သာမန်မဟုတ်သောအခြေအနေလို့ ကာ/လုံအစည်းအဝေး ရည်ညွှန်းသုံးစွဲ

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ် (ဇန်နဝါရီ ၃၁၊ ၂၀၂၃)

(zawgyi/unicode)

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး မြန်မာနိုင်ငံလက်ရှိအခြေအနေဟာ သာမန်မဟုတ်သောအခြေအနေတွင် ရှိနေတယ်လို့ သုံးသပ်ဆုံးဖြတ်ခဲ့ကြပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ ဒီအစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူလွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် စတဲ့ ကာ/လုံ အဖွဲ့ဝင်တွေအပြင် အထူးဖိတ်ကြားထားသူအဖြစ် စစ်ကောင်စီ အတွင်းရေးမှုးနဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေနေချုပ်တို့လည်း တတ်ရောက်ပါတယ်။ ဒုသမ္မတ ဦးဗန်ထီးယူက ကျန်းမာရေးအရ ခွင့်တိုင်ကြားတယ်လို့ စစ်ကောင်စီသတင်းမှာထုတ်ပြန်ပါတယ်။ အစည်းအဝေးအတွင်း ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုတွေနဲ့ ဖြေရှင်းပေးခြင်းမရှိတဲ့အခြေအနေတွေ၊ မဲစာရင်း စစ်ဆေးတွေ့ရှိမှုအခြေအနေတွေ၊ စစ်ကောင်စီရဲ့ လုပ်ဆောင်ခဲ့တာတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအပြင် ပြည်တွင်းမငြိမ်မသက်ဆူပူမှုတွေကို စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တင်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အဲဒီအပေါ် တတ်ရောက်လာသူတွေက သုံးသပ်ဆွေးနွေးပြီး၊ လက်ရှိ မြန်မာနိုင်ငံဟာ သာမန်မဟုတ်သောအခြေအနေတွင်ရှိနေဆဲဆိုပြီး စစ်ကောင်စီထုတ်ပြန်ချက်မှာ ရည်ညွှန်းသုံးစွဲသွားပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်မှာ တနှစ်ပြီးတဲ့နောက် ၆လစီ နောက်ထပ်နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိတယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအရ အခု ဒီကနေ့မှာ စစ်ကောင်စီအုပ်ချုပ်ရေး သက်တမ်းကုန်မှာပါ။ လိုအပ်တဲ့ထုတ်ပြန်ကြေညာချက်ကို မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

သာမန်မဟုတ်သောအခြေအနေလို့ ကာ/လုံအစည်းအဝေး ရည်ညွှန်းသုံးစွဲ

(unicode)
