁၀)ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကို မြန်မာနိုင်ငံဆိုင်ရာသံရုံးတချို့က ဂုဏ်ပြု သဝဏ်လွှာတွေ ရေးသားပေးပို့ကြသလို NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နိုင်ငံရေးအင်အားစုတွေက အမျိုးသားနေ့ကို ဂုဏ်ပြုကြ- မြန်မာနိုင်ငံတဝန်း ဖားကန့်အပါအဝင် ဒေသတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့လည်း ချီတက်ဆန္ဒပြကြတာတွေရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂကလည်း ဒီကနေ့ကျရောက်တဲ့ အမျိုးသားနေ့မှာ မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု နဲ့ ခံနိုင်ရည်ရှိမှုတို့ကို ဂုဏ်ပြုအပ်ပါကြောင်းနဲ့ မြန်မာ့သမိုင်းတစ်လျှောက် မိမိတို့ယုံကြည်ရာအတွက် ကြီးမားသည့် စွန့်စားမှုကို ပြုခဲ့သော၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို တွန်းအားပေးဖို့ မြန်မာပြည်သူတွေကို အတူတကွ စုစည်းစေပြီး အခက်အခဲဒုက္ခကြုံချိန်များတွင် ကြံ့ကြံ့ခံနိုင်စွမ်းသော ရဲစွမ်းသတ္တိပြည့်ဝသူများအဖြစ် အမှတ်ရလျက်ရှိပါကြောင်း European Union in Myanmar လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။ အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဒီကနေ့ကျရောက်တဲ့ (၁၀၄)ကြိမ်မြောက် အမျိုးသားနေ့ကို လှိုက်လှဲစွာဦးညွတ်ဂုဏ်ပြုပါကြောင်း ရေးသားဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အမျိုးသားနေ့ဟာ မြန်မာနိုင်ငံတနိုင်ငံလုံး ဖိနှိပ်ခံဘဝကနေ လွတ်မြောက်အောင် ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးစိတ်ဓာတ်နိုးကြားစေခဲ့တဲ့နေ့ဖြစ်တာနဲ့အညီ ရဟန်းရှင်လူကျောင်းသားပြည်သူတွေနဲ့အတူ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးမဟာမိတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းလက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်အောင် ကြိုးစားသွားကြမယ်လို့ (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ကချင်ပြည်နယ် ဖားကန့်မြို့ မှော်လှည့်သပိတ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး "စစ်ကျွန်မခံဘူးငြင်းဆန် အမျိုးသားနေ့အဓိဋ္ဌာန်" ၊ "တော်လှန်ရေးအတွက် အနစ်နာခံ CDM ဘယ်ခါမမေ့ လေးစားဂုဏ်ပြုပါ၏" ၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ၊ စစ်ကျွန်အောက်က လွတ်မြောက်ရေး ဒို့တစ်မျိုးသားလုံးအရေး" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ရဲဘော်များတိုက်ပွဲတိုင်းအောင်နိုင်စေဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုလည်း ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးဘက်မှာလည်း ဒီကနေ့ကျရောက်တဲ့ (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မှာ"စစ်ကျွန်မခံ 'ဘူး' ငြင်းဆန် အမျိုးသားနေ့ အဓိဋ္ဌာန်" ဆောင်ပုဒ် ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ယင်းမာပင်ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ကော်မတီနဲ့ အတူ အောင်လံလွှင့်မည်ရွှေရေကြည် အောင်လံလွှင့်မည်ဒေါင်းသွေးနီ ၊ အားမာန်သစ် ၊ တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် ၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာစတဲ့ သပိတ်အင်အားစုတွေ ကျေးရွာပေါင်းစုံက ပြည်သူတွေပူးပေါင်းပြီး မုံရွာ-ပုသိမ် လမ်းမထက် တွင် စစ်အာဏာရှင်စနစ် ကျဆုံးရေးအား ချီတက်တော်လှန်ခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးကျေးရွာပေါင်းစုံ သပိတ်ကော်မတီကလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကလည်း ဒီကနေ့ ကျရောက်တဲ့ အမျိုးသားနေ့မှာ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တစ်မျိုးသားလုံး ညီညွတ်စို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ ညီနောင်တိုင်းရင်းသားတွေကြား စည်းလုံးညီညွတ်မှုရရှိအောင် တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေး ပုံဖော်သွားမှာဖြစ်တဲ့အတွက် အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးသွားဖို့ အချိန်တန်နေပြီဆိုပြီးလည်း စစ်ကောင်စီသတင်းပြန်ကြားရေးဘက်က ထုတ်ပြန်ထားပါတယ်။