New York မြို့တော်ဝန်စွဲချက်တင်ခံရ

အမေရိကန်ပြည်ထောင်စု New York မြို့ မြို့တော်ဝန် Eric Adams

အမေရိကန်ပြည်ထောင်စု New York မြို့ မြို့တော်ဝန် Eric Adams ကို ပြစ်မှု မြောက် မမြောက်စုံစမ်းတဲ့ ဖယ်ဒရယ် ဂျူရီအဖွဲ့က စွဲချက်တင်လိုက်ပြီလို့ ဒီအကြောင်း သိရှိသူတွေက ပြောပါတယ်။

စွဲချက်တွေကို ဒီနေ့ တရားရုံးတော်ကို တင်သွင်းတော့မှ အမှုအသေးစိတ်ကို သိရမှာဖြစ်ပေမဲ့ ဖယ်ဒရယ်အစိုးရ ပြစ်မှုတွေနဲ့ တရားစွဲလိုက်တာဖြစ်တယ်လို့ အမေရိကန်သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး မြို့တော်ဝန် Eric Adams ရဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို FBI ကရှာဖွေ စစ်ဆေးခဲ့တာပါ။ အဲဒီနောက်ပိုင်း မြို့တော်ရုံးမှာ အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ခံခဲ့ရသလို၊ ထိပ်တန်းတာဝန်ရှိသူတချို့လည်း ရာထူးကနေ နှုတ်ထွက်ခဲ့ကြပါတယ်။ မြို့တော်ဝန်အနေနဲ့ ဖယ်ဒရယ်ရာဇဝတ်မှု ၄ ခုထက်မနည်း ကျူးလွန်ခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးခံနေရပြီး အခုတော့ တရားဝင် စွဲချက်တင်ခံရတာဖြစ်ပါတယ်။

သူ့အပေါ် စွဲချက်တင်လိုက်ပြီဆိုတာကို သိပုံရခဲ့ပြီးနောက် မြို့တော်ဝန်က Video မိန့်ခွန်းထုတ်ပြန်ခဲ့တာမှာ သူ့အနေနဲ့ အပြစ်မရှိကြောင်းနဲ့ တကယ်လို့ တရားစွဲခံရရင် အစွမ်းကုန် ချေပသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ New York မြို့တော်ဝန်ရာထူးကနေလည်း နှုတ်ထွက်မှာ မဟုတ်ဘူးလို့ မြို့တော်ဝန် နေအိမ်မှာ ရိုက်ကူးထားတဲ့ Video မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

New York မြို့သူ မြို့သားတွေ ရွေးချယ်တင်မြှောက်တဲ့ မြို့တော်ဝန်တယောက်အနေနဲ့ မြို့တိုးတက်ရေးကို သူ ဆက်ပြီး ဦးဆောင်လုပ်သွားမယ်လို့ ထပ်မံကတိပြုခဲ့ပါတယ်။ အများလက်ခံယုံကြည်မှုကို ထိခိုက်အောင် လိမ်ညာပြောဆိုမှုတွေနဲ့ သူ့အပေါ် စွဲချက်တင်မယ်ဆိုရင်လည်း သူ့အနေနဲ့ အံဩမှာ မဟုတ်ဘူးလို့ ဒီမိုကရက်တဦးဖြစ်တဲ့ မြို့တော်ဝန် Eric Adams က ပြောကြားခဲ့ပါတယ်။

New York မြို့ ခေတ်သစ်သမိုင်းမှာ လက်ရှိတာဝန်ထမ်းနေတဲ့ မြို့တော်ဝန်တယောက်အနေနဲ့ ဖယ်ဒရယ်အစိုးရရဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရတဲ့ ပထမဆုံး မြို့တော်ဝန်ဖြစ်ပါတယ်။ သူဟာ New York မြို့ရဲ့ ၁၁၁ ယောက်မြောက် မြို့တော်ဝန်ဖြစ်ပါတယ်။

Your browser doesn’t support HTML5

New York မြို့တော်ဝန်စွဲချက်တင်ခံရ